Tuesday, August 13, 2013

မျဉ်းပြိုင်နှစ်ကြောင်း၏ ဆုံမှတ်


 
        မောင့်ကိုစွန့်ခွာဖို့ ကျွန်မ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ မောင် မပါဝင်ပဲ ခရီးလမ်း တစ်ခုကို မသွားတတ်သလောက် ဖြစ်နေမိတယ်။ ဆုံးဖြတ်ချက် တစ်စုံတစ်ခုချဖို့ ကြိုးစားတိုင်း မောင့်ကို တိုင်ပင်တတ်တာလည်း ကျွန်မရဲ့အကျင့်ဖြစ်နေခဲ့ပြီ။ မောင်ပြောသမျှစကားလုံးတိုင်းကို ခေါင်းညိတ်ထောက် ခံဖို့၊ ဆုံးမတာမှန်သမျှကို လိုက်လံပြုပြင်ဖို့ ကျွန်မ အဆင်သင့်ဖြစ်နေခဲ့မိ တယ်။

        သိပ်ချစ်တဲ့ ချစ်သူတစ်ယောက်ကို ကျောခိုင်းသွားဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမယ့် မောင့်ကို ကျွန်မပိုင်ဆိုင်ဖို့လည်း မျှော် လင့်မထားပြန် ဘူး။ ဒါဆိုရင် ကျွန်မဘာကြောင့် မောင့်ကိုချစ်ရသလဲလို့ မေး ကြတယ်။ ကျွန်မအတွက်တော့ အဖြေကအဆင်သင့်ပါ။

        လူတစ်ယောက်ကို လက်ထပ်ခွင့် မရှိတာနဲ့ မချစ်ရတော့ဘူးလား။ လက်လွှတ်ဆုံးရှုံးရမယ်ဆိုတာကို သိပေမယ့် အရှုံးကိုပဲ မက်မောစွာ ကျွန်မ ဖက်တွယ်ခဲ့တယ်။ ချစ်ခြင်းနဲ့ လက်ထပ်ခြင်းကို သီးခြားစီ ကျွန်မ မြင်တတ်ခဲ့ပါတယ်။ ပုထုဇဉ်လူသားတစ်ယောက်မို့ ကိုယ်ချစ်တဲ့သူကို လက်ထပ်ခွင့်တော့ ရချင်မိ တာပေါ့။ ဒါပေမယ့် မသေချာတဲ့ မျှော်လင့်ချက်တစ်ခုကို ကျွန်မ စောင့်ဆိုင်းမနေချင်ဘူး။

         မောင့်ကိုမချစ်ဖို့ ကျွန်မဦးနှောက်ကဆုံးဖြတ်ခဲ့ပေမယ့် ဒီအဆုံးအဖြတ်ကို နှလုံးသားက လက်မခံခဲ့ ဘူး။ နှလုံးသားနဲ့  ဦးနှောက်လွန်ဆွဲအားပြိုင်မှုမှာ ကျွန်မ နှလုံးသားအလိုကို ဆင်ခြင်မှုကင်းမဲ့စွာနဲ့ မျက်စိ မှိတ်လိုက်နာခဲ့မိတယ်။ မို့မို့လွင်ဆိုတဲ့ မိန်းမတစ်ယောက်ဟာ မိုးမြင့်ကျော်လို့ခေါ်တဲ့မောင့်ကို ရူးမိုက်စွာနဲ့ ချစ်ခဲ့မိတယ်။

         မောင့်ကို အတန်းထဲမှာတွေ့နေရပေမယ့် အမှတ်ထင်ထင် သတိထားခဲ့မိခြင်း မရှိခဲ့ပါဘူး။ ကျွန်မ ဘ၀ထဲကို မောင် စတင်ဝင်ရောက်လာတာကတော့ ကျွန်မတို့ ရူပဗေဒအသင်းရဲ့ အာစရိယပူဇော်ပွဲနေ့ ကပေါ့။ ကျောင်းသူကျောင်းသားတွေစုံချိန်လောက်မှ ကျွန်မရောက်လာတာမို့ နောက်ဖက်မှာပဲ ၀င်ထိုင် လိုက်မိတယ်။ ဆရာတွေရဲ့သြ၀ါဒစကားတွေကို နားထောင်ပြီး၊ ဆရာ ဆရာမတို့ ကို ပူဇော်ကန်တော့ခြင်း အစီအစဉ်အပြီးမှာ ထူးခြားမှုကို ကျွန်မ သတိထားလိုက်မိတယ်။ ကျွန်မကို အံ့သြသလိုစိုက်ကြည့်နေတဲ့ သူ့ ကို တွေ့လိုက်ရတာကြောင့်ပဲ။ စင်မြင့်ပေါ်မှကျောင်းသူကျောင်းသားတွေရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ စနေပြီ။ အဲဒီအချိန်မှာပဲ ကျွန်မ အနားကို မောင် ရောက်လာခဲ့တယ်။


         “သူက ဗုဒ္ဓဘာသာ မဟုတ်ဘူးလား။”

         “မဟုတ်ဘူး။ ကျွန်မက ခရစ်ယာန်ပါ။”

         “ဒါကြောင့်မို့ စောစောက သူများတွေ ကန်တော့နေချိန်မှာ သူ ခေါင်းငုံ့ပြီး ထိုင်နေတာကိုး”

         “ကျွန်တော့နာမည် မိုးမြင့်ကျော်ပါ။ ကျွန်တော်တို့ အတန်းတူတူပဲနော်၊ သူ့နာမည်ရော”

         “မို့မို့လွင်ပါ”

       ကျွန်မစကားအဆုံးမှာ ပြောစရာစကားမရှိတော့သလို သူငြိမ်သွားတယ်။ နောက်တော့ သူကပဲ စတင်နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့တယ်။ ကျွန်မတို့ကတော့ သူ ပြန်သွားပြီး အတော်ကြာမှ ပြန်ဖြစ်ခဲ့တယ်။ အဲဒီအချိန်ထိ သူ့ကို သာမန်သိရုံထက် မပိုခဲ့ဘူး။ နောက်နှစ်ရက်အကြာမှာတော့ ကျွန်မသူငယ်ချင်း ယဉ်ယဉ်ညိုက ကျွန်မကို စာအိတ်တစ်လုံးလာပေးတယ်။ ဖွင့်ကြည့်လိုက်တဲ့အခါ ကျွန်မကို အဝေးက ဆွဲရိုက်ထားမှန်း သိသာစေသော ပုံအတော်များများကို တွေ့ရတယ်။ မုန့်စား နေတဲ့ပုံ၊ စကားပြောနေပုံ၊ ရယ်နေပုံ၊ ဆံပင်ရှည်တွေကို သပ်တင်နေပုံစတဲ့ပုံတွေကို ဆယ်ပုံထက်မနည်း တွေ့ရတယ်။ ဒီပုံတွေကို ဘယ်သူရိုက်ထားပါလိမ့်။ ကျွန်မကို ရိုက်ထားမှန်း တစ်ပုံမှ ကျွန်မ မသိဘူး။ သူငယ်ချင်းယဉ်ယဉ်ညို ကို မေးကြည့် တဲ့အခါ

        “အဲဒါ မို့မို့အတွက် ကိုမိုးမြင့်ကျော်ပေးလိုက်တာ။ အားလုံး သူရိုက်ထားတာပဲ။ မို့မို့ကို သူ စိတ်ဝင် စားနေတာကြာပြီတဲ့။ သူ့အဖေ က ကုမ္ပဏီပိုင်ရှင်။ သူ့အမေက ရွှေဆိုင်ဖွင့်ထားတယ်။ တစ်ဦးတည်းသော သူဌေးသား၊ အရမ်းကိုရိုးအေးတယ်။ ရည်းစား တစ်ယောက်မှ မထားဖူးသေးဘူး။ ကဲ ဘာသိချင်သေးလဲ။”

       “ဟာ ညိုကလည်း ဘာတွေလျှောက်ပြောနေတာလဲ။ ငါကဖြင့် သူ့ကို တစ်ခါပဲ စကားပြောဖူးသေးတာ”

        “ဒါကတော့ ရှင့်ဘက်ကလေ၊ ဟိုဘက်ကတော့ သေချာနေပြီ”

        ထိုနေ့က သူနဲ့ပတ်သက်ပြီး ညိုနဲ့စကားငြင်းခုန်ရင်း အချိန်ကုန်ခဲ့တယ်။ သူနဲ့တွေ့တော့ ဘာမှမဖြစ် သလို သူ့ဟန်ကြောင့် ကျွန်မ အနည်းငယ် စိတ်အေးသွားမိတယ်။ မရိုးသားတဲ့စကား တစ်ခွန်းမှမပြောပေ မယ့် သူ့ရဲ့မျက်ဝန်းအကြည့်တွေကတော့ သူရဲ့မရိုးသားမှု ကို ဖော်ပြနေတယ်။ နောက်ပိုင်းမှာ သူဟာ ကျွန်မတို့သူငယ်ချင်းတွေကြားမှာတင် အချိန်ကုန်ခဲ့တယ်။ ကျွန်မကိုလည်း အရိပ်တကြည့်ကြည့်နဲ့ အားလုံး ကသတိထားမိလောက်အောင် ဂရုစိုက်ခဲ့တယ်။ ကျွန်မရဲ့သူငယ်ချင်းတွေ အားလုံးကလည်း ကျွန်မတို့ကို အတွဲတစ်တွဲအဖြစ် စနောက်နေကြပြီ။

         အဲဒီအချိန်မှာ ကျွန်မရဲ့ သူ့အပေါ်ခင်တွယ်မှုကို ဆင်ခြင်ဖို့သင့်ပြီလို့ တွေးမိတယ်။ ကျွန်မတို့ အခြေအနေက ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ သူငယ်ချင်းဘ၀ ခင်မင်မှုကို ဘယ်သူမှတားဆီးကြမှာ မဟုတ်ပေမယ့် ရာသက်ပန်ဘ၀လက်တွဲဖော်အဖြစ် ရည်ရွယ်မယ်ဆိုရင်တော့ မိဘအသိုင်းအ၀န်းကို ထည့်ပြီး မစဉ်းစားလို့ ဘယ်ဖြစ်မလဲ။ ကျွန်မ သူ့ကိုရှောင်ဖို့ ကြိုးစားခဲ့တယ်။

         ကျွန်မ ကျောင်းမတက်ဘဲနေရင် စိုးရိမ်တကြီးဖုန်းဆက်ပြီးမေးတတ်တဲ့ သူရဲ့ ကရုဏာလွှမ်းနေတဲ့ အသံ၊ ကျောင်းမှာတွေ့ရဲ့နဲ့ မခေါ်ပဲနေရင် နေမကောင်းလို့လားရယ်လို့ စိုးရိမ်တကြီးမေးတတ်တဲ့ သူရဲ့ စကားသံတွေအောက်မှာ ကျွန်မရဲ့ ကြိုးစားချက်တွေ အရည်ပျော်တော့မယ်။ သူ ဖွင့်ပြောလာမှာ ကို ကြောက်နေမိတယ်။ အဆိုးရွားဆုံးကတော့ ကျွန်မ သူ့ကိုရှောင်နေမှန်း ကျွန်မရဲ့သူငယ်ချင်းညိုကို သူ အတင်းမေးလို့ သိသွားခြင်းပါပဲ။ နောက် နေ့မှာပဲ ကျွန်မနဲ့ နှစ်ယောက်ထဲတွေ့ခွင့်ရအောင် သူ ကြိုးစားခဲ့တယ်။ နောက်ပြီး ကျွန်မ အကြောက်ဆုံးသောစကားကို ဖွင့်ပြောလာခဲ့တယ်။ သူ့ကို စိတ်ချမ်းသာစေချင်ပေမယ့် ပြန်ချစ်ဖို့မဖြစ်နိုင်တာကို သူသိအောင် ပြောပြဖို့ ကျွန်မ အားမွေးရတော့မယ်။

        “မို့၊ မို့ကို မောင်ချစ်တယ်။ နောက်ပြီး လက်ထပ်ချင်တယ်။”

         မောင်လို့  သူ့ကိုယ်သူပြောနေသူကိုကြည့်ပြီး ကျွန်မ ဘာပြောရမှန်းမသိဘူး။ ရင်ခုန်သံတို့ကို ဥပေက္ခာပြုရင်း မပြောထွက်တဲ့စကားတို့ကို တစ်လုံးချင်း ပြောရတော့မယ်။

         “မဖြစ်နိုင်ပါဘူး ကိုမိုးမြင့်ကျော်ရယ်။ မို့တို့ရဲ့အခြေအနေတွေကို ကိုမိုးမြင့်ကျော်လည်းသိသားပဲ။ ဆက်စပ်လို့မရနိုင်တဲ့ ဘာသာမတူခြင်း ဆိုတဲ့ ခြားနားခြင်းအလွှာခြားထားတယ်လေ။ ဒါကိုသိရက်နဲ့ရှေ့ ဆက်တိုးရင် နှစ်ယောက်စလုံးပဲ စိတ်ညစ်ရမှာပေါ့။”

        “မဟုတ်ပါဘူး မို့။ ဒါတွေဟာ ကိုယ်တို့အချင်းချင်း နားလည်မှု ရှိရင် ညှိယူလို့ရတဲ့ အရာတွေပဲ။”

        “ပြုပြင်ညှိနှိုင်းယူရတယ်ဆိုကတည်းက နဂိုအကောင်းအတိုင်း ဘယ်ဖြစ်နိုင်ပါတော့မလဲ။ တစ်နေ့နေ့ မှာ အဲဒီညှိနှိုင်းမှု ဟာ ပြဿနာတွေဖြစ် လာနိုင်တယ်လေ။ နောက်ပြီး တစ်ခုခုကို လိုချင်ရင် တစ်ခုခုကို စွန့်ရမယ်။ မို့ကိုယ်တိုင်လည်း မို့မိဘအသိုင်း အ၀ိုင်းကို မစွန့်ရက် မစွန့်ဝံ့သလို ကိုမိုးမြင့်ကျော်ကိုလည်း စွန့်ပစ်ပါလို့ မတိုက်တွန်းချင်ဘူး။ မို့ အတ္တမကြီးချင်ပါဘူး။ တရားမျှတတာကိုပဲ လိုချင်ပါတယ်။”

         “မို့ရယ်”

        သူ ဘာမှထပ်မပြောတော့ပဲ ကျွန်မလက်ကို ဆုပ်ကိုင်လာတယ်။ ကျွန်မကို စိုက်ကြည့်နေတဲ့ သူ့ မျက်ဝန်းထဲမှာ မျက်ရည်ကြည်တစ်ချို့ကိုတွေ့ ရ တယ်။ သူ့မျက်ဝန်းအကြည့်နဲ့အဆုံမှာပဲ ကျွန်မရင်ထဲက သံယောဇဉ်စကားတစ်ခွန်းမိုက်မဲစွာပဲ ပွင့်ထွက်သွားခဲ့တယ်။

        “အားလုံးထဲမှာ သံယောဇဉ်အရှိဆုံးလို့သာ မှတ်ယူထားလိုက်ပါမောင်”

        ကျွန်မ စကားအဆုံးမှာပဲ မျက်နှာကို လက်ဝါးနဲ့အုပ်ပြီး ငိုရှိုက်လိုက်တော့တယ်။ ကျွန်မရဲ့ ဆံပင်တွေ ကို နှစ်သိမ့်သလို သပ်တင်ပေးနေတဲ့ သူ့ရဲ့ လက်အစုံတုန်ယင်နေတာကိုလည်း ကျွန်မ သိနေပြန်တယ်။ တချိန်ထဲမှာပဲ သူ့ကိုဘယ်လောက်ချစ်မိသွားပြီ လဲဆိုတာ ကိုယ့်ဘာသာကိုယ်မှန်းလို့ ရလိုက်တယ်။ မရည် ရွယ်ပဲ တစ်ယောက်ရင်ထဲကအချစ်ကို တစ်ယောက် မြင်တွေ့သွားခဲ့ပြီ။

        ကျွန်မ မောင့်ကိုတစ်ကြိမ်တစ်ခါမှ မချစ်ဖူးသေးတဲ့အချစ်နဲ့ မြတ်မြတ်နိုးနိုးချစ်သွားမိပြီ။ နောက်ပိုင်းမှာ ကျွန်မတို့ဟာ အရင်က ထက်ပိုပြီး တစ်ဦးကိုတစ်ဦးနားလည်ခဲ့ကြသလို သံယောဇဉ်ပိုတွယ်လာမိ တယ်။ မောင့်ကို အရင်လို သူငယ်ချင်းတွေအဖြစ် ပြန်နေကြ ရအောင်လို့ ပြောခဲ့ပေမယ့် မနေဖြစ်ခဲ့ပါဘူး။ မနက်ကျောင်းသွားရင် ကျွန်မကို ၀င်ခေါ်ပြီးမှသွားတတ်သလို ညနေကျောင်းဆင်းရင်လည်း သွားချင်တာ လိုက်ပို့ပြီးမှ အိမ်ပြန်စမြဲပါပဲ။ တနင်္ဂနွေနေ့ညနေ ကျွန်မဘုရားကျောင်းတက်တဲ့အခါ လိုက်ပါရစေလို့ဆို ပြီး မောင် လိုက်လာလေ့ရှိတယ်။ ကျွန်မအနားမှာထိုင်ပြီး ကျွန်မဆုတောင်းသလို လိုက်ဆုတောင်းတတ် တယ်။ သူ့ မွေးနေ့တွေ၊ နေ့ကြီးရက်ကြီးတွေ ဆိုရင် လည်း မောင်က ကျွန်မကိုပါဘုရားခေါ်သွားတတ်တယ်။

       သူ့ မွေးနေ့ကြာသပတေးထောင့်မှာ မောင်ဘုရားရှိခိုးတော့ အနားမှာထိုင်ပြီး စောင့်ပေးနေမိတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မ စဉ်းစားမိတယ်။ မောင့်အနားမှာ ကျွန်မ မဟုတ်ပဲ မောင်နဲ့အတူယှဉ်တွဲပြီး ဘုရားရှိခိုးနေတဲ့ မိန်းကလေးတစ်ယောက်ကို မြင်ယောင်ကြည့်တယ်။ ဒါဆိုရင် သိပ်ကိုလိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲဖြစ်သွားမှာပါ။ ဘုရား သွားကျောင်းတက်ဆိုတဲ့စကား အဓိပ္ပါယ်ပြည့်စုံသွား မှာပေါ့။ မောင်လည်း ကြည်နူးပီတိဖြစ်ရမှာပေါ့။ ကျွန်မနဲ့သာဆိုရင် ဒီလိုကြည်နူးစရာအကြောင်း ဖြစ်လာနိုင်စရာမရှိဘူး။

       မောင်နှမ၅ယောက်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ကျွန်မဟာ မိသားစုအတွက် စံပြဖြစ်ရမယ်လေ။ ဒီစိတ် ဓါတ်ကို ကျွန်မစွဲမြဲစွာ လက်ခံထားတယ်။ ကျွန်မရဲ့ မိဘအသိုင်းအ၀ိုင်းကို စွန့်ပစ်ဖို့ ကျွန်မ သတ္တိမရှိခဲ့ဘူး။ အလားတူပဲ မောင့်ကိုလည်း သားမိုက် မဖြစ်စေချင်ဘူး။ ဘာသာရေးကိုင်းရှိုင်းတဲ့ မောင့်မိဘတွေအကြောင်း ကိုလည်း ကျွန်မသိခဲ့တယ်။ ဒီတော့ ကျွန်မတို့ မှာ ရွေးချယ်စရာ လမ်းတစ်လမ်းပဲ ရှိတယ်။ မောင်နဲ့ ချစ်နေ ရက်နဲ့ ကျွန်မ မောင့်ကိုစွန့်ခွာဖို့ ကြိုးစားခဲ့ဖူးတယ်။ မအောင်မြင်ခဲ့ဘူး။ အဲဒီလို တစ်ကြိမ်တစ်ခါ ကြိုးစား လိုက်တိုင်း ကျွန်မ မောင့်အပေါ် ထင်ထားတာထက် ပိုချစ်မှန်းသိလာရတယ်။ ကျွန်မ နာကျင်ထိခိုက်ခံစား ရတယ်။

         ကျွန်မတို့ဘ၀ကို စတင် အလှည့်အပြောင်းဖြစ်လာစေတာကတော့ မောင့်ကို သူ့အိမ်က လက်ထပ်ဖို့ စီစဉ်ခြင်းပါပဲ။ မောင်လက်မခံပဲ အကြိမ်ကြိမ်ငြင်း နေတဲ့ကြားထဲက မောင်နဲ့ မချိုချိုဦးဆိုတဲ့ အမျိုးသမီး တို့ရဲ့ စေ့စပ်ကြောင်းလမ်းပြီးစီးခြင်းသတင်း သတင်းစာထဲ ပါလာခဲ့တယ်။ သတင်းစာထဲမှာ တွေ့လိုက်ရတဲ့ ခဏမှာ ကျွန်မမျက်စိတို့ ပြာနှမ်းသွားတယ်။ သွေးပူနေချိန်မှာတော့ ကျွန်မကို အသိမပေးပဲ မောင် လုပ်ရက်လေခြင်းလို့ နာကျည်းမိပေမယ့် တကယ်တမ်း ခေါင်းအေးအေးနဲ့ ပြန်တွေးကြည့်တဲ့အခါ ဒါဟာ အဖြစ်သင့်ဆုံးလို့ နားလည်လာမိတယ်။

        အဲဒီနေ့ရဲ့ညနေမှာပဲ သတင်းစာကိုင်ရင်း မောင် အပြေးအလွှားရောက်လာတယ်။ မနက်ထဲက သူငယ်ချင်းတွေနဲ့ ပဲခူးသွားနေ တာမို့ အခုပြန်လာမှ သူများပြောပြလို့သိရတာတဲ့။ ဒီကိစ္စ သူ့ဆန္ဒမပါဘူးလို့ ရှင်းပြတယ်။ မောင့်မျက်နှာဟာ မကြာခင်မှာ မိုးရွာချတော့မယ့် ကောင်းကင်လို ညိုမှိုင်းနေတယ်။

        မောင့်စကားကို ကျွန်မ ယုံကြည်ပါတယ်လေ။ အမြဲတမ်းယုံကြည်နေကျ၊ မောင်ဆုံးမတာ မှန်သမျှ ကျေနပ်စွာ ခံယူနေကြပဲ မဟုတ်လား။ မောင်က ကျွန်မကို ဘယ်နည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူး။ သူ့နောက်ကို လိုက်ခဲ့ပါတော့တဲ့။ ကျွန်မ ဘာပြောရမှန်းမသိ တွေဝေသွားမိတယ်။ ယောင်ယမ်းပြီး မောင့် စကားကို လက်ခံမိတော့မလို့ပဲ။ ဒါပေမယ့် ဒီအချိန်မှာ မောင် သိပ်သွေးပူနေတယ်။ ဘာပြောပြော အလွယ် တကူ လက်ခံမဲ့ပုံစံမရှိဘူး။ မနက်ဖြန်ညနေ ဆုံနေကျ အင်းလျားကန်စောင်းက တံတားဖြူမှတ်တိုင် မှာ စောင့်နေပါလို့ မှာလိုက်တယ်။

       “မောင့်နောက်ကို တစ်ခါထဲလိုက်ဖို့  ပြင်ဆင်လာနော်။ ပြင်ဆင်လာဆိုတာ ရွှေ၊ ငွေပစ္စည်း ယူလာ ဖို့  ပြောတာ မဟုတ်ဘူး။ စိတ်ဓါတ်ကို မောင့်နောက်လိုက်ဖို့  ပြင်ဆင်လာလို့ပြောတာ။ မနက်ဖြန် ညနေလေးနာရီတိတိ မောင် စောင့်နေမယ်။”

        စကားဆုံးတာနဲ့ မောင် လှည့်ထွက်သွားတော့တယ်။ မောင့်ရဲ့စကားသံဟာ ကျွန်မရဲ့ဆုံးဖြတ် ချက်တွေကို ရိုက်ချိုးနေသလိုပဲ။ ဆုံးဖြတ်ချက် တစ်ခုခုကို ကျွန်မ ချရတော့မယ်။

                                       XXXXXXXXXXXXXXXXXXXXXXXXXXXXX

        ညနေခင်းဆည်းဆာအလှဟာ အင်းလျားကန်စောင်းမှာ ထုံးစံအတိုင်း လှပမြဲလှပနေတယ်။ ညနေ သုံးနာရီခွဲမှာ တံတားဖြူ မှတ်တိုင်မှာ ကားအပြာလေးတစ်စီးဆိုက်လာပြီး လူငယ်တစ်ယောက် ဆင်းလာတာ ကို တွေ့ရတယ်။ သူ့ပုံစံက ဟိုကြည့်၊ ဒီကြည့်နဲ့  ဂနာမငြိမ်စွာ သူ့ကို ဟိုအဝေးတစ်နေရာက လူတစ်ဦးစောင့်ကြည့်နေတာကို သူ မသိပေ။ လေးနာရီတိတိမှာ သူ့ကိုစောင့်ကြည့်နေသော သူက တစ်ဖက်လမ်းရှိ ကားဆီကူးလာပြီး သူ့ဆီ မောင်းထွက်လာခဲ့ပါတယ်။ သူ့ရှေ့အရောက်မှာတော့ သူဟာ ဒီကားနံပါတ်ကို မှတ်မိသလို မျက်လုံးတွေ အရောင်ပြောင်းသွားတာကို တွေ့လိုက်ရတယ်။ ကားပေါ်က လူတစ်ဦးဆင်းလာပြီး သူ့ကို စာတစ်စောင်ကမ်းပေး တယ်။ သူတုန်ယင်စွာနဲ့ စာကိုဖွင့်ဖတ်လိုက်တဲ့အခါ မို့မို့လွင်ရဲ့ လှပတဲ့လက်ရေးလေးတွေကို တွေ့လိုက်ရတယ်။


မောင်


အခုစာလာပေးသူဟာ မို့နဲ့ အိမ်ကလက်ထပ်ပေးမဲ့ ကိုရစ်ချတ်ပါ။
သူနဲ့ မို့ မကြာခင်လက်ထပ်ကြတော့မယ်။
မောင်လည်း မချိုချိုဦးကို လက်ထပ် လိုက်ပါ။
မို့နဲ့ မောင်ဟာ တကယ်တော့ မဖြစ်နိုင်မှန်းသိတဲ့ အလုပ်တစ်ခုကို ပြိုင်တူလုပ်ခဲ့ကြတယ်လေ။
ဒီတော့ရလာတဲ့ အကျိုးဆက်ကိုလည်း ရင်ဆိုင်နိုင်ဖို့ အင်အားမွေးရမှာပေါ့။
တကယ်တော့ မို့နဲ့မောင်ဟာ မျဉ်းပြိုင်နှစ်ကြောင်းပါ။
ဘယ်လောက်ပဲ နီးကပ်စွာတည်ရှိနေပါစေ၊ သူတို့နှစ်ခုဟာ အမြဲပြိုင်လျှက်သာ ရှိပါတယ်။
မျဉ်းပြိုင်နှစ်ကြောင်းမှာ ဆုံဆည်းမှတ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလေ။
ဒီလိုပဲ မို့နဲ့မောင်ရဲ့ဘ၀မှာလည်း အတူတကွ ပေါင်းဖက်ဆုံဆည်းဖို့ ကံမပါလာခဲ့ဘူးလို့ပဲ ယူဆလိုက် ပါတော့။
မို့ ဆုတောင်းခဲ့ပါတယ်။
ဖြစ်လေရာဘ၀တိုင်းမှာ မောင်နဲ့ပေါင်းရပါစေလို့ ....
မောင့်ကို သိပ်ချစ်တယ်။


မို့


        စာအဆုံးမှာ သူမျက်ရည်ဝိုင်းလာမိတယ်။ စာလာပေးတဲ့သူက မို့ခရီးထွက်သွားပြီ။ လိုက်မရှာပါနဲ့လို့ မှာခဲ့ပါတယ်တဲ့။ စာရဲံ့  နောက်ဆုံးစာကြောင်းမှာ မောင့်ကို သိပ်ချစ်တယ်ဆိုတဲ့စာကြောင်းကို နီရဲတဲ့သွေး နဲ့ ရေးထားတာကို တွေ့ရတယ်။ မို့ရဲ့အချစ်ကို သူ နားလည်ပြီးသားပါ။

        “မို့ကို ဒီစာအုပ်လေးပေးပေးပါ ကိုရစ်ချက်။ နောက်ပြီး မို့ကိုလည်း စာနာနားလည်စွာနဲ့ တစ်သက် လုံး စောင့်ရှောက်သွားပါနော်။ ကျွန်တော် သွားတော့မယ်။”

       နားမလည်သလိုကြည့်နေတဲ့ ကိုရစ်ချက်ကိုကျောခိုင်းပြီး သူ ထွက်ခဲ့တယ်။ စာအုပ်ကလေးနှင့်အတူ သူ့ရဲ့နှလုံးသားကိုပါ မို့ လက်ထဲအပ်ခဲ့ပါပြီ။ ကြိုက်သလို စီရင်နိုင်ပါတယ်။ သူ ကြေကွဲစွာပဲရေရွတ်လိုက် တယ်။

       “မို့မို့ နင်ဘာတွေလျှောက်လုပ်နေတာလဲ။ ငါ ဘာတစ်ခုမှနားမလည်နိုင်တော့ဘူး။ ရော့ နင့်အတွက် ဒီစာအုပ်လေး သူ ပေးခဲ့တယ်။”

        ကိုရစ်ချက်လက်ထဲမှ သော့ခတ်၍ရသောဒိုင်ယာရီစာအုပ်ကလေးကို လှမ်းယူလိုက်မိတယ်။ ဒီစာအုပ်လေးက မောင့်မွေးနေ့ လက်ဆောင်အဖြစ် ကျွန်မ ၀ယ်ပေးခဲ့တာပါ။ ဒီစာအုပ်ကလေး မှာ သော့နှစ်ချောင်းရှိတယ်။ မောင်နဲ့ကျွန်မ တစ်ယောက်တစ်ချောင်းစီ ခွဲယူထားခဲ့ကြတယ်။ အဲဒီအထဲမှာ ကျွန်မတို့နှစ်ဦးရဲ့ သီးသန့်ခံစားချက်လေးတွေပဲ ရေးထားတာလေ။ ရေးချင်ရင် ယူရေးပြီး ရေးစရာမရှိ ရင် မောင့်ကို ကျွန်မက ပြန်ပေးထားတတ်တယ်။ အခုဒီစာအုပ်က သော့တစ်ချောင်းနဲ့အတူ ကျွန်မရဲ့လက် ထဲရောက်နေပြီ။

        သော့နှစ်ချောင်းကိုပေါင်းရင်း စာအုပ်ကလေးကို နောက်ဆုံးအနေနဲ့ စူးနစ်စွာ အကြာကြီး စိုက် ကြည့်နေမိတယ်။ ကျွန်မရဲ့လက်အမြှောက်မှာပဲ ဒိုင်ယာရီစာအုပ်ကလေးဟာ အင်းလျားရေပြင်မှတဆင့် ရေ ထဲရောက်သွားပြီး မကြာခင်မှာပဲ နစ်မြုပ်သွားတော့တယ်။ ကျွန်မစိတ်တို့ကို တင်းမထားနိုင်တော့ပဲ ငိုကြွေး လိုက်မိပါတယ်။


        ကျွန်မ မောင့်ကို မတွေ့ရဲလို့ မောင့်ကိုတွေ့ရင် ကျွန်မရဲ့ ဆုံးဖြတ်ချက်တွေ ယိုင်လဲသွားမှာစိုး လို့၊ မောင့်ကို နောက်ဆုံးအနေနဲ့ နှုတ်မဆက်ချင်လို့၊ လာမတွေ့ခဲ့တာကို မောင် နားလည်ပေးလိုက် ပါတော့။ သော့ခတ်ထားတဲ့ ဒိုင်ယာရီစာအုပ်ကလေးလိုပဲ ကျွန်မ ရဲ့နှလုံးသားကို သော့ခတ်သိမ်းဆည်းပြီး ဖွင့်လို့ရတဲ့သော့ကို ဖျက်ဆီးလိုက်ပါပြီ။ ဘယ်သော့နဲ့မှ ဖွင့်လို့ ပွင့်နိုင်မှာ မဟုတ်တော့ပါဘူး။

        နားမလည်သလို ငေးကြည့်နေတဲ့ သူငယ်ချင်းရစ်ချက်ကိုလည်း ရှင်းပြနိုင်စွမ်းအား ကျွန်မမှာ မရှိသေး ပါ။ တစ်နေ့နေ့ မှာတော့ သူ ကျွန်မကို နားလည်လာပါလိမ့်မယ်။ မျက်စိအကြည့်က လက်ကောက်ဝတ်မှ ပလာစတာဆီရောက်သွားမိတယ်။ မနေ့က တစ်နေ့လုံး ကျွန်မ ဆောက်တည်ရာမရ ကြေကွဲနေမိ တယ်။ မောင့်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ချက်ချပြီးချိန်မှာ ကျွန်မရဲ့ အသည်းနှလုံးဟာလည်း စာကြည့် စားပွဲအောက်မှာ ထွန်းထားတဲ့ခြင်ဆေးခွေလိုပဲ တမြေ့မြေ့ လောင်ကျွမ်းသွားခဲ့ပြီ။

        မောင့်ဆီကိုစာရေးအပြီး ကတ်ကြေးချွန်ချွန်နဲ့ ကျွန်မရဲ့လက်ကို စိတ်လိုက်မာန်ပါ ထိုးလိုက်ရင်းကျ လာတဲ့ သွေးစက်တွေနဲ့ ‘မောင့်ကိုချစ် တယ်’ လို့ ရူးမိုက်စွာနဲ့ စာအဆုံးမှာ ရေးလိုက်မိတယ်။

        အခုတော့ အရာအားလုံးဟာ ပြီးဆုံးသွားခဲ့ပြီ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ကျွန်မ ဦးစားပေးရွေး ချယ်ခဲ့ပြီ။ ရှေ့ဆက်လျှောက်ရမယ့်လမ်းမှာ နာကျင်အက်ကွဲနေတဲ့ ကျွန်မတို့ရဲ့  နှလုံးသားတွေကို လမ်းခင်း ရင်း၊ မပျက်ပြယ်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေကို ရင်မှာ သိုဝှက်သိမ်းဆည်းထားရင်း၊ မိဘ အသိုင်းအ၀ိုင်းတွေ ရဲ့ ပျော်ရွှင်မှုအတွက် ကိုယ့်ရဲ့ မျက်ရည်တွေကို ပေးဆပ်ရင်း မောင်နှင့် ကျွန်မတို့နှစ်ယောက်ဟာ ဆုံမှတ် မရှိသော မျဉ်းပြိုင်နှစ်ကြောင်းအဖြစ်နဲ့သာ . . . . .။


မေဇူး



၁၉၉၉ ခုနှစ်၊ မေလ၊ အပျိုစင်မဂ္ဂဇင်း
၂၀၁၃ ခုနှစ်၊ သြဂုတ်လ၊ Job Journal Volume No. (38)