Thursday, March 14, 2013

မျှော်လင့်ရင်း.......ဝေး


        ဒီညကောင်းကင်မှာ ကြယ်တွေထွန်းလင်းတောက်ပနေကြတယ်။ ကြယ်တွေရဲ့ကြားမှာမှ ၀င်းပတဲ့လမင်းသာနေတယ်လေ။ ဒီနေ့ လပြည့်ညပေါ့။ ကောင်းကင်ပေါ်က ငွေလမင်းကိုကြည့်ရင်း “၀င့်” တွေးနေမိတယ်။ “၀င့်” ရင်ထဲက ငွေလမင်း ဘယ်ဆီမှာလဲလို့ ပေါ့။

       တစ်ချိန်က၀င့်ရဲ့အနားမှာဝင့်ရဲ့အချစ်ဆုံး “ကို” ရှိနေခဲ့တယ်နော်။ သိပ်ကိုပျော်စရာကောင်းတဲ့နေ့လေးတွေပါပဲ။ အခုလို ကြယ်တွေစုံပြီး လသာတဲ့ညမျိုးမှာ ကိုကဂစ်တာကို ကျွမ်းကျင်စွာတီးခတ်ရင်း ၀င့်ကသီချင်းလေးတွေ သီဆိုရင်း အချိန်တွေကုန်ဆုံးစေခဲ့ တယ်။ လွမ်းဆွတ်စွာနဲ့ တမ်းတမိတာလည်းအကြိမ်ကြိမ်ပါပဲ။ ၀င့်ရဲ့အနားမှာ ၀င့်ကိုသိပ်ချစ်တဲ့ ချစ်သူ “ကို” ရှိနေခဲ့တာကို ငွေလမင်းနဲ့  ကြယ်လေးတွေအသိဆုံးပါ။ အိမ်မက်မဟုတ်ခဲ့ပါဘူး။ ခုတော့ဝင့်တစ်ယောက်ထဲ အထီးကျန်ဆန်စွာနဲ့ ညတွေကို ကျော်ဖြတ်နေရတယ်။

ဆုံမှတ်တို့ဝေးရာ

           ဖေဖော်ဝါရီလ 14 ရက် ချစ်သူများနေ့ Valentine Day အတွက်ထွက်နေသော သီချင်းခွေများ၊ အမှတ်တရ ပို့ စ်ကတ်လှလှလေး များ၊ လက်ဆောင်ပေးချင်စဖွယ်ဖြစ်အောင် အဆင်သင့်ထုတ်ပိုးပြင်ဆင်ထားသောအရုပ်များ၊ ချောကလက်များကို ရောင်း ချသောဆိုင်တွေကို နေရာအနှံ့ အပြားမှာ တွေ့ လာရတော့ ခုနောက်ပိုင်းလူငယ်တွေက ချစ်သူများနေ့  Valentine Day ကို အရင်ကထက်ပိုပြီး ခံစားရူးသွပ်လာကြတာပဲဟု တွေးမိပြန်သည်။ သူမအတွက်တော့ ဖေဖော်ဝါရီလ (14) ရက်နေ့  သည် ပြက္ခဒိန်ပေါ် မှ ရက်စွဲတစ်ခုရယ်သာ ……………

           အဲဒီလို အတွေးမျိုးတွေးမိတော့ ငယ်ငယ်ရွယ်ရွယ်လူငယ်တစ်ယောက်လည်း မဟုတ်ပါပဲနှင့် သူမနှင့် ဆန့် ကျင်စွာ Valentine Day ကို တန်ဖိုးထားသော၊ ချစ်သူများနေ့ ကို နူးညံ့ရင်ခုန်စွာဖြတ်ကျော် ကျင်းပချင်သော တစ်စုံတစ်ယောက်ကို ဖြတ်ကနဲ သတိ ရမိပြန်သည်။ ဖေဖော်ဝါရီလ (14) ရက်နေ့ ကို ပြက္ခဒိန်ပေါ်မှ ရက်စွဲတစ်ခုလို့ သာ သဘောထားလိုက်မိသော သူမအတွက်နှစ် စဉ် Valentine နေ့ တိုင်း သတိရမိနေမှာဖြစ်သောကိစ္စတစ်ခုကတော့ ဘ၀အတွက်ဖြစ်တည်ခဲ့လေပြီ။

        “တခါတရံ တိုက်ဆိုင်မှုတွေရှိလာတော့လည်း အမှတ်တမဲ့ မင်းကိုလွမ်းပါတယ်။ အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့လွယ် ကူစွာနဲ့ ငါ မေ့မရဘူးကွယ်။ တွေးရင်မှတ်မိအုံးမယ် ထင်ပါတယ်။” ဆိုတဲ့ လေးဖြူရဲ့သီချင်းထဲကစာသားလိုပါပဲ။ တိုက်ဆိုင်တိုင်း မှာတော့ သူ့ ကို သတိရမိနေမိခဲ့ပါသည်။ အထူးသဖြင့် သူမရဲ့အဖွဲ့ နဲ့ ခရီးတွေထွက်တိုင်းမှာပေါ့။ ပြန်တွေးကြည့်တော့ ဘာလို လိုနှင့် တစ်နှစ်နီးပါးပင် ကြာမြင့်ခဲ့လေပြီ။

                             x           x           x           x           x           x           x

Monday, March 11, 2013

စိတ်ကူးအိမ်






  ဖူးငုံ အင်ဂျင်နီယာတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အိမ်လေးတစ်လုံးကို ဖူးငုံ စိတ်ကူးနဲ့  တည်ဆောက်နေမိတယ်။ အေးချမ်းတိတ်ဆိတ်တဲ့ ခြံဝင်းလေးတစ်ခုထဲမှာ အိမ်ကလေးတစ်လုံး ပါမယ်။ အိမ်ရှေ့မြေကွက်လပ်မှာ ဖူးငုံရဲ့အစွမ်းအစနဲ့  စိုက်ပျိုးထားတဲ့ နှင်းဆီပန်းခင်းလေး ရှိနေမယ်။ အိမ်ဘေးဘက်အိပ်ခန်းရဲ့ ခေါင်းရင်းမှာ ရနံ့ မွှေးကြိုင်စွာနဲ့  ပွင့်တတ်တဲ့ စံပယ်ပန်းရုံကလေး ရှိမယ်။ ညဘက် ပြတင်းပေါက်ဖွင့်လိုက်ရင် တိုးဝင်လာတဲ့ လေပြည်ညှင်းနဲ့ အတူ လတ်ဆတ်တဲ့ စံပယ်ပန်းရနံ့ လေးတွေ ရောပါလာလိမ့်မယ်။


 နောက်ပြီး လသာတဲ့ညမျိုးမှာ အပြင်ထွက်ထိုင်ပြီး လရောင်ကို ခံစားနိုင်ဖို့  ကွပ်ပျစ်လေးတစ်လုံးကလည်း ရှိနေရမယ်။ ဖူးငုံက လသာတဲ့ညမှာ လမင်းကြီးကို မော့ကြည့်ရတဲ့ အရသာကို သိပ်ကြိုက်တယ်လေ။ အိမ်ရယ်၊ အိမ်ရဲ့ ပတ်ဝန်းကျင်မှာ ရှိရမဲ့အရာတွေရယ် ပြီးရင် မရှိမဖြစ် လိုအပ်တာကတော့ ဒီအိမ်ကလေးကို ဦးစီးမဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ပေါ့။

   သူက ဖူးငုံ သိပ်ချစ်ရမဲ့သူ၊ မြတ်မြတ်နိုးနိုးနဲ့  ‘မောင်’လို့  တမ်းတမ်းတတ ခေါ်ရမဲ့သူပေါ့။ သူကလည်း ဖူးငုံကို သိပ်ချစ်ပြီး အလိုလိုက် သူတစ်ယောက် ဖြစ်ရမယ်လေ။ မနက်မိုးလင်းရင် ဖူးငုံက အစောကြီးထပြီး ထမင်းချက်မယ်။ မနက်စာအတွက် စီစဉ်မယ်။ ဖူးငုံ ချက်ပြုတ်ပြီး လို့ မှ မောင်က အိပ်ရာမထသေးဘူးဆိုရင် ဆက်အိပ်လို့  မရအောင် နှောင့်ယှက်ပြီး နှိုးရမယ်။ ဥပမာ - ယားအောင် ကလိထိုးပြီး နှိုးတာမျိုးပေါ့။ မနက်စာကို နှစ်ယောက်အတူ စားပြီးရင် မောင် ရုံးသွားဖို့  ပြင်ဆင်ပေးမယ်။

    သူ ရုံးသွားနေချိန်မှာ အိမ်မှုကိစ္စ အစုံအလင်လုပ်ပြီး ရေချိုး၊ အ၀တ်လျှော်မယ်။ အားလပ်ပြီဆိုရင်တော့ ဖူးငုံဝါသနာပါတဲ့ စာရေးခြင်း အလုပ်ကို လုပ်မှာပေါ့။ ညနေ သူ ရုံးကပြန်ချိန်ကို ဆီးကြိုရင်း သူ ရေချိုးပြီးချိန် အဆင်သင့် ထမင်းစားနိုင်အောင် ပြင်ဆင်ပေးမယ်။ ထမင်းစား ပြီးရင်တော့ ခြံထဲမှာ လမ်းလျှောက်ရင်း သူ့ ကို ဖူးငုံရဲ့  ပန်းပင်လေးတွေအကြောင်း ပြောကြမယ်။

    နေ့ လယ်ကရေးဖြစ်တဲ့  ၀တ္ထုအကြောင်း ပြန်ပြောပြမယ်။ ညဘက် ဖူးငုံ စာရေးရင် သူက စာဖတ်ပြီး စောင့်ပေးမယ်။ ဒါမှမဟုတ် ဖူးငုံ ရေးထားတဲ့ စာမူလေးတွေကို တိတ်ဆိတ်စွာ ဖတ်ရင်း ဖူးငုံ စာရေးပြီးတဲ့အချိန်အထိ စောင့်မယ်။ ဖူးငုံ ရေးထားတဲ့ စာတွေအပေါ် သူ့ ရဲ့အမြင် ကို ဝေဖန်မယ်။ ဖူးငုံကလည်း ပြန်လည်ငြင်းခုန်ရင်း ချေပမယ်။ နောက်ဆုံးမှာတော့ ဘယ်လိုပြင်ရင်ကောင်းမလဲဆိုတာ ဆွေးနွေးရင်း ငြိမ်းချမ်း ရေး ပြန်ရလာလိမ့်မယ်။ ဒါဟာ ဖူးငုံရဲ့ တစ်နေ့ တာအစီအစဉ်လေးပေါ့။

    မိသားစု စီမံကိန်း အနေနဲ့  မောင်နဲ့ တူတဲ့ သားလေးတစ်ယောက်ရယ်၊ ဖူးငုံနဲ့ တူတဲ့ သမီးလေး တစ်ယောက်ရယ် မွေးဖွားချင် ပါတယ်။ ပျော်ရွှင်စည်းရုံးတဲ့ မိသားစုလေးတစ်ခု တည်ဆောက်ကြမယ်။ ဒီအိမ်လေးဟာ ဖူးငုံရဲ့ စိတ်ကူးအိပ်မက်တွေထဲမှာ စိုးမိုးနေတဲ့ စိတ်ကူးအိမ်လေးပေါ့ကွယ်။

                          x     x     x    x    x    x    x     x    x    x    x

     ကိုယ်ပိုင်မိသားစု ဘ၀လေးကို ဘာကြောင့် အရူးအမူးလိုချင်တမ်းတရသလဲဆိုတော့ ဖူးငုံဟာ ငယ်စဉ်ထဲက မိဘမဲ့တစ်ကောင်ကြွက် ဖြစ်ခဲ့လို့ ပါပဲ။ အဒေါ်အပျိုကြီး နှစ်ယောက်ရဲ့ ပြုစုပျိုးထောင်မှုနဲ့  ဖူးငုံလူလားမြောက်ခဲ့ရတာပါ။ ဖူးငုံဆယ်တန်းအောင်တဲ့နှစ်မှာပဲ အဒေါ် တစ်ယောက် ဆုံးပါးသွားခဲ့ပြန်တယ်။ အသက်ကြီးလာပြီဖြစ်တဲ့ အဒေါ်ကို ဒုက္ခမပေးသင့်တော့ဘူးလို့ ယူဆတာကြောင့် ဖူးငုံနေထိုင်ရာ နယ်မြို့  လေးကနေ အဒေါ့်မိတ်ဆွေရဲ့ ဆက်သွယ်ပေးမှုနဲ့   ရန်ကုန်ကို ပြောင်းလာဖြစ်ခဲ့ပါတယ်။

    အဆောင်တစ်ခုမှာ နေပြီး ဖူးငုံရဲ့ဘ၀ကို ကိုယ်ပိုင်အစွမ်းအစနဲ့  စတင်ရုန်းကန်ခဲ့ပါတယ်။ နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ရင်း အားလပ်ချိန်မှာ ကိုယ့်အတွက် အကျိုးရှိမဲ့သင်တန်းတွေတက်ခဲ့တယ်။ တက္ကသိုလ်တွေဖွင့်ချိန်မှာတော့ အဝေးသင်တက္ကသိုလ်ကိုပဲ ရွေးချယ်ခဲ့ တယ်။ ကိုယ့်ဘ၀ကိုယ် ထိန်းကျောင်းရင်း ဖူးငုံရဲ့ဘ၀မှာ နာမည်ပျက်မရှိအောင် ကြိုးစားပြီး နေထိုင်ခဲ့ပါတယ်။ ဘယ်လောက်ပဲ အဆင်ပြေ အောင်နေတယ်ဆိုပေမဲ့ အဆောင်မှာ အထီးကျန်ဆန်စွာနေရတိုင်း မိသားစုအသိုက်အ၀ိုင်းလေးကို ဖုးငုံ တမ်းတလွမ်းဆွတ်မိတယ်။

    နောက်ဆုံးမှာတော့ ထွက်ပေါက်တစ်ခုအနေနဲ့  ဖူးငုံ စာရေးဖြစ်ခဲ့တယ်။ ၀ါသနာပါရ အလုပ်မှာ အာရုံစိုက်ရင်း အားလပ်ချိန်တွေကို ကုန်ဆုံးစေခဲ့တယ်။ ကိုယ်ရေးထားတဲ့ ၀တ္ထုလေးတွေကို တစိမ့်စိမ့် ပြန်ဖတ်ကြည့်ရင်းရလာတဲ့ ကြည်နူးမှုကို နှစ်သက်လာမိတယ်။ မဂ္ဂဇင်း စာမျက်နှာပေါ်မှာ ကိုယ်ရဲ့ ခံစားချက်ဝိဥာဉ်လေးတွေကို ပုံနှိပ်စာလုံးတွေအဖြစ် ပါလာတဲ့အခါ မျှဝေခံစားမဲ့သူကင်းမဲ့စွာနဲ့  တစ်ယောက်ထဲ ပျော်ရွှင်ခဲ့ရတယ်။ နောက်ပိုင်းမှာတော့ ကိုယ့်ဘ၀ကို အားပေးကူညီ နှစ်သိမ့်ပေးမဲ့ အဖော်မွန်တစ်ယောက်ကို တောင့်တလာမိတယ်။  ဒါနဲ့  ပဲ ဖူးငုံရဲ့ စိတ်ကူးအိမ်ကလေး စတင်သန္ဓေတည် မွေးဖွားလာတယ်ဆိုပါတော့လေ။

      ဖူးငုံရဲ့ဘ၀မှာ မရရှိခဲ့တဲ့ ချစ်ခြင်းမေတ္တောတွေကို တစ်စုံတစ်ယောက်အတွက် ဖူးငုံ ပေးဆပ်ချင်နေမိတယ်။ တစ်နေ့ မှာတော့ ဖူးငုံရဲ့ ဘ၀ထဲကို လူတစ်ယောက် ၀င်ရောက်လာခဲ့ပါတယ်။ သာမာန်ဝင်ရောက်လာတာမဟုတ်ပဲ အိပ်ပျော်နေတဲ့ နှလုံးသားကို ရိုက်ပုတ် နှိုးဆွပြီး တော့ တည်ငြိမ်မှုကင်းမဲ့အောင် လုပ်ခဲ့တယ်။ တစ်နှစ်ဆိုတဲ့ အချိန်တိုတိုအတွင်းမှာပဲ ဖူးငုံ သူ့ ကို စွဲနစ်စွာ ချစ်သွားမိခဲ့တယ်။ မြတ်မြတ်နိုးနိုးနဲ့  ‘မောင်’ လို့ လည်း ခေါ်ခဲ့မိတယ်။ သူ့ ကို ချစ်တာ သူ့ ရဲ့ ရာထူး၊ ဂုဏ်အရှိန်အ၀ါတွေကြောင့်လည်း မဟုတ်ဘူး။ ချမ်းသာတဲ့မိသားစုက ပေါက် ဖွားလာတာကြောင့်လည်း မဟုတ်ရပါဘူး။ ချောမောခန့် ညားတဲ့ သူ့ ရုပ်သွင်ကြောင့်လည်း မဟုတ်ခဲ့ဘူး။

    ဖူးငုံ လိုချင်တောင့်တခဲ့တဲ့ စိတ်ကူးအိမ်ကလေးကို သူနဲ့ အတူ ယှဉ်တွဲတည်ဆောက်ချင်လို့ ပါပဲ။ သူ့ မျက်နှာကိုကြည့်ပြီးသူ့ ဦးဆောင် မှု နောက်ကို လိုက်ချင်မိတယ်။ ဒါဟာ ကိုယ့်မာနနဲ့ ကိုယ် ဘ၀တစ်ခုတည်ဆောက်နေတဲ့ မိန်းမတစ်ယောက်ရဲ့ ကျဆုံးခြင်းအစဆိုတာ သိပေမဲ့ ပြန်ပြင်ဖို့  ဖူးငုံ မစဉ်းစားခဲ့မိဘူး။ အမှားအမှန်ကို ချင့်ချိန်ဝေဖန်ပြီး ကိုယ့်ကိုကိုယ် ဆုံးမနေရတဲ့ဘ၀ကနေ ကိုယ်နှစ်သက်တဲ့လူတစ်ယောက်ရဲ့ ကိုယ့်အပေါ် စိုးရိမ်စွာနှင့် ဆုံးမပဲ့ပြင်မှုကိုခံယူချင်မိတယ်ဆိုရင် ဖူးငုံကို ရူးနေပြီလို့  ဆိုကြမလားပဲ။ ဒါပေမဲ့ ဒါဟာ မေတ္တာငတ်မွတ်နေသူတစ်ဦး ရဲ့ ခံစားချက်လို့  စာနာနားလည်ပေးစေချင်ပါတယ်။

    ထင်ထားတာတွေ ဖြစ်မလာတတ်သလို၊ မထင်ထားတာတွေ ဖြစ်လာတတ်တာပဲ။ တနေ့ မှာ မောင်က ဖူးငုံကို သူ့ ရဲ့ မိဘတွေနဲ့  ဆုံ တွေ့ စေခဲ့တယ်။ အရာရာမှာ ရဲဝံ့နိုင်ခဲ့သမျှ ဒီတခါမှာတော့ တုန်ယင်နေမိတယ်။ ဆင်းရဲချမ်းသာ မခွဲခြားတတ်ပါဘူးဆိုတဲ့ နိဒါန်းစကားက ဖူးငုံ ရဲ့ ရင်အပူကို ခေတ္တမျှ ငြိမ်းအေးသွားစေပေမဲ့ တာရှည်မခံခဲ့ပါဘူး။ အပြုံးမပျက်မေးနေတဲ့မေးခွန်းတွေရဲ့ နောက်ကွယ်မှာ အဓိပ္ပါယ်ပေါင်းများစွာ တွယ်ငြိနေတယ်ဆိုတာ ဖူးငုံ ရိပ်မိလာတယ်။ နှုတ်ခမ်းဖျားကစကားတွေ ချိုသာသလောက် မျက်ဝန်းမှအကြည့်များက အထင်သေးခြင်းများ ပေါင်းစပ်စီးဝင်နေသော အေးစက်စက် အကြည့်စိမ်းများ။

    ဖူးငုံ နှုတ်ခမ်းတွေ ဖြတ်ကနဲ တွန့် သွားတယ်။ ဖူးငုံ မကျေနပ်တာတွေ့ တိုင်း မထီတရီ ပြုံးတတ်တဲ့ မဲ့ပြုံး ဆိုတာ မောင် သိမှာပါ။ သိလို့ ပဲ ချက်ချင်း မျက်နှာပျက်သွားပြီး စကားလမ်းကြောင်းပြောင်းဖို့  ကြိုးစားတယ်။ ကျေးဇူးတင်ပါတယ် မောင်။ ဒါပေမဲ့ မောင့်အသိုင်းအ၀ိုင်း ရဲ့ ဖူးငုံအပေါ်ထားတဲ့ သဘောထားကို ဘယ်သူမှ ပြောစရာမလိုပဲ အလိုလို သိလိုက်ပါပြီ။ အပြန်လမ်းတစ်လျှောက်မှာ ဆုပ်ကိုင်လာတဲ့ မောင့် လက်တွေကို အရင်လို နွေးထွေးတယ်လို့  ဖူးငုံ မထင်မိတော့ဘူး။

     မောင်နှင့် ဖူးငုံကြားမှာ မမြင်နိုင်တဲ့အလွှာတစ်ခု စတင် ခြားနားစပြုလာခဲ့ပြီ။ မကြာခင်မှာပဲ အဲဒီ ခြားနားခြင်းအလွှာဟာ သိသိသာ သာပဲ ဖူးငုံတို့ နှစ်ယောက်ကို စတင်ခွဲခြားလာပါတော့မယ်။ မောင်ကတော့ သူကအဓိကပါလို့  ပြောတယ်။ သူက ဖူးငုံကိုလေးလေးနက်နက် ချစ်ရင်၊ လက်ထပ်ရဲရင် ကျေနပ်ပြီ မဟုတ်လားတဲ့။ ဟင့်အင်း။ ဖူးငုံ ယောကျာ်းလေးတစ်ယောက်ကို သူ့ မိဘအသိုင်းအ၀ိုင်းက သဘောတူ အသိမှတ်မပြုပဲ လက်မထပ်နိုင်ဘူး။ မိဘသဘောမတူလို့  ခိုးရာလိုက်ပြေးတာမျိုးလည်း ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။

     အဆောင်မှာ နေတဲ့ မိန်းကလေးတစ်ယောက်မှာလည်း ရှိသင့်ရှိထိုက်တဲ့ မာနအပြည့်နဲ့ ပဲလေ။ အဆောင်မှာနေတိုင်း လွတ်လပ် ပျက်စီးနေတာ မဟုတ်ပါဘူး။ မိဘရဲ့အရိပ်အောက်မှာနေပြီး လွတ်လပ်ပျက်စီးနေတဲ့သူတွေလည်း ရှိတာပါပဲ။ ကိုယ့်ဘ၀ တိုးတက်ရာတိုးတက် ကြောင်း ကြိုးပမ်းရင်း အခက်အခဲအမျိုးမျိုးကြောင့် မဖြစ်မနေ အဆောင်နေရသူတွေ အများကြီးပါ။ အားလုံးကို သိမ်းကျုံးပြီး အထင်သေးတဲ့ လေသံ၊ အထင်သေးတဲ့အကြည့်တွေနဲ့  မောင့်အိမ်က ပြောသွားခဲ့တယ်လေ။

    မောင့်မိဘတွေကို အပြစ်မတင်လိုပါဘူး။ ဘယ်မိဘမဆို ကိုယ့်သားသမီးကို အကောင်းဆုံး ဖြစ်စေချင်တဲ့ဆန္ဒရှိတာကို ဖူးငုံ နားလည် ပါတယ်။ နောက်ပြီး ဖူးငုံဝါသနာပါတဲ့ စာရေးခြင်းကိုလည်း ထိခိုက်စွာ ပြောခဲ့သည်ပဲလေ။ ဖူးငုံနေမကောင်းလို့  မောင့်ဆီ ဖုန်းဆက်ဖြစ်တဲ့ နေ့  တစ်နေ့ ဟာ မောင်နှင့် ဖူးငုံအတွက် ကံဆိုးခြင်းကို သယ်ဆောင်လာခြင်းရဲ့အစပေါ့။

   မောင့်နာမည် မေးတော့ မရှိဘူး အပြင်သွားတယ်တဲ့။ ဘယ်သူ ဆက်တယ်လို့  ပြောလိုက်ရမလဲ ဆိုတဲ့ အမေးကြောင့်

   “ပွင့်ဖူးငုံလို့  ပြောပေးပါ မမ”

 “အားတာနဲ့  ဖုန်းဆက်နေကြတာပဲ၊ ဘယ်ကဟာတွေမှန်း မသိဘူး။ ရှုပ်ရှုပ်ယှက်ယှက်၊ ညီညီ့ကို မိန်းမပေးစားဖို့  မေမေ့ကို အမြန်ဆုံး စီစဉ်ခိုင်းမှပဲ”

    ဖူးငုံနားနဲ့ ဆတ်ဆတ် ကြားလိုက်ရတဲ့ မောင့်မမရဲ့ စကားသံ။ ဘယ်တော့မှမေ့နိုင်တော့မှာ မဟုတ်တဲ့ စကားလုံးများ။ အဲဒီနောက်ပိုင်း ကစလို့  မောင့်ဘ၀ထဲဝင်ဖို့  ဖူးငုံ မကြိုးစားတော့ပါဘူး။ မကြာခင်မှာပဲ မောင့်ကို အိမ်က လက်ထပ်ပေးတော့မယ်ဆိုတာ သိလာရတယ်။မောင် က ဖူးငုံကို ခိုးပြေးမယ်ပြောပေမဲ့ ဖူးငုံ လက်မခံခဲ့ပေ။

  မောင့်ကို ဖူးငုံရဲ့ စိတ်ကူးအိမ်လေးအကြောင်း ပြောပြဖူးတာမို့  မောင်က သူနှင့်လက်ထပ်ပြီးရင် အဲဒီလိုအိမ်လေးမျိုးနဲ့  ဖူးငုံနေချင်တဲ့ ဘ၀လေး လက်တွေ့ နေစေရမယ်လို့  ပြောတယ်။ မောင်နဲ့ ဖူးငုံ ဘ၀မှာ ဒီလိုအိမ်ကလေးရှိလာနိုင်စရာ အကြောင်းမရှိတော့ပါဘူး။ ပိုက်ဆံ ချမ်းသာလို့  မောင့်ကို ယူတာလို့  မောင့်အသိုင်းအ၀ိုင်းက စွပ်စွဲတာကိုလည်း ဖူးငုံ မခံနိုင်ပါဘူး။ ဖူးငုံနဲ့ လက်တွဲပြီး မောင် ဆင်းရဲပင်ပန်းခြင်း၊ စိတ်ညစ်ခြင်းတို့ ကို မျှဝေ မခံစားစေလိုတာကြောင့် ဖူးငုံအလုပ်ထွက်ပြီး နယ်မြို့ လေးကိုပြန်ကာခြေရာဖျောက်ခဲ့ပါတယ်။ ဖူးငုံရှိရာ မောင်လိုက် လာပေမဲ့ ဖူးငုံ အတွေ့ မခံခဲ့ပါ။

    မောင့်အိမ်က စီစဉ်တဲ့သူနဲ့ လည်း မောင် လက်မထပ်ဖြစ်ခဲ့ပါဘူး။ နောက်တစ်နှစ်ကျော်အကြာလောက်မှာမှ မောင် လက်ထပ်သွားတဲ့ သတင်းကို ဖူးငုံ ကြားခဲ့ရပါတယ်။ မောင်ရဲ့ ဇနီးလောင်းက ဆရာဝန်ဆိုတာ သတင်းစာ ဖတ်ရင်း သိခွင့်ရခဲ့တယ်။

                 x    x     x     x     x    x    x    x    x    x    x    x

    အဖြစ်အပျက်တို့ က ကြာမြင့်ခဲ့ပါပြီ။ ဆယ်စုနှစ်ရဲ့ တ၀က်ကျိုး ၅ နှစ်ကျော်လို့  ၆ နှစ်တောင် ပြည့်ခဲ့ပြီ။ တနေ့  ဆူးလေဘုရားပေါ်က အဆင်းမှာ မမျှော်လင့်ပဲ မောင့်ကို ဖူးငုံ တွေ့ လိုက်ရတယ်။ သူ လည်းအံ့သြ သွားပုံပါ။

   “ဖူးငုံ ဘယ်မှာနေတာလဲ”

    “၃၅ လမ်းထဲမှာ”

     “လိပ်စာပေးထားပါအုံး။ လမ်းကြုံရင် ၀င်လည်ရအောင်”

     “အမှတ် . . .၊ တတိယထပ်၊ ညာဘက်၊ ၃၅ လမ်းပါ။”

    “ဖူးငုံ အခု ဘာလုပ်နေလဲ။ စာရေးသေးလား”

    “ဟင်အင်း၊ ဖူးငုံ အခု စိန်တို့ ကျောက်တို့  ပွဲစားလုပ်တယ်”

    “သားသမီးရော ဘယ်နှစ်ယောက်ရပြီလဲ”

    “တစ်ယောက်မှ မရှိသေးပါဘူး”

    ဖူးငှုံဆီက အဖြေစကားတစ်ခွန်း ထွက်လာတိုင်း ပြောင်းလဲသွားတဲ့ သူ့ မျက်နှာပေါ်က အံ့သြ ထူးဆန်းရိပ်တွေကို လျစ်လျူရှုပြီး စကားတွေ ဆက်ပြောခဲ့ရပါတယ်။ ဖူးငုံ ကျောခိုင်းထွက်လာချိန်မှာ သူ မျက်စိတဆုံး လိုက်ကြည့်နေမယ်ဆိုတာ လှည့်မကြည့်ပဲ သိနေပြန် ပါတယ်။

    နယ်ပြန်လာပြီး ဖူးငုံ ကျောင်းဆရာမ ၀င်လုပ်ခဲ့တာ၊ ထိုမြို့ လေးကို အရောင်းအ၀ယ် ကိစ္စဖြင့် အမြဲ လာသော ကုန်သည် ဦးအောင်ကျော်နှင့် ဖူးငူံကို အဒေါ်က လက်ထပ် စေချင်ခဲ့တာ၊ အသက်ကြီးပြီ ဖြစ်တဲ့ အဒေါ်ကို စိတ်မဆင်းရဲ စေချင်တာကြောင့်  ဖူးငုံ ဦးအောင်ကျော်ကို လက်ထပ်ခဲ့တာ၊ လက်ထပ် ပြီး မကြာခင် မှာ အဒေါ် ဆုံးပါးသွားတာမို့  အလုပ်ထွက်ပြီး ခင်ပွန်းသည်နှင့်အတူ ရန်ကုန်ကို အပြီး ပြောင်းခဲ့တာ စသည် တို့ ကို ပြန်လည်ပြီး တွေးလာဖြစ်ပါတယ်။

      “ကိုကြီး”ဟု ခင်ပွန်းသည်ကို ဖူးငုံ ခေါ်ဝေါ်ခဲ့ပါတယ်။ စာရေးခြင်း အလုပ်ကို မလုပ်ဖြစ်တော့ပဲ စီးပွား ရေး လောကထဲကို ခြေစုံပစ်ဝင်ခဲ့တာ မောင် သိနိုင်မည်မထင်ပါ။ မောင်ကို ပြောခဲ့ဖူးသော စိတ်ကူး အိမ်လေး သည်လည်း အဝေးသို့  ပြေးလွင့်ခဲ့တာ ကြာလေပြီ။ မောင် နောက်ဆုံး ပြောသွားသော စကား များကို ဖူးငုံ စဉ်းစားနေမိတယ်။

    “ကိုယ် အခု ကိုးမိုင်ဘက်မှာ ခြံဝယ်ထားတယ်။ တနေ့ လောက် လာခဲ့စေချင်တယ်။ ဖူးငုံ ပြောခဲ့ ဖူးတဲ့ အိမ်လေးအတိုင်း ဆိုတာ ဟိုရောက်ရင် ဖူးငုံ တွေ့ ရလိမ့်မယ်။”

    “ကိုယ့်မှာ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိတယ်။ သားက ကိုယ်နဲ့ တူပေမဲ့ သမီးက ကိုယ့် အမျိုးသမီးနှင့် မတူဘူး။ ဖူးငုံတို့ လို မျက်နှာပေါက်မျိုး”

   “ကိုယ့် အမျိုးသမီးက စာရေးဆရာမလေ။ . . . . . . . . (ဆေးတက္ကသိုလ်)ဆိုတာ သူပေါ့”

     အို ဘယ်လောက်များ ထူးဆန်းလိုက်ပါသလဲ။ သူ့ အမျိုးသမီးဟာ ဒီနေ့  လူငယ်တွေရဲ့ နှုတ်ဖျား မှာ ရေပန်းစား နေတဲ့ နာမည်ကြီး စာရေးဆရာ တစ်ယောက်ပါလား။ သူ့ စကားများကို နားထောင်ရင်း ဖူးငုံ ရင်ထဲမှာ နာကျင် လာမိတယ်။ သူ့ အမျိုးသမီး စာရေးနေချိန်မှာ အနားမှာ စောင့်ရင်း မျှဝေခံစား ပေးမဲ့ သူ့ ရုပ် သွင် ကိုလည်း ပြန်လည် မြင်ယောင်လာပါတယ်။ သူနှင့် လက်ထပ်ခွင့်ရတဲ့ အမျိုးသမီးဟာ သိပ်ကိုကံကောင်း သူ ဖြစ်မှာပါ။  စာနာ နားလည်ပြီး စိတ်သဘောထား ဖြူစင်တဲ့သူ့ ကို ပိုင်ဆိုင်ခွင့်ရ လို့ လေ။

      ဖူးငုံကတော့ ခင်ပွန်းသည်ရှိရာ ရန်ကုန်ကို လိုက်ပါ လာပြီးနောက်မှာတော့ မောင့်ကို မေ့နိုင်အောင် အချိန် အတော်ကြာ ကြိုးစားခဲ့ရတာ။ ကံကောင်းစွာပဲ နှစ်အတော်ကြာ မောင်နှင့် မဆုံတွေ့  ဖြစ်ခဲ့ပါ။ ဖူးငုံ ၀တ္ထုတွေ ရေးဖြစ်တိုင်း မောင့်ကို ပိုပြီး သတိရ လွမ်းဆွတ်မိတာ၊   ၀တ္ထုလေးတွေကို ဝေဖန် ပြုပြင်ပေးမဲ့သူ မရှိတော့တာ၊ ဖူးငုံရဲ့ ခင်ပွန်းသည် ကလည်း စီးပွားရေးကိုသာ စိတ်ဝင်စားပြီး အနုပညာကို မခံစားတတ် တာ တွေကြောင့် နောက်ဆုံးမှာ အသွင်မတူ အိမ်သူမဖြစ် ဆိုတဲ့ စကားအတိုင်း စီးပွားရေးဘက်ကို လိုင်းပြောင်းခဲ့တာ၊ အခုတော့ ကျင့်သားရနေပါပြီ။

       ဖူးငုံ မောင့်အကြောင်း တွေးနေချိန်မှာ ခံစားမှုတစ်ခု ဖြစ်ခဲ့တယ်။ အဲဒါဟာ သူ့ ကို လက်မထပ်ခဲ့မိ ခြင်းအတွက် နောင်တရပြီး နာကျင်ခြင်းလား။ ဖူးငုံ သိပ်တောင့်တခဲ့ရတဲ့ စိတ်ကူးအိမ်လေးမှာ အိမ်ရှင်မ ဖြစ်ခွင့်မရတဲ့အတွက် ထိခိုက် နာကြည်းခြင်းလား။

      ဖူးငုံ မစဉ်းစားတတ်တော့ပါ။



မေဇူး