Thursday, March 14, 2013
မျှော်လင့်ရင်း.......ဝေး
        ဒီညကောင်းကင်မှာ ကြယ်တွေထွန်းလင်းတောက်ပနေကြတယ်။ ကြယ်တွေရဲ့ကြားမှာမှ ၀င်းပတဲ့လမင်းသာနေတယ်လေ။ ဒီနေ့ လပြည့်ညပေါ့။ ကောင်းကင်ပေါ်က ငွေလမင်းကိုကြည့်ရင်း “၀င့်” တွေးနေမိတယ်။ “၀င့်” ရင်ထဲက ငွေလမင်း ဘယ်ဆီမှာလဲလို့ ပေါ့။
       တစ်ချိန်က၀င့်ရဲ့အနားမှာဝင့်ရဲ့အချစ်ဆုံး “ကို” ရှိနေခဲ့တယ်နော်။ သိပ်ကိုပျော်စရာကောင်းတဲ့နေ့လေးတွေပါပဲ။ အခုလို ကြယ်တွေစုံပြီး လသာတဲ့ညမျိုးမှာ ကိုကဂစ်တာကို ကျွမ်းကျင်စွာတီးခတ်ရင်း ၀င့်ကသီချင်းလေးတွေ သီဆိုရင်း အချိန်တွေကုန်ဆုံးစေခဲ့ တယ်။ လွမ်းဆွတ်စွာနဲ့ တမ်းတမိတာလည်းအကြိမ်ကြိမ်ပါပဲ။ ၀င့်ရဲ့အနားမှာ ၀င့်ကိုသိပ်ချစ်တဲ့ ချစ်သူ “ကို” ရှိနေခဲ့တာကို ငွေလမင်းနဲ့  ကြယ်လေးတွေအသိဆုံးပါ။ အိမ်မက်မဟုတ်ခဲ့ပါဘူး။ ခုတော့ဝင့်တစ်ယောက်ထဲ အထီးကျန်ဆန်စွာနဲ့ ညတွေကို ကျော်ဖြတ်နေရတယ်။
       ဒါတွေကို ကို သိနိုင်ပါ့မလား။ ညရောက်မှာ ကြောက်တယ်။ တစ်ယောက်ထဲနေရတဲ့ညတွေ ဘယ်တော့များမှ ကုန်ဆုံးနိုင်ပါ့မလဲ မသိဘူးနော်။ ညဘက်တွေမှာ ၀င့်အိပ်မပျော်ဘူး ကို။ ကိုပြန်လာရင် ၀င့်မသိမှာစိုးလို့ ၀င့်ကိုယ်တိုင် ကိုပြန်လာတာကိုမကြိုနိုင်မှာ စိုးလို့ပေါ့။ တခါတရံမှာ ခြံထဲမှာလမ်းဆင်းလျှောက်ရင်း၊ တခါတရံ အိမ်ထဲမှာပုတီးစိပ်ရင်း၊ ဒါမှမဟုတ် ကိုသိပ်မြတ်နိုးတဲ့ ကို့ရဲ့ ဂစ်တာလေးကို တီးခတ်ရင်းနဲ့ ကို့ကိုစောင့်နေမိတယ်။
       အိပ်စက်ခြင်းဟာ ညဘက်တွေမှာ ၀င့်နဲ့ကင်းဝေးနေတာကြာလှပါပြီ။ အိပ်မပျော်တဲ့လူတစ်ယောက်အတွက် ညတာဟာရှည်လျား လွန်းလှပါတယ်။ ငရဲခန်းတစ်ခုကို ဖြတ်ကျော်နေရသလားထင်မှတ်ရလောက်အောင် ညတွေကိုဝင့်ကြောက်တယ်။ တဖြည်းဖြည်း နဲ့ အာရုဏ်ဦးရောင်နီပျိုးလာခဲ့ပြီ။ ညတစ်ညဟာ ကုန်ဆုံးလွတ်မြောက်သွားတော့မယ်။ အဲဒီအတွက် ပျော်ရမှာလား ၀မ်းနည်းရမှာလား ၀င့် မသိဘူး။ ၀င့်သိတာတစ်ခုပဲရှိတယ်၊ အဲဒါက၀င့်အနားမှာ ကိုရှိနေဖို့ပါပဲ။ ဒါပေမယ့်လည်း ၀င့်အနားမှာ ကိုမရှိခဲ့ဘူး။
       နံနက်မိုးလင်းခါစ အာရုဏ်ဦးအချိန်မှာ ရောက်လာမလားလို့ မျှော်နေမိပေမဲ့ ကို ရောက်မလာခဲ့ပြန်ဘူး။ လူသားတွေနိုးထ ပြီး လောကကြီးအသက်ဝင်လှုပ်ရှားလာတာနဲ့ လူတွေရဲ့နားမှာ ၀င့်မနေချင်တော့ဘူး။ ၀င့်ကိုသနားသလိုမျက်လုံးတွေနဲ့ကြည့်တာကိုလဲ မခံချင်ဘူး။ နောက်ကွယ်မှာ ၀င့်အကြောင်းပြောရင်း ရယ်မောဟားတိုက်နေမှာကိုလည်း မလိုလားဘူး။ ဒါကြောင့်သူတို့တွေ နိုးထလာ ချိန်ဟာ ၀င့်ရဲ့ အိပ်စက်ချိန်ပါပဲ။
       အသိတွေက နေ့နဲ့ညမှားနေတယ်လို့ ၀ိုင်းပြောကြတယ်။ ညဘက်မအိပ်ဘဲ နေ့လယ်ဘက်အိပ်ရင် မကြိုက်ကြဘူး။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲလေ။ ၀င့်ကို်ယ်တိုင်လည်း ညစဉ် ပုံမှန်အိပ်ပျော်ခွင့်ကို ရချင်တာပဲပေါ့။ ၀င့်ရဲ့ အိပ်စက်ခြင်းတွေကို ကို ခိုးယူသွားခဲ့ တာကို သူတို့သိဟန်မတူဘူး။
       တချိန်က ကို့ရဲ့ပခုံးစွန်းမှာ မေးတင်ပြီး ညရဲ့လောကအလှကိုခံစားခဲ့ဖူးတာ မမေ့နိုင်တော့ခက်တယ်။ ညဘက်တွေမှာ ကိုပြန်လာ မလားရယ်လို့ မျှော်လင့်ရင်းနဲ့ အချိန်တွေကုန်ဆုံးခဲ့ရတယ်။ ၀င့်ရဲ့အချစ်ကို ကိုအပါအ၀င်လူတွေအားလုံး တနေ့တော့နားလည်လာ ပါလိမ့်မယ်လေ။
                    x           x           x           x           x           x           x           x           x
       အိပ်မပျော်၍ ခြံထဲဆင်းလာသောသီဟရှိန်ရဲ့ခြေလှမ်းတွေတစ်နေရာအရောက်မှာ တုံ့ကနဲရပ်သွားမိသည်။ တစ်ဘက်ခြံဝင်းထဲရှိ ဒန်းပေါ်တွင် ဂစ်တာကိုင်ရင်း သီချင်းတစ်ပုဒ်ကို တိုးတိုးဖွဖွ သီဆိုနေသောမိန်းကလေးတစ်ဦးကို တွေ့ လိုက်ရသောကြောင့်ဖြစ်သည်။
       သူမမျက်နှာပေါ်ကို လရောင်တစ်ဝက်တစ်ပျက်ကျနေပုံက ကဗျာဆန်ဆန်လှပနေသည်။ လက်ထဲမှနာရီကိုငုံ့ကြည့်မိတော့ သန်းခေါင်ကျော်လို့ မနက်တစ်နာရီတောင်ခွဲနေပြီ။ သူကိုယ်တိုင်တောင် စာရေးအပြီး အိပ်ချင်စိတ်မရှိသေးတာကြောင့် ခြံထဲဆင်းလာ မိခြင်းဖြစ်သည်။
       သူမဘယ်အချိန်ထဲကထိုင်နေတာပါလိမ့်။ အခုလိုဆောင်းဝင်စကာလမှာအအေးဓါတ်လွန်ကဲခြင်းမရှိဘူးဆိုရင်တောင် အတန် အသင့်တော့ အေးစိမ့်နေပါသည်။ သူမကိုယ်ပေါ်တွင် အဖြူရောင်အင်္ကျီပါးပါးလက်ပြတ်ကလေးတစ်ထပ်တည်းသာ ၀တ်ဆင်ထား တာ တွေ့ရသည်။ ဒီကောင်မလေးတော့နေမကောင်း ဖြစ်တော့မှာပဲလို့ သူ ပူပင်သွားမိသည်။ အတွေးမဆုံးခင်မှာပင် ကိုယ်နှင့် မဆိုင်သော ကိစ္စတစ်ခုဟု သတ်မှတ်ပြီးကျောခိုင်းလိုက်စဉ်မှာပင် ဆွေးမြေ့သောသံစဉ်အချို့က သူ့နားထဲသို့ တိုးဝင်လာခဲ့သည်။
       “ဟိုအရင်ကအိပ်မက်လေး အချိန်တိုင်းမက်နေတယ်။ ဟိုအရင်ချိန်တွေ ပြန်ကာတွေး ဒီရင်မှာဆွေးပါတယ်။ အို ပြောခဲ့တဲ့စကား များဟောင်းနေလည်း အို မေ့ဖို့မလွယ်သေးဘူး။ ရင်မှာ ဒီဆူးဒဏ်ရာတွေ လွယ်လွယ်မမေ့နိုင်ဘူး”
       ဆွဲဆွဲငင်ငင် ဆွေးဆွေးမြည့်မြည့် သူမသီဆိုနေသောသီချင်းက ချမ်းချမ်းရဲ့ “မေ့တော့မမေ့သေးဘူး” သီချင်း ဖြစ်သည်။ သူမ တွင် ဘာဆွေးစရာများရှိနေလို့ပါလိမ့်။ သီချင်းဆုံးသည်အထိ သူ ရပ်တန့် နားထောင်နေဆဲမိသည်။ ခဏနားပြီးပြန်ဆိုတော့လည်း ဒီ သီချင်းတစ်ပုဒ်ထဲသာ။
       သူ အိပ်ရာဝင်ချိန်အထိ သူမ သီချင်းဆိုနေဆဲ။ သူ့ရဲ့အတွေးထဲကို စိုးမိုးသွားတာကတော့ သူမရဲ့ အဆွေးရိပ်သန်းနေသော မျက်ဝန်း များပင်ဖြစ်သည်။ သူကိုယ်တိုင် ဒီနေ့မှဒီအိမ်ကိုရောက်လာတာဆိုတော့ ပတ်ဝန်းကျင်နှင့်မရင်းနှီးသေးပါ။ နောက်နေ့ နေ့လည်ခင်းဘက် မှာ သူမတို့ ခြံဘက်သတိထားကြည့်မိသော်လည်း ထူးခြားသောလှုပ်ရှားမှုမတွေ့ရပေ။ လူသူအရိပ်အယောင်ပင် မမြင်ရ။ သူငယ်ချင်း ကိုဖြိုးကို မေးကြည့်မည်စိတ်ကူးပြီးမှ မမေးဖြစ်တော့ပါ။ မိန်းကလေးများနဲ့ပတ်သက်ပြီး သူ ကင်းရှင်းစွာနေတတ်တာကို သူငယ်ချင်းတွေ အသိပင်ဖြစ်သည်။ အခု သူမေးမည့်မေးခွန်းကြောင့်တစ်မျိုးမြင်သွားမှာကိုလည်း သူ မလိုလားပေ။
       ညနေရောက်တော့ ဘာရယ်မသိသူစိတ်လှုပ်ရှားနေမိသည်။ ညဘက်စာကြည့်စားပွဲမှာထိုင်ပြီး စာရေးနေတော့လည်း သူ့စိတ်က တစ်ဘက်ခြံဆီသို့ သာရောက်နေသည်။ ပြတင်းပေါက်မှလှမ်းမျှော်ကြည့်လိုက်ရာ အိမ်ပေါ်ထပ်လသာဆောင် ၀ရန်တာတွင် ရပ်နေသော သူမရဲ့ပုံရိပ်ကို လှမ်းမြင်လိုက်ရသည်။
       သူမ၏ရှည်လျားလှသော ဆံပင်ရှည်များက ဒူးဆစ်အောက်ပင်ကျော်မည်ထင်ရသည်။ အဖြူရောင်ဝတ်စုံဝတ်ထားသော သူမပုံစံ သည် ၀ိညာဉ်တစ်ခုလွင့်မျောနေသလို။ သူမကတော့ပတ်ဝန်းကျင်တွင် သူမတစ်ယောက်ထဲရှိနေသလို ဘာကိုမှဂရုထားမိဟန်မတူပေ။ သူ ရပ်ကြည့်နေတာကိုလည်း သိပုံမရပါ။
       သူမပုံစံသည် တစ်စုံတစ်ယောက်ကိုစောင့်မျှော်နေမှန်းသိသာသည်။ လမ်းမကိုငေးကြည့်လိုက်၊ လက်မှနာရီကိုငုံ့ကြည့်လိုက်၊ ပါးစပ်မှတစ်စုံတစ်ရာကိုရေရွတ်လိုက်နှင့် မတည်မငြိမ်ဖြစ်နေသည်။ သူလည်း သူမ လုပ်သမျှကို အချိန်မည်မျှကြာအောင် ရပ်ကြည့်နေ မိသည် မသိ။ ခြေထောက်တွေညောင်းတောင့်လာတော့မှ သူ့ကိုယ်သူ ပြန်သတိထားမိသည်။
       ဒီလိုနှင့်သူသည် သူမအပေါ်စိတ်ဝင်စားလာမိသည်။ ညရောက်မှာကိုကြိုတင်ရင်ခုန်ပျော်ရွှင်လာသည်။ တဖြည်းဖြည်းနှင့်သူမအပေါ် ငြိတွယ်မှန်းမသိ ငြိတွယ်လာခဲ့သည်။ ရုန်းထွက်ရန်လည်း သူ မကြိုးစားမိ။ သူမ ဘယ်အချိန်အိပ်ရာဝင်မလဲသိလိုစိတ်ဖြင့်စောင့်ကြည့် ခဲ့သော်လည်း သူပဲအရှုံးပေးလိုက်ရသည်။ သူမသည် အာရုဏ်တက်ချိန်အထိမအိပ်ပဲ ရှိနေတတ်သည်။ ဒီလိုနှင့်ပဲ နေ့လည်ခင်း တွေမှာ သူမကို မတွေ့ရပဲ ပျောက်နေခြင်းသည် ဘာကြောင့်ဖြစ်နိုင်သလဲဆိုတာ သိလာခဲ့ရသည်။
       သူမနှင့်ခင်မင်ရင်းနှီးပြီး သူမရဲ့အကြောင်းတွေကို နားလည်ခံစားပေးချင်ပေမဲ့ ထိုအခြေအနေရဖို့ မလွယ်ကူပေ။ သူကိုယ်တိုင် ကလည်း သူမအနှောက်အယှက်ဖြစ်မှာကို မလိုလားသူမို့ ရင်းနှီးခွင့်ရအောင် ဇွတ်အတင်း မဖန်တီးခဲ့ပေ။ သူမကို နားလည်ရခက်သော မိန်းကလေးတစ်ယောက်အဖြစ် သတ်မှတ်မိသည်။ တစ်ခါတရံ အသံတိတ်ငိုကြွေးနေတတ်သော၊ ပုတီးစိပ်လေးကိုင်ပြီး လမ်းလျှောက်နေတတ်သော၊ ချမ်းချမ်းရဲ့ မေ့တော့မမေ့သေးဘူး သီချင်းတစ်ပုဒ်ထဲကို အမြဲတမ်း တီးခတ်သီဆိုနေတတ်သော၊ စုံတွဲသီချင်းများကိုသီဆိုရင်း တစ်ပိုင်းတစ်စနှင့် ရပ်တန့် ပစ်တတ်သော သူမရဲ့ပုံစံများကတော့ သူ့အတွေးတွင် အချိန်ပြည့်နေရာယူနေမိ ပြီဖြစ်သည်။
       တစ်ညမှာတော့ သူမရဲ့အရိပ်အယောင်ကို လုံးဝမမြင်ရတာကြောင့် သူ့ရင်ထဲလွတ်ဟာနေမိသည်။ ထိုနေ့မှာပဲ သူမအပေါ်တွင် ရစ်ပတ်နေမိသောသူ့သံယောဇဉ်ကို သူသိခဲ့ရသည်။ တစ်ပါတ်လောက် သူမကို မမြင်ရတော့ သူမအတွက် စိတ်ပူပင်နေမိသည်။ နေ မကောင်းဖြစ်လို့ များလား? ခရီးများထွက်သွားတာလား? ………… လား? သူ့ ရဲ့ ……. လား?ပေါင်းများစွာသော မေးခွန်းများကို ဖြေ ကြားပေးမဲ့သူ မရှိခဲ့။
       ဒီလိုနဲ့ စိုးရိမ်စိတ်တွေကို တစ်ယောက်တည်း ကြိတ်မှိတ်မြိုချရင်း နေ့ ရက်တချို့ကုန်လွန်ခဲ့ပြီး ကိုးရက်မြောက်နေ့ ၏ညဘက် မှာတော့ သူမကို ပြန်လည်မြင်တွေ့ခွင့် ရခဲ့သည်။ အရင်ထက်ပိုသွယ်သွားသယောင်ရှိသော သူမကို ထုံးစံအတိုင်း အဖြူရောင် ၀တ်စုံနှင့် တွေ့ ရသည်။ သူ့ရင်မှာပျော်ရွှင်မှုတို့က အတိုင်းအဆမဲ့။ သူမကို မမြင်ရတဲ့ရက်တွေမှာ သူဘယ်လောက်လွမ်းဆွတ်နေ ရကြောင်း ပြောပြချင်မိသည်။ တနေ့နေ့မှာတော့ သူ့ရင်ထဲကခံစားချက်များကို သူမ သိအောင်ပြောပြခွင့်ရတန်ကောင်းပါရဲ့နော်။
        သူ့ရဲ့ညတာတို့သည် ကြည်နူးပျော်ရွှင်ခြင်းတို့ဖြင့် ပြန်လည်အသက်ဝင်လာခဲ့သည်။ အချိန်ရွေ့လျားမှုတို့က သူမနဲ့ တွေ့ဆုံခြင်းကို ရာသီစက်ဝန်း တစ်ဝက်ကျိုးစေခဲ့ပြီ။
     စာအုပ်ထုတ်ဝေရေးကိစ္စဖြင့် ရန်ကုန်သို့ သူလာခဲ့သည်။ ခရီးထွက်ခဲ့ရပေမဲ့ ညဘက်တွေရောက်တိုင်း သူမကို သတိရလွမ်းဆွတ်နေ မိသည်။ ပြန်ရတော့မည်ဆိုချိန်မှာတော့ သူ့စိတ်တို့က အမြန်ဆုံး သူမရှိရာ နယ်မြို့ လေးသို့ သာ ရောက်ချင်နေမိသည်။ သူ ပြန်ရောက် လာချိန်က ညနေခင်းမို့ သူမကို ချက်ချင်းမတွေ့နိုင်ပေ။ ဒါပေမဲ့ ဒီနေ့မှ ထူးထူးခြားခြား သူမတို့အိမ်တွင် လူအ၀င်အထွက်တွေများနေတာ ကို သတိထားမိသည်။ ထိုအချိန်မှာပဲ သူနှင့်အတူနေသူငယ်ချင်းကိုဖြိုးက ဟိုဘက်ခြံကိုသွားမလို့ ခဏလိုက်ခဲ့ပါလားဟုခေါ်တော့ အတိုင်းအဆမရှိ သူပျော်ရွှင်သွားမိသည်။ သူမနဲ့အနီးကပ်တွေ့ရတော့မယ်။ သူမနဲ့ ခင်မင်ခွင့်ရတော့မယ်ဆိုသောအတွေးက သူ့ရင်ကို များစွာလှုပ်ရှားစေသည်။
       အ၀တ်အစားဝတ်ပြီးမှ စိတ်တိုင်းမကျ၍ ပြန်လဲရတာလည်း မကြာခဏ။ ဒီနေ့မှပြင်ဆင်ရတာကို အားမရဖြစ်နေမိသည်။ နောက်ဆုံး မှာ လည်ကတုံးရှပ်အကျီအဖြူကို ပိုးတွဲပုဆိုးအပြာနှင့်တွဲဝတ်လိုက်တော့သည်။ သူမ သဘောကျတန်ကောင်းပါရဲ့။ သူမအိမ်မှာ အလှူ အတန်းလုပ်နေတာများလား၊ တစ်ခုခုတော့ တစ်ခုခုပဲ။ ကိုဖြိုးကိုမေးမည်ကြံပြီးမှ မမေးတော့။ ဟိုရောက်ရင်သိရမှာလေ။ သူ စိတ်လှုပ် ရှားနေတာကို မလိုအပ်ပဲ ကိုဖြိုးမသိစေချင်။
       သူမရဲ့အိမ်အ၀င်မှာ မသာမယာတဲ့မျက်နှာတစ်ချို့ကိုတွေ့လိုက်ရတာကြောင့် သူ့ စိတ်ထဲထင့်သွားမိသည်။ သူမအိမ်က တစ်ယောက်ယောက်များ တစ်ခုခုဖြစ်လေသလား။ သူ့အတွေးကို ဆက်မတွေးရဲ။ ဒါဆိုရင်တော့ သူမစိတ်အားငယ်နေတော့မှာပဲ။ သူမဟာ စိတ်ထားနူးညံ့ပျော့ပျောင်းသူ၊ ခံစားလွယ်သူလို့ သူနားလည်ထားတာပဲလေ။ သူတို့ကိုကြိုဆိုသောအန်တီကြီးက အငို မျက်နှာနှင့်ကိုဖြိုး လက်ကို ဆွဲခေါ်သွားသည်။ သူ ထင်တဲ့အတိုင်းပါပဲ။ သူမတို့အိမ်မှာ တစ်စုံတစ်ယောက်တော့ သေဆုံးသွားခဲ့ပြီ။ သူ့ မျက်ဝန်းတို့ကသူမ ကိုလိုက်လံရှာဖွေနေမိသည်။ သူမ ဘယ်ရောက်နေပါလိမ့်။
        အခန်းထောင့်တစ်နေရာတွင် လှပသေသပ်စွာပြင်ဆင်ထားသော အလောင်းစင်တစ်ခုကိုတွေ့ရသည်။ ကိုဖြိုးကို ခေါ်လာသော အဒေါ်ကြီးက -
       “ဒီမှာ မင်းသူငယ်ချင်းကိုကြည့်ပါဦးကွယ်”
       ဟုဆို၍ မျက်နှာပေါ်တွင်အုပ်ထားသော ပန်းရောင်ပုဝါစလေးကိုလှပ်ပြသည်။ ကိုဖြိုးနှင့်အတူ ငုံ့ကြည့်မိလိုက်သော သူ့ မျက်ဝန်း တို့ ပြာဝေကာ မူးမိုက်လဲကျမတတ် ခံစားလိုက်ရသည်။ နှင်းဆီပန်းတွေကြားမှာ အိပ်ပျော်နေသလို အေးချမ်းငြိမ်သက်နေတဲ့ သူမရဲ့ မျက်နှာ၊ သူ ဘယ်တော့မှမေ့နိုင်မှာမဟုတ်တဲ့ တသက်လုံးစွဲထင်ကျန်ရစ်နေမဲ့ မျက်နှာလေး။
        အို ဘာတွေ ဖြစ်ပျက်ခဲ့ပြီလဲ။
       သူခရီးသွားနေတဲ့သုံးလေးရက်အတွင်းမှာ သူမဘာများဖြစ်ပျက်သွားခဲ့ပါသလဲ။ သူ့မျက်စိနဲ့မြင်ရတာတောင် ဘယ်လိုမှ လက်မခံ၊ မယုံကြည်နိုင်ပေ။ အန်တီကြီးနဲ့ကိုဖြိုးပြောနေသောစကားတို့က သူ့နားတွင်မကြားတစ်ချက် ကြားတစ်ချက် ဘာမှမသဲကွဲ။ လူတွေ ရှေ့မှ အမြန်ဆုံးသာ ပြေးထွက်သွားချင်နေမိသည်။
       အပြန်လမ်းမှာ သူ ဘာစကားတစ်ခွန်းမှ မပြောနိုင်ပါ။ သူ့အခန်းထဲရောက်မှ တင်းထားသောစိတ်တို့ လျှော့ချအရည်ပျော်ကာ မျက်ရည်ပူတို့ ကျဆင်းလာမိသည်။ ညဘက်ရောက်မှာကိုလည်း သူကြောက်လာမိသည်။
       ထမင်းစားပြီးချိန်မှာ သူ့အခန်းထဲသို့ ကိုဖြိုး ၀င်လာသည်။
       “မင်းကို ညနေက ကောင်မလေးအကြောင်းပြောပြမလို့လေ။ မင်း စိတ်ဝင်စားမယ်ထင်လို့ပါ။ နောက်ပြီး မင်းက စာရေးဆရာ ဆိုတော့ မင်းအတွက်စာရေးဖို့ ကုန်ကြမ်းပေါ့။”
        ကိုဖြိုးစကားကိုနားထောင်ရင်း ညနေက သူမဘေးတွင် မြင်တွေ့ခဲ့ရသော
        အသက် (၂၁)နှစ်
       ဆိုသော စာတမ်းလေးကို မြင်ယောင်မိသည်။ ကိုယ်ချစ်သောမိန်းကလေးရဲ့နာမည်ကိုသိခွင့်ရချိန်မှာ ထိုမိန်းကလေးသည် လူ့ဘ၀ ကို စွန့်ခွာသွားခဲ့ပြီ။ သူမကို တိတ်တခိုးစောင့်ကြည့်စွဲလမ်းခဲ့သောသူတစ်ယောက်ရှိခဲ့တာကိုတောင် သူမသိမည်မဟုတ်ပေ။
      ကိုဖြိုးထံမှ ရင်နာကြေကွဲဖွယ် ဇာတ်လမ်းတစ်ပုဒ်ကိုသိရှိခဲ့ရသည်။
       “၀င့်နဲ့ ငါတို့က ခြံချင်းကပ်ရက်ဆိုတော့ ငယ်ငယ်လေးထဲက သိခဲ့ကြတယ်။ ၀င့်ဟာစွဲအလမ်းကြီးတယ်။ စိတ်ထားနူးညံ့တယ်။ သဘောကောင်းတယ်။ တစ်ဦးတည်းသောသမီးဆိုတော့ မိဘတွေကလည်း အလိုလိုက်ထားတယ်။ သူ့အိမ်မှာ သူလိုချင်တာမှန်သမျှ အကုန်ဖြစ်စေရစေခဲ့တယ်။ ၀င့်(၁၈)နှစ်ကျော်လောက်မှာ မမျှော်လင့်ပဲ သူ့မိဘတွေ ဇာတိတောရွာလေးကိုအပြန် လမ်းမှာဓားပြတိုက် ခံရရင်း ဓားပြတွေရဲ့လက်ချက်နဲ့  ဆုံးပါးခဲ့ရှာတယ်။ သူ့ မိဘတွေမရှိတော့တဲ့အချိန်မှာ စီးပွားရေးကိစ္စတွေကို သူ့အဖေရဲ့ လူယုံတော်ဦး တင်ဖေကပဲ ဆက်ပြီးစီမံလုပ်ကိုင်ပေးခဲ့တာလေ။ ဦးတင်ဖေကျန်းမာရေးမကောင်းတော့တဲ့အချိန်မှာ ရန်ကုန်မှာကျောင်းတက်နေတဲ့ သူ့ သားရဲထွဋ်ခေါင်ကို ပြန်ခေါ်ပြီး ဒီကလုပ်ငန်းတွေကို ဦးစီးခိုင်းခဲ့တယ်။ ရဲထွဋ်ခေါင်က ၀င့်ထက်သုံးနှစ်လောက်ကြီးတယ်လေ။
       သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်ချစ်သွားကြတယ်။ ၀င့်မှာအားကိုးစရာဆွေမျိုးမိဘမရှိတော့ ရဲထွဋ်ခေါင်ကပဲ အစစအရာရာကို ဦးဆောင်ပေးခဲ့ရတယ်။ ၀င့်နဲ့အတူနေတဲ့အန်တီကြီးကတော့ ငယ်ငယ်ထဲက ၀င့်ကိုထိန်းကျောင်းလာတဲ့သူပဲ။ ဒါပေမယ့် ၀င့်ကို သူက ဘာမှမလွန်ဆန်နိုင်ဘူး။ ၀င့်ဆိုးရင် ၀င့်ကိုထိန်းနိုင်တာက ရဲထွဋ်ခေါင်တစ်ယောက်ပဲရှိတယ်။
        သူတို့နှစ်ယောက်ဟာ သိပ်ကိုချစ်ကြတယ်။ ညအိပ်ချိန်ကလွဲရင် ၀င့်အနားမှာ ရဲထွဋ်ခေါင်ရှိနေပေးခဲ့တယ်။ ဒါပေမယ့် သူတို့ ဟာသန့်ရှင်းစွာမောင်နှမလိုချစ်ကြတယ်ဆိုတာကို ငါတို့ အားလုံးသိနေကြတယ်။ ၀င့်နဲ့အသင့်တော်ဆုံးသူဟာ ရဲထွဋ်ခေါင်ပဲဖြစ်တာ ကြောင့် ဆွေမျိုးတွေကပဲ သူတို့လက်ထပ်ဖို့စီစဉ်ပေးခဲ့ကြတယ်။
       တို့ မြို့ ရဲ့ နာမည်အကြီးဆုံးခန်းမကြီးမှာ ဒိတ်ယူထားပြီးပြီ။ ဖိတ်စာလည်း ရိုက်ပြီးနေပြီ။ မင်္ဂလာခမ်းဝင်ပစ္စည်းတွေလည်းဝယ်ပြီးနေ ပြီ။ ဒါပေမဲ့ ကံကြမ္မာဟာ မမျှော်လင့်တဲ့နေရာက၀င်ပြီးတိုက်ခတ်သွားတယ်။ ဘာမှပြင်ဆင်ထားချိန်မရခင်မှာပဲ ၀င့်ကို ကံကြမ္မာကရက် စက်စွာ အနိုင်ယူသွားခဲ့တယ်လေ။
        ရဲထွဋ်ခေါင်ဟာ ၀င့်တို့ အလုပ်ကိုဝင်မလုပ်ခင်အချိန်က အရမ်းကိုဆိုးခဲ့ပေခဲ့တေခဲ့တဲ့သူတစ်ယောက်ဖြစ်မှန်း ၀င့်အပါအ၀င် ငါတို့  အားလုံးမသိခဲ့ကြဘူး။ သူဟာ ရန်ကုန်မှာ ကျောင်းတက်ရင်း မူးယစ်ဆေးဝါးရဲ့သားကောင်ဖြစ်ခဲ့ဘူးတယ်။ မူးယစ်ဆေးကို အပြင်း အထန်သုံးစွဲခဲ့ဖူးတယ်။ သူ့ အဖေကျန်းမာရေးမကောင်းချိန်ကြမှ သူ့ အကျင့်ဆိုးတွေကိုခ၀ါချပြီး ဒီမြို့ ကို ပြန်လာခဲ့တာ။ ဒါပေမဲ့ပြန်လာ ပြီး နောက်ပိုင်းမှာ သူတကယ်လိမ္မာသွားပြီး ၀င့်ကိုလည်း တကယ်ချစ်ခဲ့တာလေ။ မင်္ဂလာဆောင်ခါနီးမှာမှ ရဲထဋ်ခေါင်က အရင်ကသူ ဆိုးခဲ့ပေခဲ့တာတွေကို စိတ်မချဖြစ်လာတယ်။ ၀င့်ကိုလည်း စိတ်ရှင်းရှင်းနဲ့ လက်ထပ်ချင်တာကြောင့် သူသွေးသွားစစ်ခဲ့တယ်။
       သွေးအဖြေကို သွားယူတော့ စနေနေ့ ညနေခင်း။ မင်္ဂလာဆောင်က နောက်နေ့ တနင်္ဂနွေနေ့ ။ သူ့ အဖြေက HIV Positive တဲ့လေ။ သွေးအဖြေစာရွက်ကိုကိုင်ရင်း သူဘာလုပ်ရမှန်းမသိဘူး။ မယုံဘူး။ မယုံဘူးအော်နေပေမဲ့ မူးယစ်ဆေးကို အကြောထဲထိုး သွင်းသည်အထိ မိုက်ရူးရဲခဲ့တဲ့ သူ့ ရဲ့လုပ်ရပ်တွေ။ သူ ၀င့်ကို ရင်မဆိုင်ရဲဘူး။ သူ့ ကို အကိုတစ်ယောက်လို အဖေတစ်ယောက်လို တွယ်တာနေတဲ့ ၀င့်ကို မသန့် စင်တော့တဲ့ ကိုယ်ခန္ဓာနဲ့ လက်မထပ်ရဲဘူး။ ဒီအကြောင်းတွေသိရင် ၀င့် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ သူ့  ကို အရမ်းချစ်ရှာတဲ့ဝင့်က သူ့ ရောဂါကိုသိလည်း သူ့ ကိုချစ်တဲ့စိတ်နဲ့  မဖြစ်မနေ လက်ထပ်မှာကို သူသိနေခဲ့တယ်။
      သူ့ သူငယ်ချင်းဆရာဝန်က စိတ်အေးအေးထားဖို့  ကြိုတင်သိရင် ကာကွယ်မှုတွေ ကြိုတင်လုပ်နိုင်တာမို့ ဘာမှစိတ်မပူဖို့ ထင် ရာလျှောက်မလုပ်ဖို့ ပြောခဲ့ပေမဲ့ ရဲထွဋ်ခေါင်တစ်ယောက် နားမ၀င်ခဲ့ဘူး။ နောက်နေ့ မင်္ဂလာပွဲမှာအလှပြင်ပြီး မင်္ဂလာဧည့်ပရိသတ်တွေ အလယ်ကိုရောက်နေတဲ့ သတို့ သမီးဝင့်ဆီကို သတို့ သားအစား “ကို့ ကိုခွင့်လွှတ်ပါ” ဆိုတဲ့ စာတိုလေးတစ်စောင်ရောက်လာချိန်မှာ ၀င့် သတိလစ်လဲကျသွားခဲ့တယ်။ ၀င့်သတိပြန်ရလာချိန်ထဲက သူ့ စိတ်ဟာ ပုံမှန်မဟုတ်တော့ဘူး။
        ဖြစ်ပျက်သွားတာတွေကို ဘယ်လိုမှလက်မခံနိုင်တာရယ်၊ နဂိုထဲကစိတ်အစွဲအလမ်းကြီးတာရယ်ပေါင်းပြီး သူ့စိတ်တွေမတည် ငြိမ်တော့ဘူး။ သွက်သွက်ခါမဟုတ်ပေမဲ့ယဉ်ယဉ်လေးရူးသွားရှာတယ်။ သူ့စိတ်ထဲမှာ ရဲထွဋ်ခေါင်မရှိတော့ဘူးဆိုတာကို သူလုံးဝလက် မခံနိုင်ဘူး။ သူ့ဆီကို တနေ့နေ့မှာပြန်လာမယ်လို့ သူယုံကြည်ထားခဲ့တယ်။ ယုံကြည်ထားသလိုပဲ သူညတိုင်း မျှော်လင့်စောင့်စားနေခဲ့ တယ်။ တစ်ခါတလေမှာတော့ သူ့ဘ၀မှာ ဘယ်သူမှမရှိတော့ဘူးလို့ မှတ်မိသလို သတိရသလိုပြောပြီးငိုရှာတယ်။
       ည ညဆိုရင် ရဲထွဋ်ခေါင်ပြန်လာမယ်ဆိုပြီး တစ်ညလုံးမအိပ်ပဲစောင့်နေတတ်တယ်။ နေ့ခင်းတွေဆိုရင် သူအိပ်တယ်။ အစားလည်း မှန်မှန်မစားဘူး။ ရှိတဲ့အန်တီကြီးကိုလည်း သူကမကြောက်တော့ သူလုပ်ချင်တာတွေ လုပ်လို့ ရနေခဲ့တယ်။
       အခုလည်း နဂိုထဲကကျန်းမာရေးမကောင်းတာတွေရယ် အစားမမှန်၊ အအိပ်မမှန်တာတွေရယ်၊ တညလုံး ခြံထဲမှာ ဆင်းထိုင်တတ် တာတွေရယ်ပေါင်းပြီး နမိုးနီးယားအပြင်ကျန်တဲ့ရောဂါတွေပါ ၀င်တော့တာပဲ။ ဆေးလည်းမှန်မှန်မသောက်တော့ မခံနိုင်ရှာဘူး လေ။ ဒီနေ့ နေ့လည်ကပဲဆုံးသွားရှာတယ်။ ငါတို့ မှာလည်း သူ့ ကိုသနားရုံကလွဲပြီး ဘာမှမလုပ်ပေးနိုင်ခဲ့ကြဘူးလေ။ သူ့ဘ၀လေးဝဋ် ကျွတ်သွားတယ်လို့ပဲ ပြောရမလားတောင်မသိတော့ပါဘူးကွာ။”
       ကိုဖြိုးက စကားရှည်ကြီးပြောပြီး မောသွားဟန်နှင့် အခန်းထဲကပြန်ထွက်သွားသည်။ သူ့ရင်မှခံစားမှုတို့သည် နင့်နင့်သည်းသည်း။ တဘက်ခြံသို့လှမ်းကြည့်ရင်း တချိန်ကသူမအရိပ်တွေကိုပြန်မြင်ယောင်လာသည်။
       အရင်တုန်းက သူမဆိုနေကျ သီချင်းက ခုတော့ သူ့ အတွက်ဖြစ်လာပြီလား မသိ။ သူကတော့ ဒီအိမ်လေးမှာ နေနေသေးသရွေ့၊ ညဘက်စာတွေရေးနေသေးသရွေ့ သူမရဲ့ဟိုးအရင်ကပုံရိပ်လေးကို မြင်ယောင်ကာ သူမရဲ့သီချင်းသံတို့ ကိုကြားယောင်ကာ သူမကိုမေ့မရ စွာဖြင့် သူတစ်ယောက်ထဲ တကိုယ်ရေညများကိုအထီးကျန်စွာဖြင့် ဖြတ်ကျော်နေရပါအုံးမည်။
မေဇူး
No comments:
Post a Comment