Showing posts with label ဝတ္ထုတို. Show all posts
Showing posts with label ဝတ္ထုတို. Show all posts
Sunday, April 14, 2013
လွင့်မျောတွယ်ငြိ သင်္ကြန်ဝိဥာဉ်
    သင်္ကြန်ဆိုတာ တို့ ဘ၀အတွက် ဘယ်လိုမှမေ့ထားလို့ မရတဲ့ ကာလအပိုင်းအစတစ်ခုပါပဲ။ သင်္ကြန်နီးပြီ ဆိုတာနဲ့ တို့ ရဲ့  ရင်ခုန်သံတွေ ကြိုတင်နွေးထွေးနေတတ်တာ ဟိုးငယ်စဉ်ထဲကပဲ။ မနက်ဖြန်သင်္ကြန် ဆိုရင် ဒီနေ့ ညကထဲက အိပ်မပျော်တော့ပဲ ဘယ်အချိန်မိုးလင်းပါ့ မလဲ လို့  နာရီထထကြည့်တဲ့အထိရူးသွပ်ခဲ့တာ။ မိုးလင်းတာနဲ့  အိမ်ထဲလူ အကုန်ကို ဦးဦးဖျားဖျား ရေလောင်းရမှ ကျေနပ်တတ်တာ။
        သင်္ကြန်ချစ်တဲ့တို့ အတွက် သင်္ကြန်ကို ပိုလို့ အမှတ်ရစေမဲ့ အဖြစ်အပျက်တွေ တိုက်ဆိုင်စွာပဲ ဖြစ်ပျက် ခဲ့တယ်နော်။ အချစ် ဆိုတဲ့အရာကို နားလည်အောင်သင်ကြားပေးခဲ့တဲ့ တို့ ရဲ့ ချစ်သူကို သင်္ကြန်ရေတွေ စိုရွှဲနေတဲ့ သင်္ကြန်အကျနေ့ မှာ စတင်သိကျွမ်းခွင့် ရခဲ့တယ်။ သင်္ကြန် မဏ္ဍပ်ဆောက်ထားတဲ့ သူငယ်ချင်း ဇာခြည်တို့ အိမ် မှာ နေ့ တိုင်းရေလာပက်တဲ့ တို့ နှင့် ဇာခြည့်အကိုရဲ့ သူငယ်ချင်း သူနှင့် သင်္ကြန် ရက်တွေ အတွင်းမှာ အတူaရကစားကြရင်း ရင်းနှီး ခဲ့ကြတယ်။
        တိုက်ဆိုင်မှုကတော့ ကျောင်းတွေပြန်ဖွင့်ချိန်မှာတို့ နှစ်ယောက် လုံး တက္ကသိုလ်တစ်ခုထဲ မှာ မေဂျာတူ တက်ရတာပါပဲ။ တို့ ထက် အသက်ကြီးပေမဲ့ သူကနိုင်ငံခြားကအဒေါ်ဆီမှာ ၃နှစ်လောက်သွားနေ ခဲ့တော့ အခုမှတို့ တွေနဲ့  အတူ ပထမနှစ် စတက်ရတာပေါ့။
       ရယ်လိုက်တိုင်း ချစ်စရာပါးချိုင့်လေးနှင့် သွားစွယ်ချွန် ချွန်လေးတွေနှင့် ကလေးတစ်ယောက်လို ဖြူ စင်ပြီး ချစ်စရာ ကောင်း တဲ့သူ့ ကို သူ့ ရဲ့သတ်မှတ်ချက်တိုင်း “ကိုကြီး” လို့ ခေါ်ရတယ်။ တို့  ကိုတော့ သူက “ခရု”တဲ့လေ။ တို့ နာမည် “ခင်ခင် ယု” ကို စကားပြောရင် ခင်ယုကလေ လို့  မြန်မြန်ပြောရင်းကနေ ခရု လို့ ဖြစ် သွားခဲ့တာ။ သူငယ်ချင်းတွေအားလုံးကလည်း “ခရု” လို့ ပဲခေါ် ကြတော့ တို့ ကိုယ်တိုင်လည်း စကားပြောရင် “ခရု” လို့ ပဲ ပြော တတ်တော့တာ ကြာပြီ။
        ပထမနှစ်ကျောင်း တက်ရက်တွေမှာ အဖော်မဲ့မှာစိုးရွံ့ နေတဲ့ တို့ ရဲ့ ပူပန်မှုတွေကို ကိုကြီးကချေဖျက်ပေး ခဲ့တယ်။ မန္တလေးက ဆယ်တန်းအောင်လာပြီး ရန်ကုန်မှာကျောင်းလာတက်တဲ့ တို့ မှာ သူငယ်ချင်းဆိုလို့  လက်ငါးချောင်းပြည့်အောင် မရှိခဲ့ဘူး။ အဲဒီအထဲမှာ ကိုကြီး ကိုတော့ အခင်တွယ်ရဆုံးပေါ့။
          တို့ ကို ကလေးတစ်ယောက်လို အရိပ်ကြည့်ပြီးစောင့်ရှောက်တတ်တဲ့ ကိုကြီးရဲ့ဂရုစိုက်မှုတွေ၊ တည်ငြိမ်ပေမဲ့ တောက်ပတဲ့ကိုကြီးရဲ့ မျက်ဝန်းနွေးနွေးတွေကြားမှာ တို့ ဟာအချစ်ဆိုတာကို စတင်ကြား နာခဲ့ရတယ်။ သူများ တွေကသတိထားမိလောက်တဲ့အထိ ကိုကြီးက တို့ ကိုအလေးအနက်ထားခဲ့တယ်။
         တို့ တွေဆုံတွေ့ ခြင်းရဲ့ နှစ်ပတ်လည် သင်္ကြန်နေ့ မှာပဲ တို့ နှစ်ယောက် သိပ်ချစ်တဲ့ချစ်သူတွေ ဖြစ်ခဲ့ကြ တယ်နော်။ သင်္ကြန်မှာ ဘယ်မှမသွားဖြစ်တဲ့ တို့ ကို ကိုကြီးကညနေပိုင်းမှာ အဆောင်ကို လာကြိုခဲ့တယ်။ သင်္ကြန်ရေကြားမှာ ဘယ်သွား ရမယ်မှန်းမသိတာနဲ့  အဆောင်နဲ့ သိပ်မဝေးတဲ့ ရန်ကုန်တက္ကသိုလ်ထဲကို အဓိပတိ လမ်းတလျှောက် ဖြည်းဖြည်းချင်း လျှောက် လာရင်း နှစ်ယောက်စလုံး အတွေးကိုယ်စီနှင့် တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။
        စာကြည့်တိုက်ရှေ့ က ကျောက်ခုံတန်းလေးတွေမှာဝင်ထိုင်ရင်း တို့ ရော၊ ကိုကြီးပါ ရင်ခုန်နေခဲ့ကြတယ်။ ညနေခင်း အကျနေ ဆည်းဆာဟာ တို့ နှစ်ယောက်ကြားကို ထိုးဖောက်ဝင်ရောက်နေတာ ဟာလည်း ကဗျာ ဆန်နေပြန်ရော။ အနားကို ကိုကြီးက တိုးကပ်လာရင်း တို့ လက်ကိုဆုပ်ကိုင်လိုက်ချိန်မှာ တုန်ယင်နေခဲ့တာ သင်္ကြန်ရေကြောင့်တော့မဟုတ်ဘူးထင်တယ်။
         “ခရုလေး” လို့  ကိုကြီးရဲ့ခေါ်သံအဆုံး တို့ မျက်ရည်တွေ စီးကျ လာခဲ့တာ ဘာကြောင့်မှန်း မသိဘူး။ တို့  ကို နှစ်သိမ့်သလိုဖက်ထား တဲ့ ကိုကြီးရဲ့ရင်ခွင်ထဲမှာ အားပါးတရငိုကြွေးခဲ့မိတယ်။ အဲဒီညနေ ခင်းလေးမှာပဲ ကိုကြီးနှင့်တို့  ဖွင့်ပြောစရာမလိုပဲချစ်သူတွေ ဖြစ် သွားခဲ့တယ်နော်။
          ဒီနှစ်မှာ ကျန်းမာရေးအခြေအနေကြောင့် ဘယ်မှမလည်ပဲ အဆောင်မှာပဲခွေနေတဲ့ တို့ ပျင်းမှာစိုး လို့ ဆိုပြီး နဂိုက စီစဉ်ထားတဲ့ သူငယ်ချင်းတွေနဲ့ သင်္ကြန်လည်ဖို့  အစီအစဉ်ကိုဖျက်ပြီး တို့ နားမှာ တနေကုန် အဖော်လုပ်ပေးတဲ့ ကိုကြီးကို တို့  ဘယ်လိုချစ်သွားမိမှန်း မသိဘူး။
        “သင်္ကြန်ရက်ကလေး နှစ်ရက်သုံးရက်ပဲ သူငယ်ချင်းတွေ နဲ့ ပျော်ရတာလျှောက်လည်ပါ ကိုကြီးရယ်။” လို့  တို့ က ပြောပေမဲ့
         “ကလေးနဲ့ နေရတာလောက်ပျော်စရာကောင်းတာရှိပါ့ဦးမလားကလေးရဲ့” ဆိုတဲ့ကိုကြီးရဲ့စကားကို ကြည်နူးမဆုံးဖြစ်ခဲ့ရတယ်။
        မနက်ပိုင်းတည်းက ကိုကြီးလာရင် လမ်းထိပ်က အအေး ဆိုင်လေးမှာ အကြာကြီးထိုင် စကားပြော၊ ထမင်းစားချိန် ဆိုင်မှာသွား စား၊ နေ့ လယ်ကျရင် အဓိပတိလမ်းအတိုင်းလျှောက်၊ ကျောက် ခုံလေးမှာ ထိုင်၊ တို့ က မုန့် တွေတမျိုးပြီးတမျိုးစားရင်း စကားတွေ ထိုင်ပြောရင် ကိုကြီးကပြုံးပြီးကျေနပ်စွာ ထိုင်နားထောင်၊ ညနေစောင်း ရင် နှစ်ယောက် အတူလက်တွဲပြီး အဆောင်ကို လမ်းလျှောက်ပြန်၊ ဒီလိုနဲ့ သင်္ကြန်ရက်တွေ ကို ပျော်ရွှင်စွာ ကုန်ဆုံးစေခဲ့တယ်။ ပြန် ပြီးတွေးရင် အမှတ်ရစရာတွေ ချည်းပါပဲ ကိုကြီးရယ်။ သင်္ကြန်ဆိုတာ (ကိုကြီးနဲ့ ဆုံတွေ့ ပြီးနောက်ပိုင်း) ဘယ်လိုမှ တို့ တစ်ယောက် ထဲ ဖြတ်ကျော်ဖို့ မလွယ်ပါဘူး။ သင်္ကြန်ရယ်၊ ကိုကြီးရယ်၊ တို့ ရယ် ဟာ ခွဲမရအောင် တစ်သားတည်းကျသွားခဲ့ပြီလေ။
          စဉ်းစားရင်းနဲ့  မနှစ်ကသင်္ကြန်ကိုပြန်ပြီးသတိရမိတယ်။ တို့  အမတွေက သင်္ကြန်ကိုသူတို့ နဲ့ အတူ ခရီးသွားတာလိုက်ဖို့ ခေါ် ကြတယ်။ တို့ မလိုက်ချင်ပါဘူး။ သင်္ကြန်ဆိုတာကို တို့ က ကိုကြီးနှင့် ပဲဖြတ်ကျော် ချင်တာ။ မလိုက်ချင်ဘူးလို့  ငြင်းပေမဲ့ မရဘူး။ မေမေ တို့ ကပါ လိုက်သွားဖို့ သဘောတူတာကြောင့် အမဖြစ်သူရဲ့ မလိုက် မနေရအမိန့် ကိုကြောက်လို့ နာခံပြီး လိုက် ခဲ့ရပေမဲ့ မပျော်ခဲ့ဘူး။ ကိုကြီးကို ဒီအကြောင်းပြောပြတော့ “ချောင်းသာကို ကလေးမှ မရောက်ဖူးသေးတာလိုက်သွားပါ” တဲ့ လေ။ ကိုကြီးကိုလိုက် ဖို့ ခေါ်ပေမဲ့ သူ့ အဘွားရှိရာ တောင်ကြီး ကိုသွားရမှာမို့ မလိုက်နိုင်ခဲ့ ဘူး။
          တို့ ကသင်္ကြန်ဆိုကိုကြီးနဲ့ ပဲနေချင်တာလို့  သူ့ ကိုပြောပြတော့ ဒီနှစ်မရှိလည်း နောင်နှစ်တွေကျရင် တူတူဖြတ်ကျော်နိုင်မှာပါ လို့  နှစ် သိမ့်တယ်။ တကယ်တမ်းကျတော့ ကိုကြီးက တို့ ထက်အရင်စော ပြီး တောင်ကြီးကိုထွက်သွား ခဲ့တယ်နော်။ ချောင်းသာသွားတဲ့လမ်း တလျှောက်မှာ ကိုယ့်ခံစားချက် နဲ့ ကိုယ်မို့  သူများတွေလို မပျော်နိုင် ဘူး။ အဲဒီတော့ တို့ က အားလုံးရဲ့ နောက်ပြောင် စရာဖြစ်နေတော့ တာပေါ့။
          သင်္ကြန်အကြိုနေ့ မနက်ပိုင်းတည်းက ရန်ကုန်ကထွက်ခွာခဲ့တာ ချောင်းသာကမ်းခြေဟိုတယ် ကိုရောက်တော့ နေ့ လည် ပိုင်းဖြစ်နေပြီ။ အားလုံးကအခန်းယူပြီးပြီဆိုရင်ပဲ ရေထဲကိုဆင်းဖို့  အဆင် သင့်ဖြစ်နေကြပြီ။ သူတို့ တွေ ထွက်သွားပြီး တော့မှ တစ်ယောက်ထဲစိတ်ဓါတ် ကျကျနဲ့ လမ်းလျှောက် ဖို့ ဟိုတယ်ရှေ့ ကို အထွက် အခန်းရှေ့ ကသဲပြင်ပေါ်မှာ ခရုသေးသေးလေးတွေ နဲ့ ပုံဖော်ထားတဲ့စာ ကိုဖတ်ရင်း တစ်ကိုယ် လုံးတောင့် ကနဲဖြစ်သွားမိ တယ်။ ရေးထားတာကိုလည်း ကြည့်အုံး။
          “ခရုလေး ကိုကြီး ရောက်နေပြီ။”တဲ့
          မဖြစ်နိုင်တာ၊ ကိုကြီးကတောင်ကြီးသွားနေတဲ့ဟာကို။ ဘယ်လို လုပ်ပြီး ချောင်းသာကိုရောက်လာနိုင် မှာလဲ။ စောစောက ရုတ်တရက်ပျော်သွားမိတဲ့အပျော်စိတ်ကလေးတောင် ဘယ်ရောက်သွားမှန်းမသိ ဘူး။ ရေသွားကူးကြတဲ့အုပ်စုကို တီးတိုး ကျိန်ဆဲမိ တယ်။ တတ်လည်းတတ်နိုင်ကြတယ်။ ရေကူးစရာ ရှိ အေးအေးဆေးဆေး မသွားကြဘူး။ သူများကို နောက်သွားကြ သေးတယ်။
           ကိုကြီးကို သတိရစိတ်တွေပိုလာတယ်။ ရေကူးနေကြတဲ့ သူတို့  ကိုငေးကြည့်ရင်း ကိုကြီးသာ အနား မှာရှိရင်ဆိုတဲ့ အတွေးနဲ့  လွမ်းလွမ်းဆွေးဆွေးဖြစ်နေတုန်း အေးကနဲဖြစ်သွားပြီး တစ်ကိုယ်လုံး စိုရွှဲစွာရေလောင်းချခံရတာကြောင့် စိတ်အနှောင့်ယှက်ဖြစ်စွာလှည့် အကြည့်
          “ဟင် ကိုကြီး”
          “ခရုလေး”
            အနားကိုရောက်လာတဲ့ ကိုကြီးကိုပျောက်သွားမှာစိုးသည့် အလား တင်းကျပ်စွာဖက်ထားပြီးမှ သတိပြန်ရကာ သူ့ ကို တွန်းထုတ်လိုက်မိတယ်။
           “ဘယ်လိုဖြစ်တာလဲ ခရုလေးရ။ အပြောင်းအလဲမြန်လှချည် လား။”
            “တော်ပြီ။ ကိုကြီးကိုမုန်းတယ်။ ခရုကဖြင့် လွမ်းလို့ သေတော့မယ်။ အားလုံးဝိုင်းညာကြ တယ်။ တောင်ကြီးကိုသွားတဲ့သူက ဘယ်လိုလုပ်ပြီးချောင်းသာရောက်လာရတာတုံး။ အခန်းဝကစာက ကိုကြီးလာရေးသွားတာလား။ ”
          “အင်းပေါ့။ ခရုလေး အံ့အားသင့်ဝမ်းသာသွားအောင် ကိုကြီးက တမင်ပြောမထားတာ။ ကိုကြီးလည်း သင်္ကြန်မှာ ခရု လေးနှင့်ခွဲပြီး ဘယ်မှမသွားနိုင်ပါဘူးကလေးရယ်။ ”
           “အတူတူပဲပေါ့ ကိုကြီးရဲ့”
           ကိုယ့်ကို အမြဲတမ်း အလိုက်သိလွန်းသောချစ်သူကို ပို၍ မြတ်နိုးရပြန်တယ်။ ထိုသင်္ကြန်ကတော့ သူမအတွက် ထူးထူးခြားခြားနဲ့  အပျော်ဆုံး ဖြစ်ခဲ့ရတယ်။
                                                                              xxx x x x         သင်္ကြန်ကျရင် ခရုနားကဘယ်ကိုမှမသွားပါဘူးဆိုတဲ့ ကိုကြီးရယ်။ ဒီနှစ်တော့ ခရုတစ်ယောက်ထဲ ထားခဲ့တယ်နော်။ လွင့်ပျံ့ လာသော သီချင်း အပိုင်းအစက ရင်ထဲကဝေဒနာကိုထပ်မံနှိုးဆွပြန်တယ်။
          “ဘယ်ဆီမှာလဲ အချစ်ဆုံးသူ၊ အမြဲတမ်းတ ညတိုင်းပဲ။ တစ်ကိုယ်ရေ ညများထဲ အိပ်မပျော်နိုင်တဲ့သူ” ကိုကြီးရေ၊ တို့ ကတော့ ကိုကြီးကိုတမ်းတ ရင်းရူးသွပ်နေဆဲပါပဲ။ နားလည်မှုတွေနဲ့ ပြည့်ဝနေတဲ့ချစ်သူနှစ်ဦး ဟာ လာမယ့် သင်္ကြန်မတိုင်ခင်(သို့ ) သင်္ကြန် အပြီးမှာလက်ထပ်မယ်လို့  စီစဉ်ခဲ့ကြတယ်။ ကန့် ကွက်မဲ့သူ မရှိ အဆင်ပြေနေခဲ့တဲ့တို့ ဘ၀ခရီးဟာ ရှေ့ ဆက်ရမဲ့အစီ အစဉ်တွေနှင့် ပျော်ရွှင်နေခဲ့ကြတယ်။ အခြေအနေ အပြောင်း အလဲတွေဖြစ်လာမယ်လို့ ထင်မထားခဲ့မိဘူး။
          ကိုကြီးရဲ့ အမြွှာညီဟာ အမေရိကမှာရှိတဲ့သူ့ အဒေါ်တွေဆီမှာနေရင်း ကျောင်းနေတာကို အစထဲက တို့ သိထားခဲ့တယ်။ တနေ့ မှာ ကိုကြီးရဲ့ အမြွှာညီဟာ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ရောဂါဖြစ်နေပြီး အခြေ အနေ အတော်ဆိုးနေတယ်လို့  သတင်းရခဲ့တယ်။ အချိန်မီကျောက်ကပ်ကို အစားထိုးမလဲနိုင်ရင် အသက် အန္တရာယ်စိုးရိမ်ရတယ်တဲ့လေ။ ဒါကြောင့် ကိုကြီးဟာ သူနဲ့  အချင်းတစ်ခု ထဲမွေးဖွားခဲ့တဲ့ သူ့ ရဲ့အမြွှာညီကို သူ့  ရဲ့ကျောက်ကပ်တစ်လုံးအစားထိုးပေးဖို့  သဘောတူခဲ့တယ်။ ပထမတစ်ခါ သူ နိုင်ငံခြားသွားချိန် ထဲက လိုအပ်တဲ့စမ်းသပ်မှုတွေလုပ်ပြီးသားတဲ့လေ။
          တို့ နှစ်ယောက်လက်ထပ်ဖို့ အစီအစဉ်ကို ခေတ္တရွှေ့ ဆိုင်းပြီး ကိုကြီး အမေရိကားကိုလိုက်သွားဖို့ ပြင် ဆင်ခဲ့တယ်။ တို့ ကတော့  ရုတ်တရက်ဖြစ်ပေါ်လာတဲ့အပြောင်းအလဲကို ဘယ်လိုလက်ခံရမယ်မှန်း မသိ စွာ ကြောင်တောင်တောင်နိုင်နေဆဲ။ ကိုကြီးကို စိတ်လည်း မချနိုင်၊ ခွဲလည်းမခွဲနိုင်၊ တားဖို့ လည်း မသင့်တော်နဲ့  တစ်နေ့ တစ်နေ့  မျက်ရည်ပဲ ကျနေမိတယ်။
            ကိုကြီးကတော့ မအားလပ်တဲ့ကြားက တို့ ကိုနှစ်သိမ့်ရင်း၊ သင်္ကြန် မှာပြန်လာနိုင်အောင်ကြိုးစားမဲ့ အကြောင်းနဲ့  တို့ ကို သိပ်ချစ်တဲ့ အကြောင်းတွေကို ထပ်တလဲလဲ ပြောနေခဲ့တယ်။ နောက်ဆုံးမှာတော့ ဘယ်လိုမှ မတတ်သာစွာနဲ့ ပဲ သင်္ကြန်ကျဖို့  သုံးလတိတိ လိုတဲ့နေ့ မှာ ကိုကြီး အမေရိကားကို ထွက်ခွာ သွားတော့တယ်။ ဘာကြောင့်မှန်းမသိပဲ တို့  စိတ်တွေလေးလံနေခဲ့ တယ်။ ဆေးဝါးတွေ ဘယ်လောက်ပဲ တိုးတက် တယ်ပြောပြော ကံကြမ္မာကိုတော့ ဘယ်သူမှမလွန်ဆန်နိုင်ဘူးလေ။ ကိုကြီး တို့  ညီအကို ကျန်းမာ ပါစေကြောင်းနဲ့  အမြန်ဆုံးအန္တရာယ်ကင်းစွာ အောင်မြင်စွာနဲ့  ခွဲစိတ်ပြီးပါစေကြောင်း နေ့ တိုင်း ဆုတောင်း ခဲ့ရတယ်။
           ဘာလိုလိုနဲ့  သင်္ကြန်ကျဖို့  နီးကပ်လာခဲ့ပြီ။ ခွဲစိတ်မှုအောင်မြင်ကြောင်းနှင့် မကြာခင်မှာပြန် လာနိုင်အောင်ကြိုးစားနေကြောင်း တို့ ဆီကို ကိုကြီးက ဖုန်းဆက်ပြီးအကြောင်းကြားခဲ့တယ်။ ဒါပေမဲ့ သင်္ကြန်နား နီးမှအဆက်အသွယ်ထပ်မရတာကြောင့် ဘယ်နေ့ ပြန်ရောက်မယ် မှန်း အတိ အကျ မသိခဲ့ဘူး။ ဒီလိုနှင့် သင်္ကြန်ကျခဲ့ပြီ။ သူများတွေ သင်္ကြန်မှာပျော်နေကြ တာကိုကြည့်ရင်း ရင်ထဲမှာလွမ်းလွမ်းဆွတ် ဆွတ်  ခံစားနေရတယ်။
            လမ်းမပေါ်ကဖြတ်သွားတဲ့သင်္ကြန်ကားတွေအသံကြားရင် တို့  မခံစားနိုင်ဘူး ဖြစ်နေတယ်။ တို့ နှစ်ယောက်အတူ ဖြတ်ကျော်ဖူးတဲ့ သင်္ကြန်ပေါင်း ၅နှစ်ရှိခဲ့ပြီ။ တို့ နှစ်ယောက်ရဲ့ တွယ်တာမှုဟာလည်း ဖျက်မရအောင် ခိုင်မြဲနေခဲ့ပြီ။
           “လွမ်းတယ်ကိုကြီးရယ် ပြန်လာခဲ့ပါတော့။ နေ့ တိုင်းမျှော်ရလွန်းလို့  ခရုလည်းမောလှပြီ။”
           ကိုကြီးကိုတမ်းတရတာ နေ့ စဉ်နဲ့ အမျှပါပဲ။ ဒီနေ့ သင်္ကြန်အတက်နေ့ ။ ကိုကြီးကိုလွမ်းဆွတ်မှုတွေကို ဘယ်လိုမှ မမျိုသိပ်နိုင်လွန်းစွာနဲ့  သင်္ကြန်ရေ ကြားထဲကပဲ ရန်ကုန်တက္ကသိုလ်ထဲကို ထွက်လာမိပါတယ်။ ကိုကြီးနဲ့ အတူ သွားစဉ်က စကားတပြောပြောနဲ့ မောရမှန်း မသိလျှောက်ခဲ့တဲ့ အဓိပတိလမ်း ဟာ အခုတော့ သူမတစ်ယောက်ထဲလျှောက်တဲ့အခါ မောပန်း၊ ရှည်လျား လွန်းလိုက်တာ။
          စာကြည့်တိုက်ရှေ့ ကထိုင်နေကျ အုတ်ခုံလေးပေါ်အရောက်မှာတော့ အုတ်ခုံပေါ်မှာစကားပန်းလေး များဖြင့် ပုံဖော်ထားသော စာတန်းလေး၊ တို့  အသက်ရှုရပ်လုမတတ် ခံစားလိုက်ရတယ်။
         “ခရုလေး၊ ကိုကြီး ပြန်ရောက်နေပြီ” တဲ့။
          “ကိုကြီးရေ” လို့ ပါးစပ်က လည်းခေါ်ရင်း လိုက်ရှာပေမဲ့မတွေ့ ဘူး။ နောက်ဆုံးမှာမောမောနဲ့ ထိုင်ချ လိုက်ပြီး ကျောက်ခုံပေါ် မျက်နှာအပ်ကာ ငိုနေလိုက်တော့ တယ်။ မျှော်လင့်ထားတဲ့အတိုင်း သိပ်မကြာခင်မှာ ပဲ ပခုံးပေါ်ကို ရေအေးအေးတွေ စီးကျလာတယ်။
          မော့ကြည့်လိုက်တဲ့အခါ တို့ ကိုရီဝေစွာငေးကြည့်နေသော ကိုကြီးရဲ့ မျက်ဝန်းများ ဘာကြောင့် အရည်ကြည်များ ရစ်ဝိုင်းပြီး မှိုင်းညှို့ နေ ရတာလဲ။ တို့ နားမလည်နိုင်ဘူး။
         “ကိုကြီး၊ ခရုကိုပြန်တွေ့ ရတာမပျော်ဘူးလားလို့ ။ မျက်နှာကြီးက ဘာဖြစ်နေတာလဲ။ နေ မကောင်းသေးဘူးလား။”
        “နေကောင်းပါတယ်ခရုလေးရယ်၊ ခရီးနည်းနည်းပန်းလာလို့ ပါ။ ကလေးနဲ့ တွေ့ ရတာ ကိုကြီးမပျော် ပဲနေပါ့မလား။”
        “ဒါဆိုရင်လည်း ပြီးရော။ ခရုက ကိုကြီးပြန်မလာခင် အိပ်မက်ဆိုးတွေ မက်နေလို့  စိတ်ပူနေတာ”
        “ဟုတ်လား။ ဘယ်တုန်းကမက်တာလဲဟင်” ပြန်မေးလိုက်သော သူ့  အသံက အလောတကြီးနိုင်လွန်း လှတယ်။
           “ဖြည်းဖြည်းမေးပါ ကိုကြီးရယ်။ ပြောပြမှာပေါ့။ မှတ်မှတ်ရရ သင်္ကြန် အကြိုနေ့ ညက ကိုကြီးကို ခရု အိပ်မက်တယ်။ ကိုကြီးကလေ အ၀တ်အစား အသစ်တွေဝတ်ထားပြီး အရမ်းကိုလှနေတယ်။ ပြီးတော့ ကိုကြီးက ခရုကို လာနှုတ်ဆက်တာတဲ့။ ဟိုးအဝေးကြီးကို သွားရတော့မှာတဲ့။ ခရုကမခွဲနိုင် လို့ မသွားပါ နဲ့ လို့  ငိုပြီးတားတာတောင် မရဘူး။ အတင်းကို ထွက်သွားခဲ့ တာ။ အိပ်မက်ထဲမှာ ၀မ်းနည်းလွန်းလို့  ငိုလိုက် ရတာ။ လန့် လည်းနိုးလာရော အပြင်မှာပါ ခရုတကယ်ငိုနေတာ သိလား။ ခေါင်းအုံးတစ်ခုလုံး စိုရွှဲ နေတာပဲ”
           “အဲဒါ ဘယ်အချိန်လောက်ကလဲ။ ကလေးမှတ်မိလား။”
           “မှတ်မိတယ်။ လန့် နိုးလာတော့ရေသောက်ချင်တာနဲ့ ထရင်း နာရီ ကြည့်လိုက်မိတာ။ ည ၁၁ နာရီ ခွဲတိတိပဲ။ အဲဒီ အချိန်မှာ တိုက်တိုက် ဆိုင်ဆိုင်ခွေးတွေကလည်း အရမ်းအူတော့ ကြောက်လိုက်တာ မပြောပါ နဲ့ တော့။ ဒါကြောင့် ကိုကြီးကိုစိတ်ပူနေမိတာ။ ခုတော့ ကိုကြီး လည်းချောချောမောမော နဲ့  ပြန်ရောက်လာပြီ ဆိုတော့တော်သေးတာပေါ့။ မဟုတ်ရင် ကိုကြီး မလာမချင်း စိတ်အေးနိုင်မှာမဟုတ်ဘူး။ လက်ထပ်ချင်ပြီ ကိုကြီးရယ်။ ခရုတို့ အတူနေကြရအောင်။ ကိုကြီးကို ထပ်ပြီးမခွဲနိုင်တော့ဘူး။ ကိုကြီးနဲ့  သာခွဲရရင် ခရုသေမှာ။ ခုလို ခဏလေးခွဲရတာတောင် မခွဲနိုင်ဘူး။ ကိုကြီးသာအနားမှာရှိရင် ဘ၀တစ်ခု လုံး အေးချမ်းသွားပြီ။ ကိုကြီးရယ်၊ ခရုရယ်၊ သင်္ကြန်ရယ် ဘယ်တော့မှမခွဲတော့ဘူးနော်။”
          ပြောပြောဆိုဆို သူ့ ရင်ခွင်ထဲတိုးဝင်လာသော သူမကို တင်းကျပ်စွာ ဖက်ထားမိပါတယ်။ သူ့ ရင်ထဲ မှာတော့ ဆို့ ဆို့  နင့်နင့် တုန်တုန် ယင်ယင် ..... ဆန်းကြယ်တိုက်ဆိုင်လွန်းလှတဲ့ စိတ်ချင်းဆက်သွယ်မှုကို ခံစားမိချိန် မှာကျလာတဲ့ သူ့  မျက်ဝန်းက မျက်ရည်တစ်စက် ဟာ သူမပါးပြင်ပေါ်သို့  လွင့်စဉ်ကျသွားတဲ့အခါ သူမက အလန့် တကြား .....
          “ကိုကြီး ငိုနေတာလားဟင်”
           “မဟုတ်ပါဘူးကလေးရယ်။ ကလေးနဲ့ အတူနေရတော့မှာမို့ ဝမ်းသာလွန်းလို့ ကျတဲ့မျက်ရည်ပါ။ ဒီနေ့ ကစပြီးကလေး ဘ၀တစ်ခုလုံး ကို နွေးထွေး လုံခြုံအောင်စောင့်ရှောက်သွားမယ်လို့  ကိုကြီး တစ်ဘ၀ စာလုံးအတွက် ကတိပေးပါတယ်။ ”
          မင်းရဲ့ ဘ၀ကလေးကို ထာဝရချမ်းမြေ့အောင် အတတ်နိုင်ဆုံး ကိုယ် ဖန်တီးပေးမှာပါ။ မင်းရဲ့ စိတ်ထဲမှာ ဘယ်လိုမှခံစားနိုင်မှာမဟုတ်တဲ့ အကြောင်းအရာတစ်ခုကို တစ်သက်လုံး ကိုယ် ဘယ်တော့မှ မပြောပြတော့ ဘူးလို့  ဆုံးဖြတ်ချက် အပြီးချလိုက်ပါပြီ။ ဒါဟာ ကိုကြီး ကိုသိပ်ချစ်တတ်တဲ့ မင်းရဲ့ အချစ်နဲ့ ၊ မင်းကို သိပ်ချစ် တဲ့ ကိုယ့်ရဲ့ အမြွှာ အကိုတို့ ရဲ့ အချစ်ကို လေးစားဂုဏ်ပြုလို့ ပါပဲ။
           ဟုတ်တယ်။ ကိုယ်ဟာ မင်းရဲ့ အချစ်ဆုံးကိုကြီးမဟုတ်ပဲ ကိုကြီးရဲ့ အမြွှာညီ ညီညီဆိုတာကို မင်း ဘယ်တော့မှ မသိစေရဘူး။ မင်းရဲ့ အချစ်ဆုံး ကိုကြီး၊ ကိုယ့်ရဲ့ အချစ်ဆုံးအကိုဟာ မင်းသူ့ ကို အိပ်မက်မက် တဲ့ သင်္ကြန် အကြိုနေ့  ည ၁၁နာရီခွဲအချိန်မှာပဲ ကွယ်လွန်သွားခဲ့ တာကို မင်း သိမယ်ဆိုရင်
             အံ့သြစရာကောင်းလွန်းစွာပဲ မင်းကို သူလာနှုတ်ဆက်တယ်လို့  မင်း အိပ်မက်မက်နေတဲ့အချိန်မှာ ကိုကိုဟာ မင်းနာမည်ကို ရေရွတ် တမ်းတရင်း ကွယ်လွန်သွားခဲ့တာဟာ ပြင်းထန်တဲ့အချစ်စိတ်ကြောင့်လား၊ အင်အားကြီး မားတဲ့ မသိစိတ်ရဲ့ စွမ်းအားကြောင့်လား။ မဝေခွဲနိုင်ခဲ့ဘူး။
              ကျောက်ကပ်အစားထိုးပေးဖို့  ရန်ကုန်ကလာတဲ့ ကိုကိုဟာ သူ့ ရဲ့ အသက်ကို အချိန်မီကယ် တင်ပေးနိုင်ခဲ့လို့  သူ အသက်ချမ်းသာရာရ ခဲ့ပေမဲ့ ကိုကို့ ရဲ့ အသက်ကိုတော့ သူ ပြန်မကယ်နိုင်ခဲ့ဘူး။ ကိုကို က သူ့ ချစ်သူအကြောင်းကို အမြဲ တမ်းတဖွဖွပြောတတ်လွန်းလို့  ခရုလေးဆိုတဲ့နာမည်ရယ်၊ သူတို့ နှစ်ယောက်ရဲ့ ရည်းစားဘ၀အကြောင်းတွေရယ်ကို အစ အဆုံး သိနေခဲ့တာ။ သူ့ ချစ်သူရဲ့ ဓါတ်ပုံကို ကိုယ်နဲ့ မကွာတမ်းဆောင် ထားတတ်တဲ့ ကိုကိုရဲ့ အကျင့်ကြောင့် သူ့ ချစ်သူကို ဓါတ်ပုံမှတဆင့် ရင်းနှီးကျွမ်း ၀င်နေခဲ့တာ။ သင်္ကြန် ဆိုတာ သူတို့ နှစ်ယောက်ရဲ့ အထိမ်းအမှတ်မို့ လို့  သူ မရှိရင် သူ့ ချစ်သူ တစ်ယောက် ထဲ အားငယ်နေမှာလို့ ပြောတတ်လွန်းလို့  သူတောင် မှအဖြစ်သည်းရန်ကောလို့ စနေခဲ့တာ။ ကိုကိုက သင်္ကြန် မရောက်ခင်နှစ်ရက် အလိုမှာ ပြန်ဖို့ ပြင်ဆင်ထားခဲ့တာ။ နေပါအုံးလို့  သူတို့ ဘယ်လိုတားတား မရ ခဲ့။ ပြန်ရမှာမို့  သိပ်ပျော်နေ တဲ့ကိုကိုဟာ ကံကြမ္မာရဲ့ထင်မှတ်မထား တဲ့ရက်စက်မှုကိုခံခဲ့ရတယ်။ ရန်ကုန် ကိုပြန်ဖို့ လေယာဉ်ကွင်းကိုအလာ လမ်းမှာ မမျှော်လင့်တဲ့ ကားတိုက်မှုကြောင့် သင်္ကြန်အမှီပြန်ချင်တဲ့ သူ့  စိတ်ကူးတွေ ပျက်စီးခဲ့ရတယ်။
          ကိုကို့ မှာ ထိခိုက်ဒဏ်ရာတွေပြင်းထန်နေတဲ့ကြားက သူရဲ့ ချစ်သူ အတွက် စဉ်းစားပြီး စီစဉ်ပေးခဲ့တာ။ ကိုယ့်ကိုလည်း ကတိတစ်ခုကို အတန် တန်တောင်းပြီး သူဖြစ်ချင်တာတွေကို မှာကြားခဲ့တာ။ ကိုကို့ အတွက် ၀မ်းနည်းနာကျင်နေတဲ့ ကိုယ် ဟာ ကိုကိုဖြစ်စေချင်တာ မှန်သမျှ လိုက် လုပ်ပေးဖို့  အဆင်သင့်ရှိနေခဲ့တယ်။ ကိုယ်ဟာကိုကို့ အစား မင်းအနား ကို ရောက်ဖို့  အကြောင်းဖန်လာတော့တာပါပဲ။
           အချင်းတစ်ခုထဲကမွေးဖွားလာတဲ့ရုပ်အရမ်းတူတဲ့ အမြွှာညီ အကိုနှစ်ယောက်ကို မိဘတွေတောင် ရုတ်တရက်မခွဲခြားနိုင်ခဲ့တာ။ တခါမှ ကိုယ့်ကို မမြင်ဘူးတဲ့ ကိုကို့ ချစ်သူဟာ ဘယ်လိုမှ သံသယ၀င်နိုင်စရာ မရှိ ပါ။ နောက်ဆုံးအချိန်ထိ ချစ်သူနာမည်ကိုရေရွတ်သွား ရင်း သေဆုံးသွားတဲ့ ကိုကိုရဲ့ စွဲလမ်းမှုကို ဘယ်လို မှ ဥပေက္ခာမပြုနိုင်ခဲ့ပါ။ ကိုယ့်ဆီကိုသာ ကိုကိုရောက်မလာခဲ့ရရင် ခုလိုအဖြစ်ဆိုးမျိုး ကိုကိုတို့ ချစ်သူနှစ် ဦးကြားမှာ ကြုံလာနိုင်စရာမရှိတာမို့  တွေးမိတိုင်းမှာတော့ ၀မ်းနည်း နာကျင်ရပါတယ်။
             သူရဲ့ သေဆုံးမှုကို သူ့ ချစ်သူအားမသိစေချင်သောကိုကိုဟာ ကိုယ့်ကို ခရုထံသို့  ကိုကြီးအဖြစ် သွားရောက်ဖို့ နဲ့  သူ့  ချစ်သူကို လက်ထပ်ပြီး တစ်သက်လုံးကြင်နာစွာစောင့်ရှောက်သွားဖို့  တောင်းပန် ခဲ့တယ်။ ကိုယ်တိုင် ကလည်း ဒီဇာတ်လမ်းကို သိထားပြီးသားမို့  ဟန်ဆောင်ဖို့ သိပ်မခဲယဉ်းခဲ့ဘူး။ သူတို့  အကြောင်းကိုဒိုင်ယာရီအမြဲရေးတတ်ခဲ့သော ကိုကိုကြောင့်လည်း ခရုမရိပ်မိစေခဲ့ပဲ အဆင်ပြေစွာ သရုပ်ဆောင်နိုင်ခဲ့တယ်။
               ရန်ကုန်ရောက်တော့လည်း ကိုကို့ အပေါ် အရမ်းချစ်တဲ့ သူမ အကြောင်းကို သိခဲ့ရတာမို့  သနား ဂရုဏာသက်စွာနဲ့  ညီမလေးတစ်ယောက်လိုရော၊ ချစ်သူတစ်ယောက်လိုပါ အပြီးတိုင်စောင့်ရှောက် သွားဖို့ ဆုံးဖြတ်ထားတဲ့ သူ့ စိတ်ကူးတွေ ပိုမိုခိုင်မာခဲ့ပါတယ်။
             သူတို့ မကြာခင်မှာပဲလက်ထပ်ဖြစ်ခဲ့တယ်။ လက်ထပ်ပွဲမှာကိုကို့ ကို သတိရလွန်းစွာနဲ့  သူကြေကြေ ကွဲကွဲ မျက်ရည်ကျတာကို သူမ ကတော့ ၀မ်းသာလွန်းလို့ ကျတဲ့မျက်ရည်လို့ ထင်နေခဲ့တာ။ ရှိပါစေတော့လေ။ ဘာမှ မသိတဲ့ သူမ ပျော်ရွှင်နိုင် ပါစေ။
             သူမက သူ့ ကို သံသယကင်းစွာဖြင့် ချစ်ခင်ကြင်နာလေတိုင်း၊ သင်္ကြန် တိုင်းမှာ သူမတို့ နှစ်ဦးရဲ့ ချစ်သူဘ၀က ကြည်နူးစရာ အဖြစ်အပျက် များကို သတိတရပြန်ပြောလေတိုင်း သူ့ မှာတော့ သင်္ကြန်မှာသေ ဆုံးသွားတဲ့ ကိုကို့  ကို သတိရမိပါတယ်။ သင်္ကြန်ကိုအရမ်းချစ်သော သူမဟာ သူမရဲ့ အချစ်ဆုံး ကိုကြီးကို အဲဒီ သင်္ကြန်ရက်တွေအတွင်းမှာပဲ အပြီးတိုင်လက်လွှတ်ဆုံးရှုံး လိုက်ရကြောင်းကို သိများ သိခဲ့ပါရင် . . . . .
မေဇူး
Thursday, March 14, 2013
ဝေးလွင့် လိပ်ပြာ
 ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ကို ချစ်သူများနေ့  Valentine Day ရယ်လို့  အများကတင်စားသတ်မှတ်ခဲ့ကြတာ သိပ်မကြာသေးပေ မဲ့ သူ့ အတွက်ကတော့ နှစ်ပေါင်းများစွာကြာမြင့်သည့် ဟိုးအရင်အချိန်များထဲကပင် အမှတ်တရပေါင်းများစွာ၊ မမေ့နိုင်သောကိစ္စပေါင်း များစွာတို့ ကို ထိုနေ့ တွင် ဖြစ်တည်စေခဲ့သည်လေ။
 ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ကို  Valentine Day ရယ်လို့  မြန်မာနိုင်ငံမှာ သတ်သတ်မှတ်မှတ်မရှိသေးခင်၊ လွန်ခဲ့သောနှစ်(၃၀) ၀န်းကျင်ကာလ၏သက္ကရာဇ်တစ်ခုတွင် သူ့ ကို မွေးဖွားခဲ့သည်။
သူအရွယ်ရောက်လာသောအချိန်မှာတော့ သူ့ ဘ၀အတွက်ချစ်ခြင်းများကို သယ်ဆောင်လာပေးသော ကောင်မလေးတစ်ယောက် ကို ဆောင်းနှင်းဝေသော ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ၏ မနက်ခင်းတစ်ခုတွင် စတင်ဆုံတွေ့ ခွင့် ရစေခဲ့သည်။ မှတ်မှတ်ရရ သူတို့    နှစ်ဦးဆုံတွေ့ ခဲ့ပြီး တစ်နှစ်အကြာ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ တွင်  သူချစ်သောကောင်မလေးထံမှချစ်အဖြေကို အမှတ် တရ မွေးနေ့ လက်ဆောင်အဖြစ် သူ ရရှိခဲ့သည်။
အတ္တမဲ့ခေါင်းစဉ်များအောက်မှ ကြေမွသွားသော နှလုံးသားများ
 တို့တစ်ကိုယ်လုံးမှာ အလှဆုံးအရာလို့ လူတိုင်းကတင်စားကြတဲ့ မျက်ဝန်းနက်နက်တောက်တောက်ပပတွေရဲ့ အကြည့်အောက် မှာမောင့်ရဲ့ ရင်ခုန်သံတွေ ဆူညံသွားစေခဲ့တယ်တဲ့လား။ တစ်ခုသော ခရစ္စမတ်မတိုင်ခင်ညတစ်ညမှာ ကာရယ်စင်းဂင်းလိုက် ဆိုတဲ့ တို့ရဲ့ အဖွဲ့နဲ့အတူ လိုက်ပါလာခဲ့တဲ့ တစ်ဦးတည်းသော မြန်မာကောင်လေးဟာ မောင်ဖြစ်နေခဲ့တာဟာ တို့နှစ်ယောက်တွေ့ဆုံခြင်းရဲ့ အစနော်။
     ကားတစ်စီးနဲ့ တစ်လမ်းဝင်တစ်လမ်းထွက် သီချင်းတွေသီဆိုကြတဲ့အခါ အိမ်တစ်အိမ်ကို ဆင်းပြီဆိုရင် တို့အနားမှာ မောင်ရှိနေတတ် တာ။ ကားပေါ်ပြန်ထိုင်လိုက်တိုင်းမှာလည်း တို့ရဲ့ဘေးမှာထိုင်တတ်တာတွေဟာ တိုက်ဆိုင်မှုသာဖြစ်တယ်လို့ ယူဆပေမဲ့ ဒါတွေ ဟာ မောင့်ရဲ့ရွေးချယ်မှုတွေတဲ့လား။
အရိပ်မဲ့ နှလုံးသား
ဟိုးအဝေးဆောင်းနှင်းများကြားမှ ဖြတ်သန်းလာသောအရိပ်လေးတစ်ခုကို မသဲမကွဲ မြင်နေရသည်။ အနီးကပ်လာလေ၊ ပိုမိုပီပြင် လာသော စွဲလမ်းမြတ်နိုးမိသည့် ပုံရိပ်ငယ်တစ်ခု -
ရွှန်းလဲ့တောက်ပသောမျက်ဝန်းတစ်စုံကို မျက်တောင်ရှည်များကာရံထားကာ မျက်ခုံးမွှေး ထူထူတန်းတန်းတစ်စုံနှင့် နှုတ်ခမ်း ပါးလေးကိုဖွင့်ဟကာ ပါးချိုင့်ကလေးနှစ်ခုပေါ်အောင် ပြုံးရယ်နေသော ရွှေဝါရောင်အသားအရည်ပိုင်ရှင် ကလေးငယ်တစ်ဦး။ ကျွန်မ အမြဲတမ်းတနေမိသော ပုံရိပ်စစ်တစ်ခု ...
“မေမေရေ မေမေ ဘယ်မှာလဲ” လို့  တကြော်ကြော်ခေါ်ရင်းပေးလာတာ ကျွန်မနားကိုရောက်လာတာမို့  ဒူးထောက်ထိုင်ချပြီး သူမလေးကို ပြေးပွေ့ လိုက်မိပါတယ်။ ကလေးငယ်က ကျွန်မရင်ခွင်ထဲမှာ ခေတ္တငြိမ်သက်နေပြီးမှ ကျွန်မ မျက်နှာကို သေချာမော့ ကြည့်ရင်း
“ဟင် မေမေမှမဟုတ်ပဲ။ အန်တီပါ။ အန်တီကဘယ်ကလဲဟင်”
“ရပါတယ် ကလေးရယ်။ တို့ က ကလေးရဲ့ မေမေမဟုတ်ပဲ အန်တီဖြစ်နေမယ်ဆိုရင်တောင် ဒီလိုချစ်စရာကောင်းတဲ့သမီးမျိုးကို ခဏလေးဖြစ်ဖြစ် ပိုင်ဆိုင်ပါရစေနော်။”
အစီအစဉ်အဆက်အစပ်မရှိပြောလိုက်တဲ့ကျွန်မစကားကို နားမလည်သလိုနားထောင်ရင်း ကျွန်မရင်ခွင်ထဲက ရုန်းထွက်သွားတဲ့ ကလေးငယ်ကိုကြည့်ပြီး ဘာကြောင့်ကျွန်မကြေကွဲနေရတာလဲ။
“ပြန်လာခဲ့ပါကလေးရယ်။ အနှစ်နှစ်အလလက အန်တီလိုလားတမ်းတနေမိတဲ့စွဲလမ်းမှုတစ်ခုကို ကလေးနဲ့ အစားထိုး ဖြေသိမ့်ခွင့် ရနိုင်ခဲ့ရင် သိပ်ကောင်းမှာပဲနော်။ ”
ရင်ထဲကစကားပေါင်းများစွာကို အသံတိတ်ပြောနေမိရင်း ပြေးထွက်သွားတဲ့ ကလေးငယ်နောက်ကို လိုက်ငေးကြည့် နေမိပါ တယ်။ ဟုတ်တယ်။ ကျွန်မချစ်သူကိုနဲ့ သာ လက်ထပ်ဖြစ်ခဲ့ရင် ဒီလိုချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက် ပိုင်ဆိုင် နိုင်မှာ ပဲလို့  ကျွန်မ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ အခု အဲဒီစိတ်ကူးနဲ့ ထပ်တူကျတဲ့ ကောင်မလေးကို ကျွန်မ အပြင်မှာမြင်လိုက်ရတာ။ ကြာတော့ ကြာခဲ့ပါပြီလေ။
ချစ်သူ့ တမ်းချင်း လွမ်းရင်းညည်းသော်
        ကိုယ်မြတ်နိုးတဲ့ယောကျာ်းတစ်ယောက်ကို မပိုင်ဆိုင်ချင်တဲ့မိန်းမရယ်လို့ မရှိပါဘူး မောင်။ ပိုင်ဆိုင်ခွင့် မရနိုင်လို့ ၊ မဖြစ်နိုင်လွန်းလို့ ၊ ကံကြမ္မာရဲ့မညှာတာမှုတို့ ကြောင့်သာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ၁၀၀ မှာ ၉၉ယောက်သောမိန်းမတွေဟာ ကိုယ့်ချစ်သူကိုသာ ပိုင်ဆိုင်ချင်ကြတာပါ။ မောင်စဉ်းစားကြည့်စမ်းပါ။ မိန်းမ ဆိုတာသ၀န်တိုတတ်တဲ့အမျိုးအစားလေ။ ဘယ်မိန်းမကများ ကိုယ့်ချစ်သူအခြားတစ်ယောက်နဲ့ လက်ထပ် တာကိုကြည်ဖြူနိုင်ပါ့မလဲ။ ကိုယ်မဟုတ်တဲ့ အခြားသူနဲ့  ချစ်ခင်ကြင်နာနေတာကို ရင်ဆိုင်နိုင်စွမ်းဘယ်ရှိပါ့ မလဲနော်။
       ဒါပေမဲ့လေ ကျွန်မကတော့ မောင်အခြားတစ်ယောက်နဲ့ လက်ထပ်မှာကိုကြည်ဖြူပေးနိုင်ခဲ့တယ်။ အခြားသူကိုကြင်နာမဲ့ မောင့်ကို ခွင့်လွှတ်နိုင်စွမ်းတွေရှိနေခဲ့တယ်။ အဲဒါ မောင့်ကို မချစ်လို့ မဟုတ်ပါဘူး။ ချစ်လွန်းလို့ ပါ။ မောင့်ကိုချစ်တဲ့စိတ်ကပဲ အရာရာကိုအနိုင် ယူပြီး မောင်ရဲ့ကောင်းစားရေးအတွက် အားလုံး ကို စွန့် လွှတ်နိုင်စွမ်းရှိသွားတာပါ။
လမ်းခွဲ
     သူမ မြတ်နိုးရင်ခုန်ခဲ့ဖူးသောမျက်ဝန်းတောက်တောက်တစ်စုံသည် လူအုပ်ကြားထဲတွင် တစ်စုံတစ်ရာကိုရှာဖွေနေတာမြင်ရသည်။ သူ့ မျက်ဝန်းတွင် မျှော်လင့်ခြင်းအရိပ်အယောင်တို့ဖြင့် ရွှန်းလဲ့နေသည်။ ထိုမျက်ဝန်းများကိုငေးမောကြည့်ရင်း သူမရင်မှခံစားချက်တို့ကို အပြင်သို့ မထွက်အောင်မျိုသိပ်ရတာ ပင်ပန်းလွန်းလှသည်။
     တကယ်တမ်းမှာတော့ သူရှာဖွေနေခဲ့သူမှာ သူမပင်ဖြစ်သည်။ သူ့ရဲ့မျက်ဝန်းထဲမှာ သူ့ဆီရောက်လာမည့် သူမကို မြင်ယောင်နေမှာ သံသယဖြစ်ဖွယ် မရှိပေ။ ဖြူဖွေးသော အသားအရေ၊ မြင့်မားသောအရပ်အမောင်းနှင့် ၀တ်ဆင်ထားသောအနက်ရောင် ဥရောပ၀တ်စုံ တို့က သူ့ကို လူကြားထဲမှာ ပိုမိုပေါ်လွင်စေသည်။
     စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ ခေါက်ပြန်လျှောက်နေသော သူ့ခြေလှမ်းတို့တွင် မျှော်လင့်ခြင်းအားမာန်များ ပြည့်ဖြိုးလျက်။ ထိုမျှော် လင့်ချက်တွေ မကြာခင်မှာ တစစီပြိုကွဲသွားမယ်မှန်းသိရင် ခုလို သူ နေနိုင်ပါ့မလား။ လက်ကနာရီကို တစ်ချက်ငုံ့ကြည့်မိသည်။ မိနစ်သုံး ဆယ် … ဒါဟာ သူနှင့်သူမတို့အတွက် နောက်ဆုံးအတူရှိနိုင်သည့်အချိန်လေးရယ်သာ။
     နောင်ဆိုတာဖြစ်လာတော့မှာမဟုတ်တဲ့ အနာဂတ်တစ်ခုကို သူမ စွန့်လွှတ်ခဲ့ပြီ။ သူမကိုယ်တိုင်စိတ်တိုင်းကျရွေးချယ်ခဲ့တဲ့လမ်း မှာ နှလုံးသားကိုနင်းခြေခဲ့ရတယ်ဆိုရင်တောင် မှန်ကန်စွာဆုံးဖြတ်နိုင်မှုအတွက် အမြဲတမ်းကျေနပ်နေမှာပါ။ သူမရဲ့တိုင်းပြည်အတွက်၊ သူမရဲ့ မိဘတွေအတွက်၊ နောက်ပြီး သူမကိုယ်တိုင် ပြုစုပျိုးထောင်ရမယ့် အနာဂတ်ရဲ့ ပျိုးပင်လေးတွေအတွက် သူမဘက်က အရာ အားလုံးကို စွန့်လွှတ်ခဲ့ပြီ။
ဘက်ဒေး ဗယ်လင်တိုင်း
        ဘ၀မှာပြောကြစတမ်းဆိုပါလျှင် “အိမ့်သဲပြည့်” ဆိုသော သူမသည် ရက်စွဲများကို အလေးအနက်ထားလွန်းသူ၊ သက္က ရာဇ်များ၊ ခုနှစ်များ၊ အမှတ်တရများစွာကို စွဲလမ်းတွယ်တာလွန်းသူတစ်ယောက်ဖြစ်ပြီး သူမချစ်သူကတော့ သူမနှင့်ဆန့် ကျင်စွာ ရက်စွဲများ၊ ခုနှစ်များကို သူအမြဲတွက်ချက်နေတတ်သော ငွေကြေးကိန်းဂဏန်းများလောက် စိတ်မ၀င်စား၊ တန်ဖိုးမထား တတ်သူတစ်ယောက်သာ ဖြစ်သည်။
           အချိန်ဆိုသောယန္တရား၏ ပြောင်းလဲလည်ပတ်စီးဆင်းမှုအောက်တွင် ဆယ်စုနှစ်ဆိုသောကာလတစ်ခု လွန်မြောက် သွားချိန်မှာတော့ ရက်စွဲများကိုရူးသွပ်တတ်သော သူမသည်လည်းကောင်း၊ ကိန်းဂဏန်းများကိုသာ စိတ်ဝင်စားတတ်သော သူမချစ်သူသည်လည်းကောင်း ရန်ခုန်စွဲလမ်းရူးသွပ်မှုတို့ သည် ထူးဆန်းစွာဖြင့် ပြောင်းလဲသွားတတ်ကြောင်းကို သူမကိုယ် တိုင် မျက်ဝါးထင်ထင်သိခွင့်ရခဲ့လေသည်။
                                                                    xxx
မျှော်လင့်ရင်း.......ဝေး
        ဒီညကောင်းကင်မှာ ကြယ်တွေထွန်းလင်းတောက်ပနေကြတယ်။ ကြယ်တွေရဲ့ကြားမှာမှ ၀င်းပတဲ့လမင်းသာနေတယ်လေ။ ဒီနေ့ လပြည့်ညပေါ့။ ကောင်းကင်ပေါ်က ငွေလမင်းကိုကြည့်ရင်း “၀င့်” တွေးနေမိတယ်။ “၀င့်” ရင်ထဲက ငွေလမင်း ဘယ်ဆီမှာလဲလို့ ပေါ့။
       တစ်ချိန်က၀င့်ရဲ့အနားမှာဝင့်ရဲ့အချစ်ဆုံး “ကို” ရှိနေခဲ့တယ်နော်။ သိပ်ကိုပျော်စရာကောင်းတဲ့နေ့လေးတွေပါပဲ။ အခုလို ကြယ်တွေစုံပြီး လသာတဲ့ညမျိုးမှာ ကိုကဂစ်တာကို ကျွမ်းကျင်စွာတီးခတ်ရင်း ၀င့်ကသီချင်းလေးတွေ သီဆိုရင်း အချိန်တွေကုန်ဆုံးစေခဲ့ တယ်။ လွမ်းဆွတ်စွာနဲ့ တမ်းတမိတာလည်းအကြိမ်ကြိမ်ပါပဲ။ ၀င့်ရဲ့အနားမှာ ၀င့်ကိုသိပ်ချစ်တဲ့ ချစ်သူ “ကို” ရှိနေခဲ့တာကို ငွေလမင်းနဲ့  ကြယ်လေးတွေအသိဆုံးပါ။ အိမ်မက်မဟုတ်ခဲ့ပါဘူး။ ခုတော့ဝင့်တစ်ယောက်ထဲ အထီးကျန်ဆန်စွာနဲ့ ညတွေကို ကျော်ဖြတ်နေရတယ်။
ဆုံမှတ်တို့ဝေးရာ
           ဖေဖော်ဝါရီလ 14 ရက် ချစ်သူများနေ့ Valentine Day အတွက်ထွက်နေသော သီချင်းခွေများ၊ အမှတ်တရ ပို့ စ်ကတ်လှလှလေး များ၊ လက်ဆောင်ပေးချင်စဖွယ်ဖြစ်အောင် အဆင်သင့်ထုတ်ပိုးပြင်ဆင်ထားသောအရုပ်များ၊ ချောကလက်များကို ရောင်း ချသောဆိုင်တွေကို နေရာအနှံ့ အပြားမှာ တွေ့ လာရတော့ ခုနောက်ပိုင်းလူငယ်တွေက ချစ်သူများနေ့  Valentine Day ကို အရင်ကထက်ပိုပြီး ခံစားရူးသွပ်လာကြတာပဲဟု တွေးမိပြန်သည်။ သူမအတွက်တော့ ဖေဖော်ဝါရီလ (14) ရက်နေ့  သည် ပြက္ခဒိန်ပေါ် မှ ရက်စွဲတစ်ခုရယ်သာ ……………
           အဲဒီလို အတွေးမျိုးတွေးမိတော့ ငယ်ငယ်ရွယ်ရွယ်လူငယ်တစ်ယောက်လည်း မဟုတ်ပါပဲနှင့် သူမနှင့် ဆန့် ကျင်စွာ Valentine Day ကို တန်ဖိုးထားသော၊ ချစ်သူများနေ့ ကို နူးညံ့ရင်ခုန်စွာဖြတ်ကျော် ကျင်းပချင်သော တစ်စုံတစ်ယောက်ကို ဖြတ်ကနဲ သတိ ရမိပြန်သည်။ ဖေဖော်ဝါရီလ (14) ရက်နေ့ ကို ပြက္ခဒိန်ပေါ်မှ ရက်စွဲတစ်ခုလို့ သာ သဘောထားလိုက်မိသော သူမအတွက်နှစ် စဉ် Valentine နေ့ တိုင်း သတိရမိနေမှာဖြစ်သောကိစ္စတစ်ခုကတော့ ဘ၀အတွက်ဖြစ်တည်ခဲ့လေပြီ။
        “တခါတရံ တိုက်ဆိုင်မှုတွေရှိလာတော့လည်း အမှတ်တမဲ့ မင်းကိုလွမ်းပါတယ်။ အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့လွယ် ကူစွာနဲ့ ငါ မေ့မရဘူးကွယ်။ တွေးရင်မှတ်မိအုံးမယ် ထင်ပါတယ်။” ဆိုတဲ့ လေးဖြူရဲ့သီချင်းထဲကစာသားလိုပါပဲ။ တိုက်ဆိုင်တိုင်း မှာတော့ သူ့ ကို သတိရမိနေမိခဲ့ပါသည်။ အထူးသဖြင့် သူမရဲ့အဖွဲ့ နဲ့ ခရီးတွေထွက်တိုင်းမှာပေါ့။ ပြန်တွေးကြည့်တော့ ဘာလို လိုနှင့် တစ်နှစ်နီးပါးပင် ကြာမြင့်ခဲ့လေပြီ။
                             x           x           x           x           x           x           x
Monday, March 11, 2013
စိတ်ကူးအိမ်
  ဖူးငုံ အင်ဂျင်နီယာတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အိမ်လေးတစ်လုံးကို ဖူးငုံ စိတ်ကူးနဲ့  တည်ဆောက်နေမိတယ်။ အေးချမ်းတိတ်ဆိတ်တဲ့ ခြံဝင်းလေးတစ်ခုထဲမှာ အိမ်ကလေးတစ်လုံး ပါမယ်။ အိမ်ရှေ့မြေကွက်လပ်မှာ ဖူးငုံရဲ့အစွမ်းအစနဲ့  စိုက်ပျိုးထားတဲ့ နှင်းဆီပန်းခင်းလေး ရှိနေမယ်။ အိမ်ဘေးဘက်အိပ်ခန်းရဲ့ ခေါင်းရင်းမှာ ရနံ့ မွှေးကြိုင်စွာနဲ့  ပွင့်တတ်တဲ့ စံပယ်ပန်းရုံကလေး ရှိမယ်။ ညဘက် ပြတင်းပေါက်ဖွင့်လိုက်ရင် တိုးဝင်လာတဲ့ လေပြည်ညှင်းနဲ့ အတူ လတ်ဆတ်တဲ့ စံပယ်ပန်းရနံ့ လေးတွေ ရောပါလာလိမ့်မယ်။
 နောက်ပြီး လသာတဲ့ညမျိုးမှာ အပြင်ထွက်ထိုင်ပြီး လရောင်ကို ခံစားနိုင်ဖို့  ကွပ်ပျစ်လေးတစ်လုံးကလည်း ရှိနေရမယ်။ ဖူးငုံက လသာတဲ့ညမှာ လမင်းကြီးကို မော့ကြည့်ရတဲ့ အရသာကို သိပ်ကြိုက်တယ်လေ။ အိမ်ရယ်၊ အိမ်ရဲ့ ပတ်ဝန်းကျင်မှာ ရှိရမဲ့အရာတွေရယ် ပြီးရင် မရှိမဖြစ် လိုအပ်တာကတော့ ဒီအိမ်ကလေးကို ဦးစီးမဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ပေါ့။
   သူက ဖူးငုံ သိပ်ချစ်ရမဲ့သူ၊ မြတ်မြတ်နိုးနိုးနဲ့  ‘မောင်’လို့  တမ်းတမ်းတတ ခေါ်ရမဲ့သူပေါ့။ သူကလည်း ဖူးငုံကို သိပ်ချစ်ပြီး အလိုလိုက် သူတစ်ယောက် ဖြစ်ရမယ်လေ။ မနက်မိုးလင်းရင် ဖူးငုံက အစောကြီးထပြီး ထမင်းချက်မယ်။ မနက်စာအတွက် စီစဉ်မယ်။ ဖူးငုံ ချက်ပြုတ်ပြီး လို့ မှ မောင်က အိပ်ရာမထသေးဘူးဆိုရင် ဆက်အိပ်လို့  မရအောင် နှောင့်ယှက်ပြီး နှိုးရမယ်။ ဥပမာ - ယားအောင် ကလိထိုးပြီး နှိုးတာမျိုးပေါ့။ မနက်စာကို နှစ်ယောက်အတူ စားပြီးရင် မောင် ရုံးသွားဖို့  ပြင်ဆင်ပေးမယ်။
    သူ ရုံးသွားနေချိန်မှာ အိမ်မှုကိစ္စ အစုံအလင်လုပ်ပြီး ရေချိုး၊ အ၀တ်လျှော်မယ်။ အားလပ်ပြီဆိုရင်တော့ ဖူးငုံဝါသနာပါတဲ့ စာရေးခြင်း အလုပ်ကို လုပ်မှာပေါ့။ ညနေ သူ ရုံးကပြန်ချိန်ကို ဆီးကြိုရင်း သူ ရေချိုးပြီးချိန် အဆင်သင့် ထမင်းစားနိုင်အောင် ပြင်ဆင်ပေးမယ်။ ထမင်းစား ပြီးရင်တော့ ခြံထဲမှာ လမ်းလျှောက်ရင်း သူ့ ကို ဖူးငုံရဲ့  ပန်းပင်လေးတွေအကြောင်း ပြောကြမယ်။
    နေ့ လယ်ကရေးဖြစ်တဲ့  ၀တ္ထုအကြောင်း ပြန်ပြောပြမယ်။ ညဘက် ဖူးငုံ စာရေးရင် သူက စာဖတ်ပြီး စောင့်ပေးမယ်။ ဒါမှမဟုတ် ဖူးငုံ ရေးထားတဲ့ စာမူလေးတွေကို တိတ်ဆိတ်စွာ ဖတ်ရင်း ဖူးငုံ စာရေးပြီးတဲ့အချိန်အထိ စောင့်မယ်။ ဖူးငုံ ရေးထားတဲ့ စာတွေအပေါ် သူ့ ရဲ့အမြင် ကို ဝေဖန်မယ်။ ဖူးငုံကလည်း ပြန်လည်ငြင်းခုန်ရင်း ချေပမယ်။ နောက်ဆုံးမှာတော့ ဘယ်လိုပြင်ရင်ကောင်းမလဲဆိုတာ ဆွေးနွေးရင်း ငြိမ်းချမ်း ရေး ပြန်ရလာလိမ့်မယ်။ ဒါဟာ ဖူးငုံရဲ့ တစ်နေ့ တာအစီအစဉ်လေးပေါ့။
    မိသားစု စီမံကိန်း အနေနဲ့  မောင်နဲ့ တူတဲ့ သားလေးတစ်ယောက်ရယ်၊ ဖူးငုံနဲ့ တူတဲ့ သမီးလေး တစ်ယောက်ရယ် မွေးဖွားချင် ပါတယ်။ ပျော်ရွှင်စည်းရုံးတဲ့ မိသားစုလေးတစ်ခု တည်ဆောက်ကြမယ်။ ဒီအိမ်လေးဟာ ဖူးငုံရဲ့ စိတ်ကူးအိပ်မက်တွေထဲမှာ စိုးမိုးနေတဲ့ စိတ်ကူးအိမ်လေးပေါ့ကွယ်။
                          x     x     x    x    x    x    x     x    x    x    x
     ကိုယ်ပိုင်မိသားစု ဘ၀လေးကို ဘာကြောင့် အရူးအမူးလိုချင်တမ်းတရသလဲဆိုတော့ ဖူးငုံဟာ ငယ်စဉ်ထဲက မိဘမဲ့တစ်ကောင်ကြွက် ဖြစ်ခဲ့လို့ ပါပဲ။ အဒေါ်အပျိုကြီး နှစ်ယောက်ရဲ့ ပြုစုပျိုးထောင်မှုနဲ့  ဖူးငုံလူလားမြောက်ခဲ့ရတာပါ။ ဖူးငုံဆယ်တန်းအောင်တဲ့နှစ်မှာပဲ အဒေါ် တစ်ယောက် ဆုံးပါးသွားခဲ့ပြန်တယ်။ အသက်ကြီးလာပြီဖြစ်တဲ့ အဒေါ်ကို ဒုက္ခမပေးသင့်တော့ဘူးလို့ ယူဆတာကြောင့် ဖူးငုံနေထိုင်ရာ နယ်မြို့  လေးကနေ အဒေါ့်မိတ်ဆွေရဲ့ ဆက်သွယ်ပေးမှုနဲ့   ရန်ကုန်ကို ပြောင်းလာဖြစ်ခဲ့ပါတယ်။
    အဆောင်တစ်ခုမှာ နေပြီး ဖူးငုံရဲ့ဘ၀ကို ကိုယ်ပိုင်အစွမ်းအစနဲ့  စတင်ရုန်းကန်ခဲ့ပါတယ်။ နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ရင်း အားလပ်ချိန်မှာ ကိုယ့်အတွက် အကျိုးရှိမဲ့သင်တန်းတွေတက်ခဲ့တယ်။ တက္ကသိုလ်တွေဖွင့်ချိန်မှာတော့ အဝေးသင်တက္ကသိုလ်ကိုပဲ ရွေးချယ်ခဲ့ တယ်။ ကိုယ့်ဘ၀ကိုယ် ထိန်းကျောင်းရင်း ဖူးငုံရဲ့ဘ၀မှာ နာမည်ပျက်မရှိအောင် ကြိုးစားပြီး နေထိုင်ခဲ့ပါတယ်။ ဘယ်လောက်ပဲ အဆင်ပြေ အောင်နေတယ်ဆိုပေမဲ့ အဆောင်မှာ အထီးကျန်ဆန်စွာနေရတိုင်း မိသားစုအသိုက်အ၀ိုင်းလေးကို ဖုးငုံ တမ်းတလွမ်းဆွတ်မိတယ်။
    နောက်ဆုံးမှာတော့ ထွက်ပေါက်တစ်ခုအနေနဲ့  ဖူးငုံ စာရေးဖြစ်ခဲ့တယ်။ ၀ါသနာပါရ အလုပ်မှာ အာရုံစိုက်ရင်း အားလပ်ချိန်တွေကို ကုန်ဆုံးစေခဲ့တယ်။ ကိုယ်ရေးထားတဲ့ ၀တ္ထုလေးတွေကို တစိမ့်စိမ့် ပြန်ဖတ်ကြည့်ရင်းရလာတဲ့ ကြည်နူးမှုကို နှစ်သက်လာမိတယ်။ မဂ္ဂဇင်း စာမျက်နှာပေါ်မှာ ကိုယ်ရဲ့ ခံစားချက်ဝိဥာဉ်လေးတွေကို ပုံနှိပ်စာလုံးတွေအဖြစ် ပါလာတဲ့အခါ မျှဝေခံစားမဲ့သူကင်းမဲ့စွာနဲ့  တစ်ယောက်ထဲ ပျော်ရွှင်ခဲ့ရတယ်။ နောက်ပိုင်းမှာတော့ ကိုယ့်ဘ၀ကို အားပေးကူညီ နှစ်သိမ့်ပေးမဲ့ အဖော်မွန်တစ်ယောက်ကို တောင့်တလာမိတယ်။  ဒါနဲ့  ပဲ ဖူးငုံရဲ့ စိတ်ကူးအိမ်ကလေး စတင်သန္ဓေတည် မွေးဖွားလာတယ်ဆိုပါတော့လေ။
      ဖူးငုံရဲ့ဘ၀မှာ မရရှိခဲ့တဲ့ ချစ်ခြင်းမေတ္တောတွေကို တစ်စုံတစ်ယောက်အတွက် ဖူးငုံ ပေးဆပ်ချင်နေမိတယ်။ တစ်နေ့ မှာတော့ ဖူးငုံရဲ့ ဘ၀ထဲကို လူတစ်ယောက် ၀င်ရောက်လာခဲ့ပါတယ်။ သာမာန်ဝင်ရောက်လာတာမဟုတ်ပဲ အိပ်ပျော်နေတဲ့ နှလုံးသားကို ရိုက်ပုတ် နှိုးဆွပြီး တော့ တည်ငြိမ်မှုကင်းမဲ့အောင် လုပ်ခဲ့တယ်။ တစ်နှစ်ဆိုတဲ့ အချိန်တိုတိုအတွင်းမှာပဲ ဖူးငုံ သူ့ ကို စွဲနစ်စွာ ချစ်သွားမိခဲ့တယ်။ မြတ်မြတ်နိုးနိုးနဲ့  ‘မောင်’ လို့ လည်း ခေါ်ခဲ့မိတယ်။ သူ့ ကို ချစ်တာ သူ့ ရဲ့ ရာထူး၊ ဂုဏ်အရှိန်အ၀ါတွေကြောင့်လည်း မဟုတ်ဘူး။ ချမ်းသာတဲ့မိသားစုက ပေါက် ဖွားလာတာကြောင့်လည်း မဟုတ်ရပါဘူး။ ချောမောခန့် ညားတဲ့ သူ့ ရုပ်သွင်ကြောင့်လည်း မဟုတ်ခဲ့ဘူး။
    ဖူးငုံ လိုချင်တောင့်တခဲ့တဲ့ စိတ်ကူးအိမ်ကလေးကို သူနဲ့ အတူ ယှဉ်တွဲတည်ဆောက်ချင်လို့ ပါပဲ။ သူ့ မျက်နှာကိုကြည့်ပြီးသူ့ ဦးဆောင် မှု နောက်ကို လိုက်ချင်မိတယ်။ ဒါဟာ ကိုယ့်မာနနဲ့ ကိုယ် ဘ၀တစ်ခုတည်ဆောက်နေတဲ့ မိန်းမတစ်ယောက်ရဲ့ ကျဆုံးခြင်းအစဆိုတာ သိပေမဲ့ ပြန်ပြင်ဖို့  ဖူးငုံ မစဉ်းစားခဲ့မိဘူး။ အမှားအမှန်ကို ချင့်ချိန်ဝေဖန်ပြီး ကိုယ့်ကိုကိုယ် ဆုံးမနေရတဲ့ဘ၀ကနေ ကိုယ်နှစ်သက်တဲ့လူတစ်ယောက်ရဲ့ ကိုယ့်အပေါ် စိုးရိမ်စွာနှင့် ဆုံးမပဲ့ပြင်မှုကိုခံယူချင်မိတယ်ဆိုရင် ဖူးငုံကို ရူးနေပြီလို့  ဆိုကြမလားပဲ။ ဒါပေမဲ့ ဒါဟာ မေတ္တာငတ်မွတ်နေသူတစ်ဦး ရဲ့ ခံစားချက်လို့  စာနာနားလည်ပေးစေချင်ပါတယ်။
    ထင်ထားတာတွေ ဖြစ်မလာတတ်သလို၊ မထင်ထားတာတွေ ဖြစ်လာတတ်တာပဲ။ တနေ့ မှာ မောင်က ဖူးငုံကို သူ့ ရဲ့ မိဘတွေနဲ့  ဆုံ တွေ့ စေခဲ့တယ်။ အရာရာမှာ ရဲဝံ့နိုင်ခဲ့သမျှ ဒီတခါမှာတော့ တုန်ယင်နေမိတယ်။ ဆင်းရဲချမ်းသာ မခွဲခြားတတ်ပါဘူးဆိုတဲ့ နိဒါန်းစကားက ဖူးငုံ ရဲ့ ရင်အပူကို ခေတ္တမျှ ငြိမ်းအေးသွားစေပေမဲ့ တာရှည်မခံခဲ့ပါဘူး။ အပြုံးမပျက်မေးနေတဲ့မေးခွန်းတွေရဲ့ နောက်ကွယ်မှာ အဓိပ္ပါယ်ပေါင်းများစွာ တွယ်ငြိနေတယ်ဆိုတာ ဖူးငုံ ရိပ်မိလာတယ်။ နှုတ်ခမ်းဖျားကစကားတွေ ချိုသာသလောက် မျက်ဝန်းမှအကြည့်များက အထင်သေးခြင်းများ ပေါင်းစပ်စီးဝင်နေသော အေးစက်စက် အကြည့်စိမ်းများ။
    ဖူးငုံ နှုတ်ခမ်းတွေ ဖြတ်ကနဲ တွန့် သွားတယ်။ ဖူးငုံ မကျေနပ်တာတွေ့ တိုင်း မထီတရီ ပြုံးတတ်တဲ့ မဲ့ပြုံး ဆိုတာ မောင် သိမှာပါ။ သိလို့ ပဲ ချက်ချင်း မျက်နှာပျက်သွားပြီး စကားလမ်းကြောင်းပြောင်းဖို့  ကြိုးစားတယ်။ ကျေးဇူးတင်ပါတယ် မောင်။ ဒါပေမဲ့ မောင့်အသိုင်းအ၀ိုင်း ရဲ့ ဖူးငုံအပေါ်ထားတဲ့ သဘောထားကို ဘယ်သူမှ ပြောစရာမလိုပဲ အလိုလို သိလိုက်ပါပြီ။ အပြန်လမ်းတစ်လျှောက်မှာ ဆုပ်ကိုင်လာတဲ့ မောင့် လက်တွေကို အရင်လို နွေးထွေးတယ်လို့  ဖူးငုံ မထင်မိတော့ဘူး။
     မောင်နှင့် ဖူးငုံကြားမှာ မမြင်နိုင်တဲ့အလွှာတစ်ခု စတင် ခြားနားစပြုလာခဲ့ပြီ။ မကြာခင်မှာပဲ အဲဒီ ခြားနားခြင်းအလွှာဟာ သိသိသာ သာပဲ ဖူးငုံတို့ နှစ်ယောက်ကို စတင်ခွဲခြားလာပါတော့မယ်။ မောင်ကတော့ သူကအဓိကပါလို့  ပြောတယ်။ သူက ဖူးငုံကိုလေးလေးနက်နက် ချစ်ရင်၊ လက်ထပ်ရဲရင် ကျေနပ်ပြီ မဟုတ်လားတဲ့။ ဟင့်အင်း။ ဖူးငုံ ယောကျာ်းလေးတစ်ယောက်ကို သူ့ မိဘအသိုင်းအ၀ိုင်းက သဘောတူ အသိမှတ်မပြုပဲ လက်မထပ်နိုင်ဘူး။ မိဘသဘောမတူလို့  ခိုးရာလိုက်ပြေးတာမျိုးလည်း ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။
     အဆောင်မှာ နေတဲ့ မိန်းကလေးတစ်ယောက်မှာလည်း ရှိသင့်ရှိထိုက်တဲ့ မာနအပြည့်နဲ့ ပဲလေ။ အဆောင်မှာနေတိုင်း လွတ်လပ် ပျက်စီးနေတာ မဟုတ်ပါဘူး။ မိဘရဲ့အရိပ်အောက်မှာနေပြီး လွတ်လပ်ပျက်စီးနေတဲ့သူတွေလည်း ရှိတာပါပဲ။ ကိုယ့်ဘ၀ တိုးတက်ရာတိုးတက် ကြောင်း ကြိုးပမ်းရင်း အခက်အခဲအမျိုးမျိုးကြောင့် မဖြစ်မနေ အဆောင်နေရသူတွေ အများကြီးပါ။ အားလုံးကို သိမ်းကျုံးပြီး အထင်သေးတဲ့ လေသံ၊ အထင်သေးတဲ့အကြည့်တွေနဲ့  မောင့်အိမ်က ပြောသွားခဲ့တယ်လေ။
    မောင့်မိဘတွေကို အပြစ်မတင်လိုပါဘူး။ ဘယ်မိဘမဆို ကိုယ့်သားသမီးကို အကောင်းဆုံး ဖြစ်စေချင်တဲ့ဆန္ဒရှိတာကို ဖူးငုံ နားလည် ပါတယ်။ နောက်ပြီး ဖူးငုံဝါသနာပါတဲ့ စာရေးခြင်းကိုလည်း ထိခိုက်စွာ ပြောခဲ့သည်ပဲလေ။ ဖူးငုံနေမကောင်းလို့  မောင့်ဆီ ဖုန်းဆက်ဖြစ်တဲ့ နေ့  တစ်နေ့ ဟာ မောင်နှင့် ဖူးငုံအတွက် ကံဆိုးခြင်းကို သယ်ဆောင်လာခြင်းရဲ့အစပေါ့။
   မောင့်နာမည် မေးတော့ မရှိဘူး အပြင်သွားတယ်တဲ့။ ဘယ်သူ ဆက်တယ်လို့  ပြောလိုက်ရမလဲ ဆိုတဲ့ အမေးကြောင့်
   “ပွင့်ဖူးငုံလို့  ပြောပေးပါ မမ”
 “အားတာနဲ့  ဖုန်းဆက်နေကြတာပဲ၊ ဘယ်ကဟာတွေမှန်း မသိဘူး။ ရှုပ်ရှုပ်ယှက်ယှက်၊ ညီညီ့ကို မိန်းမပေးစားဖို့  မေမေ့ကို အမြန်ဆုံး စီစဉ်ခိုင်းမှပဲ”
    ဖူးငုံနားနဲ့ ဆတ်ဆတ် ကြားလိုက်ရတဲ့ မောင့်မမရဲ့ စကားသံ။ ဘယ်တော့မှမေ့နိုင်တော့မှာ မဟုတ်တဲ့ စကားလုံးများ။ အဲဒီနောက်ပိုင်း ကစလို့  မောင့်ဘ၀ထဲဝင်ဖို့  ဖူးငုံ မကြိုးစားတော့ပါဘူး။ မကြာခင်မှာပဲ မောင့်ကို အိမ်က လက်ထပ်ပေးတော့မယ်ဆိုတာ သိလာရတယ်။မောင် က ဖူးငုံကို ခိုးပြေးမယ်ပြောပေမဲ့ ဖူးငုံ လက်မခံခဲ့ပေ။
  မောင့်ကို ဖူးငုံရဲ့ စိတ်ကူးအိမ်လေးအကြောင်း ပြောပြဖူးတာမို့  မောင်က သူနှင့်လက်ထပ်ပြီးရင် အဲဒီလိုအိမ်လေးမျိုးနဲ့  ဖူးငုံနေချင်တဲ့ ဘ၀လေး လက်တွေ့ နေစေရမယ်လို့  ပြောတယ်။ မောင်နဲ့ ဖူးငုံ ဘ၀မှာ ဒီလိုအိမ်ကလေးရှိလာနိုင်စရာ အကြောင်းမရှိတော့ပါဘူး။ ပိုက်ဆံ ချမ်းသာလို့  မောင့်ကို ယူတာလို့  မောင့်အသိုင်းအ၀ိုင်းက စွပ်စွဲတာကိုလည်း ဖူးငုံ မခံနိုင်ပါဘူး။ ဖူးငုံနဲ့ လက်တွဲပြီး မောင် ဆင်းရဲပင်ပန်းခြင်း၊ စိတ်ညစ်ခြင်းတို့ ကို မျှဝေ မခံစားစေလိုတာကြောင့် ဖူးငုံအလုပ်ထွက်ပြီး နယ်မြို့ လေးကိုပြန်ကာခြေရာဖျောက်ခဲ့ပါတယ်။ ဖူးငုံရှိရာ မောင်လိုက် လာပေမဲ့ ဖူးငုံ အတွေ့ မခံခဲ့ပါ။
    မောင့်အိမ်က စီစဉ်တဲ့သူနဲ့ လည်း မောင် လက်မထပ်ဖြစ်ခဲ့ပါဘူး။ နောက်တစ်နှစ်ကျော်အကြာလောက်မှာမှ မောင် လက်ထပ်သွားတဲ့ သတင်းကို ဖူးငုံ ကြားခဲ့ရပါတယ်။ မောင်ရဲ့ ဇနီးလောင်းက ဆရာဝန်ဆိုတာ သတင်းစာ ဖတ်ရင်း သိခွင့်ရခဲ့တယ်။
                 x    x     x     x     x    x    x    x    x    x    x    x
    အဖြစ်အပျက်တို့ က ကြာမြင့်ခဲ့ပါပြီ။ ဆယ်စုနှစ်ရဲ့ တ၀က်ကျိုး ၅ နှစ်ကျော်လို့  ၆ နှစ်တောင် ပြည့်ခဲ့ပြီ။ တနေ့  ဆူးလေဘုရားပေါ်က အဆင်းမှာ မမျှော်လင့်ပဲ မောင့်ကို ဖူးငုံ တွေ့ လိုက်ရတယ်။ သူ လည်းအံ့သြ သွားပုံပါ။
   “ဖူးငုံ ဘယ်မှာနေတာလဲ”
    “၃၅ လမ်းထဲမှာ”
     “လိပ်စာပေးထားပါအုံး။ လမ်းကြုံရင် ၀င်လည်ရအောင်”
     “အမှတ် . . .၊ တတိယထပ်၊ ညာဘက်၊ ၃၅ လမ်းပါ။”
    “ဖူးငုံ အခု ဘာလုပ်နေလဲ။ စာရေးသေးလား”
    “ဟင်အင်း၊ ဖူးငုံ အခု စိန်တို့ ကျောက်တို့  ပွဲစားလုပ်တယ်”
    “သားသမီးရော ဘယ်နှစ်ယောက်ရပြီလဲ”
    “တစ်ယောက်မှ မရှိသေးပါဘူး”
    ဖူးငှုံဆီက အဖြေစကားတစ်ခွန်း ထွက်လာတိုင်း ပြောင်းလဲသွားတဲ့ သူ့ မျက်နှာပေါ်က အံ့သြ ထူးဆန်းရိပ်တွေကို လျစ်လျူရှုပြီး စကားတွေ ဆက်ပြောခဲ့ရပါတယ်။ ဖူးငုံ ကျောခိုင်းထွက်လာချိန်မှာ သူ မျက်စိတဆုံး လိုက်ကြည့်နေမယ်ဆိုတာ လှည့်မကြည့်ပဲ သိနေပြန် ပါတယ်။
    နယ်ပြန်လာပြီး ဖူးငုံ ကျောင်းဆရာမ ၀င်လုပ်ခဲ့တာ၊ ထိုမြို့ လေးကို အရောင်းအ၀ယ် ကိစ္စဖြင့် အမြဲ လာသော ကုန်သည် ဦးအောင်ကျော်နှင့် ဖူးငူံကို အဒေါ်က လက်ထပ် စေချင်ခဲ့တာ၊ အသက်ကြီးပြီ ဖြစ်တဲ့ အဒေါ်ကို စိတ်မဆင်းရဲ စေချင်တာကြောင့်  ဖူးငုံ ဦးအောင်ကျော်ကို လက်ထပ်ခဲ့တာ၊ လက်ထပ် ပြီး မကြာခင် မှာ အဒေါ် ဆုံးပါးသွားတာမို့  အလုပ်ထွက်ပြီး ခင်ပွန်းသည်နှင့်အတူ ရန်ကုန်ကို အပြီး ပြောင်းခဲ့တာ စသည် တို့ ကို ပြန်လည်ပြီး တွေးလာဖြစ်ပါတယ်။
      “ကိုကြီး”ဟု ခင်ပွန်းသည်ကို ဖူးငုံ ခေါ်ဝေါ်ခဲ့ပါတယ်။ စာရေးခြင်း အလုပ်ကို မလုပ်ဖြစ်တော့ပဲ စီးပွား ရေး လောကထဲကို ခြေစုံပစ်ဝင်ခဲ့တာ မောင် သိနိုင်မည်မထင်ပါ။ မောင်ကို ပြောခဲ့ဖူးသော စိတ်ကူး အိမ်လေး သည်လည်း အဝေးသို့  ပြေးလွင့်ခဲ့တာ ကြာလေပြီ။ မောင် နောက်ဆုံး ပြောသွားသော စကား များကို ဖူးငုံ စဉ်းစားနေမိတယ်။
    “ကိုယ် အခု ကိုးမိုင်ဘက်မှာ ခြံဝယ်ထားတယ်။ တနေ့ လောက် လာခဲ့စေချင်တယ်။ ဖူးငုံ ပြောခဲ့ ဖူးတဲ့ အိမ်လေးအတိုင်း ဆိုတာ ဟိုရောက်ရင် ဖူးငုံ တွေ့ ရလိမ့်မယ်။”
    “ကိုယ့်မှာ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိတယ်။ သားက ကိုယ်နဲ့ တူပေမဲ့ သမီးက ကိုယ့် အမျိုးသမီးနှင့် မတူဘူး။ ဖူးငုံတို့ လို မျက်နှာပေါက်မျိုး”
   “ကိုယ့် အမျိုးသမီးက စာရေးဆရာမလေ။ . . . . . . . . (ဆေးတက္ကသိုလ်)ဆိုတာ သူပေါ့”
     အို ဘယ်လောက်များ ထူးဆန်းလိုက်ပါသလဲ။ သူ့ အမျိုးသမီးဟာ ဒီနေ့  လူငယ်တွေရဲ့ နှုတ်ဖျား မှာ ရေပန်းစား နေတဲ့ နာမည်ကြီး စာရေးဆရာ တစ်ယောက်ပါလား။ သူ့ စကားများကို နားထောင်ရင်း ဖူးငုံ ရင်ထဲမှာ နာကျင် လာမိတယ်။ သူ့ အမျိုးသမီး စာရေးနေချိန်မှာ အနားမှာ စောင့်ရင်း မျှဝေခံစား ပေးမဲ့ သူ့ ရုပ် သွင် ကိုလည်း ပြန်လည် မြင်ယောင်လာပါတယ်။ သူနှင့် လက်ထပ်ခွင့်ရတဲ့ အမျိုးသမီးဟာ သိပ်ကိုကံကောင်း သူ ဖြစ်မှာပါ။  စာနာ နားလည်ပြီး စိတ်သဘောထား ဖြူစင်တဲ့သူ့ ကို ပိုင်ဆိုင်ခွင့်ရ လို့ လေ။
      ဖူးငုံကတော့ ခင်ပွန်းသည်ရှိရာ ရန်ကုန်ကို လိုက်ပါ လာပြီးနောက်မှာတော့ မောင့်ကို မေ့နိုင်အောင် အချိန် အတော်ကြာ ကြိုးစားခဲ့ရတာ။ ကံကောင်းစွာပဲ နှစ်အတော်ကြာ မောင်နှင့် မဆုံတွေ့  ဖြစ်ခဲ့ပါ။ ဖူးငုံ ၀တ္ထုတွေ ရေးဖြစ်တိုင်း မောင့်ကို ပိုပြီး သတိရ လွမ်းဆွတ်မိတာ၊   ၀တ္ထုလေးတွေကို ဝေဖန် ပြုပြင်ပေးမဲ့သူ မရှိတော့တာ၊ ဖူးငုံရဲ့ ခင်ပွန်းသည် ကလည်း စီးပွားရေးကိုသာ စိတ်ဝင်စားပြီး အနုပညာကို မခံစားတတ် တာ တွေကြောင့် နောက်ဆုံးမှာ အသွင်မတူ အိမ်သူမဖြစ် ဆိုတဲ့ စကားအတိုင်း စီးပွားရေးဘက်ကို လိုင်းပြောင်းခဲ့တာ၊ အခုတော့ ကျင့်သားရနေပါပြီ။
       ဖူးငုံ မောင့်အကြောင်း တွေးနေချိန်မှာ ခံစားမှုတစ်ခု ဖြစ်ခဲ့တယ်။ အဲဒါဟာ သူ့ ကို လက်မထပ်ခဲ့မိ ခြင်းအတွက် နောင်တရပြီး နာကျင်ခြင်းလား။ ဖူးငုံ သိပ်တောင့်တခဲ့ရတဲ့ စိတ်ကူးအိမ်လေးမှာ အိမ်ရှင်မ ဖြစ်ခွင့်မရတဲ့အတွက် ထိခိုက် နာကြည်းခြင်းလား။
      ဖူးငုံ မစဉ်းစားတတ်တော့ပါ။
မေဇူး