Thursday, March 14, 2013

ဘက်ဒေး ဗယ်လင်တိုင်း


        ဘ၀မှာပြောကြစတမ်းဆိုပါလျှင် “အိမ့်သဲပြည့်” ဆိုသော သူမသည် ရက်စွဲများကို အလေးအနက်ထားလွန်းသူ၊ သက္က ရာဇ်များ၊ ခုနှစ်များ၊ အမှတ်တရများစွာကို စွဲလမ်းတွယ်တာလွန်းသူတစ်ယောက်ဖြစ်ပြီး သူမချစ်သူကတော့ သူမနှင့်ဆန့် ကျင်စွာ ရက်စွဲများ၊ ခုနှစ်များကို သူအမြဲတွက်ချက်နေတတ်သော ငွေကြေးကိန်းဂဏန်းများလောက် စိတ်မ၀င်စား၊ တန်ဖိုးမထား တတ်သူတစ်ယောက်သာ ဖြစ်သည်။

           အချိန်ဆိုသောယန္တရား၏ ပြောင်းလဲလည်ပတ်စီးဆင်းမှုအောက်တွင် ဆယ်စုနှစ်ဆိုသောကာလတစ်ခု လွန်မြောက် သွားချိန်မှာတော့ ရက်စွဲများကိုရူးသွပ်တတ်သော သူမသည်လည်းကောင်း၊ ကိန်းဂဏန်းများကိုသာ စိတ်ဝင်စားတတ်သော သူမချစ်သူသည်လည်းကောင်း ရန်ခုန်စွဲလမ်းရူးသွပ်မှုတို့ သည် ထူးဆန်းစွာဖြင့် ပြောင်းလဲသွားတတ်ကြောင်းကို သူမကိုယ် တိုင် မျက်ဝါးထင်ထင်သိခွင့်ရခဲ့လေသည်။

                                                                    xxx


            ဒီနေ့ မနက် FM ကလာနေသော သီချင်းတစ်ပုဒ်ကို တိုက်တိုက်ဆိုင်ဆိုင်ကြားလိုက်မိတော့ သူ့ ကို သတိရမိသည်။ အဆိုတော်နာမည်နှင့် သီချင်းနာမည်ကို မှတ်မှတ်သားသားမသိလိုက်ပေမဲ့ သီချင်းထဲကစာသားလေးကတော့ သူမရင်ကို ထိထိ ရှရှဖြစ်သွားစေတာအမှန်

           “ဒီနေ့ ငါ့ချစ်သူမွေးနေ့ ”တဲ့လေ။

            ဟုတ်တယ်။ ဒီနေ့  သူ့ မွေးနေ့ ပဲ။ သူ့ မွေးနေ့ ဆိုတာကလည်း အရမ်းကိုမှတ်ရလွယ်ကူသော အမြဲတမ်း မှတ်မှတ် ထင်ထင်ရှိနေသော ရက်စွဲတစ်ခုရယ်သာ။ သူ့ မွေးနေ့ က သူမအတွက် ဘယ်တော့မှ မေ့မှာမဟုတ်သလို မှတ်မိဖို့ လည်း သိပ်ကိုလွယ်ကူစေတဲ့ နေ့ တစ်နေ့ ။

            ဖေဖော်ဝါရီလ (၁၄) ရက်
            Valentine Day
            ချစ်သူများနေ့  ဖြစ်နေသည်လေ။

                                                                     xxx

            သူမသည် ငယ်စဉ်ကလေးဘ၀မှာစ၍ သူမမွေးနေ့ ၊ အဖေအမေမွေးနေ့ ၊ မောင်နှမတွေရဲ့မွေးနေ့ စသည်တို့ ကို အမြဲ တမ်း အမှတ်တရ စွဲစွဲလမ်းလမ်းရှိရုံသာမက အဘိုး၊အဘွားဆွေမျိုးသားချင်းတွေ ကွယ်လွန်သည့်နေ့ တွေကိုလည်း မှတ်သား ကာ မမေ့မလျော့ တစ်ခုခုလုပ်ပေးတတ်ခဲ့သူဖြစ်သည်။ နောက်ဆုံးက အိမ်က ခွေးလေးတွေ ကြောင်လေးတွေ သေဆုံးသည့် ရက်ကိုတောင်မှတ်သားထားတတ်သူဖြစ်သည်။ ထိုကဲ့သို့ မှတ်မှတ်သားသားမှတ်နိုင်သော သူမမှတ်ဥာဏ်အတွက်လည်း အမြဲတမ်းဂုဏ်ယူတတ်ခဲ့သူ ဖြစ်သည်။

          ဒါကြောင့် အချိန်တန် အရွယ်ရောက်ချစ်သူရှိလာချိန်မှာတော့ သူနှင့် သူငယ်ချင်းစဖြစ်သောနေ့ ကိုမှတ်သားရတာနှင့် သူချစ်ခွင့်ပန်သောနေ့ ကိုမေ့မရတာနှင့်၊ ချစ်သူစဖြစ်သောနေ့ ကိုမှတ်သားရတာနှင့် သူမ၏ အမှတ်တရရက်စွဲများကြားတွင် သူမတစ်ယောက်တည်း လုံးလည်ချာလည်လိုက်နေတတ်သူ ဖြစ်သည်။

          သူမတို့ နှစ်ယောက်ချစ်သူစဖြစ်သော ဧပြီလ၁၀ရက်နေ့ မှစ၍ လစဉ်၁၀ရက်နေ့ ရောက်တိုင်း သူ့ ကို အမှတ်တရ လက်ဆောင်တစ်ခုခုပေးဖို့ တစ်ခါမှ သူမ မမေ့လျော့ခဲ့။ သူ့ မှာတော့ ထို၁၀ရက်နေ့ ကို မမေ့အောင် သူမက အတန်တန်သတိ ပေးနေသောကြားမှပင်  မေ့ချင်သူ ဖြစ်သည်။

          ချစ်သူစဖြစ်ကတည်းက ရက်စွဲများနှင့်ပတ်သက်၍ သူမ သည်းသည်းလှုပ်ခံစားရတိုင်း သူပြောနေကျစကားက

          “ကလေးကို ကိုယ်ချစ်နေဖို့က အဓိကမဟုတ်လား။ ဘာမှအရေးမပါတဲ့ ရက်စွဲတွေမှတ်ပြီး ဘာလုပ်မှာလဲ” တဲ့လေ။

          သူဘာပြောပြော သူမကတော့ သူမတို့ချစ်သူဖြစ်တဲ့နှစ်ပတ်လည်နေ့မှာ သူမဆီကိုဖုန်းဆက်ဖို့မေ့လျော့ခဲ့လို့ တစ်ပတ် လောက်စိတ်ကောက်တတ်သူဖြစ်ပြီး သူမချစ်သူကတော့ သူမပြောလွန်းလို့ သူမမွေးနေ့ကို မမေ့အောင် သတိထားတတ်ခဲ့ ပေမယ့် သူ့မွေးနေ့မှာ ဘုရားသွားဖို့ချိန်းထားတာမေ့လျော့ပြီး တစ်နေကုန် ဖုန်းပိတ်ပြီး အစည်းအဝေးခန်းဝင်နေတတ်သူမျိုး ဖြစ်သည်။

          မတူညီသောအသွင်သဏ္ဌာန်၊ မတူညီသောခံစားချက်များရှိခဲ့ကြပေမယ့် သူမတို့နှစ်ယောက် သိပ်ချစ်ခဲ့ကြပါသည်။ လူကြီးဆန်ပြီးတည်ငြိမ်သော သူမချစ်သူက ကလေးဆန်ပြီး ငိုလွယ်ရယ်လွယ်သော သူမကို အမြဲနားလည်ပေးတတ်ခဲ့သည်။ သူမဘ၀ရဲ့အားငယ်ချိန်များတွင် အစ်ကိုတစ်ယောက်လိုဖေးမပေးခဲ့ပြီး သူပြုစုပျိုးထောင်ပေးခဲ့သော သူမ၏ ထက်မြက်အောင် မြင်မှုများကိုမြင်ရချိန်တွင် ဖခင်တစ်ယောက်လိုဂုဏ်ယူတတ်ခဲ့သူမျိုး ဖြစ်သည်။

          သူမတို့ချစ်သူနှစ်ဦးကို အားကျငေးမောဖူးသူတွေ အများကြီးရှိခဲ့ဖူးသည်။ တစ်ခါတစ်ရံတော့လည်း ဆန်းကြယ်သား။ ချစ်တိုင်းလည်းမညား၊ ညားတိုင်းလည်းမချစ်ဆိုသောစကားသည် သူမတို့နှင့်ပတ်သက်လာလိမ့်မည်ဟု ဟိုအရင်က ထင်မထားခဲ့မိပေ။

          ကျောင်းမှာခဏခဏရန်ဖြစ်တတ်သော သူငယ်ချင်းစုံတွဲ ကျောင်းမပြီးခင် လက်ထပ်သွားခဲ့တာ ခုဆို သူတို့သမီးလေးတောင် အတော်အရွယ်ရောက်နေခဲ့ပြီ။

          ရက်စွဲတွေ ခုနှစ်တွေကအရေးမကြီးပါဘူးဆိုပြီး သူ့မွေးနေ့ကိုတောင် အမြဲတမ်းမေ့လျော့ပြီး သူ့အသက်မေးရင်တောင် …

          “ကလေးရေ … ကိုယ့်အသက်က ဘယ်နှနှစ်ပါလိမ့်” လို့ အမြဲတမ်း ပြန်တွက်ခိုင်းတတ်သော သူမချစ်သူ။

          ခုနှစ်တွေမမှတ်ထားတတ်လို့ သူမတို့နှစ်ယောက်ချစ်သူဖြစ်ခဲ့တာ ဘယ်နှနှစ်လဲဆိုတာတောင် သူသိခဲ့ပါရဲ့လား။ ဒီလို ရက်စွဲတွေ မမှတ်မိ၊ သတိမထားတတ်ခဲ့သော သူမချစ်သူသည် သူမနှင့်သူချစ်သူသက်တမ်း ၇ နှစ်တိတိပြည့်သော ဧပြီလ ၁၀ ရက်နေ့တွင် သူမ မဟုတ်သောမိန်းကလေးတစ်ယောက်နှင့် ရုတ်တရက် လက်ထပ်သွားခဲ့ပါသည်။

          ငွေကြေးကိန်းဂဏန်းတွေကိုသာမှတ်သားတတ်သည့်သူမချစ်သူ လက်ထပ်လိုက်သောအမျိုးသမီးသည် သူမလို သာမန်လူလတ်တန်းစားမိသားစုမှ ပေါက်ဖွားလာခဲ့သောသူတစ်ယောက်တော့ မဟုတ်ခဲ့ပါ။

          သူလက်ထပ်သွားသော အမျိုးသမီးနောက်မှာ ကပ်ပါလာသော ပိုင်ဆိုင်မှု ငွေကြေးကိန်းဂဏန်းတွေ၊ တိုက်တွေ၊ ကား တွေ … အင်း … ဒါကြောင့်ပဲ ဂုဏ်ကို ဂုဏ်ချင်းထပ်မှ မြတ်မယ်လို့ ပြောခဲ့ကြတာထင်ပါရဲ့။

          သူ လက်ထပ်သွားသော အဲဒီ ဧပြီလ၁၀ရက်နေ့ကို ပြက္ခဒိန်မှ ဆုတ်ပစ်ချင်လောက်အောင်၊ နောက်နှစ်တွေမှာ မဖြတ်သန်းချင်၊ မကြုံချင်လောက်အောင် သူမ မုန်းတီးသွားခဲ့ဖူးသည်။

          ဒါဟာ သူမကို သူချန်ထားခဲ့ပြီး အခြားသူတစ်ယောက်ကိုရွေးချယ်သွားခဲ့လို့ မဟုတ်ခဲ့ပါ။ ရက်စွဲတွေကို သူမ တန်ဖိုး ထားတတ်မှန်း၊ အရူးအမူးစွဲလမ်းတတ်မှန်းသေချာသိပါရက်နှင့် သူလက်ထပ်သွားခဲ့သောနေ့သည် သူမ အမြတ်တနိုးတန်ဖိုး ထားခဲ့သော၊ သူမတို့နှစ်ယောက်အတွက် မမေ့အပ်ခဲ့သော ချစ်သူဖြစ်ခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ ဖြစ်နေခဲ့လို့ပါပဲ။ သူမစိတ်ကို သေရာပါမည့်ဒဏ်ရာများကို သူပေးရက်ခဲ့သည်ပဲ။

          သို့သော် ပြက္ခဒိန်ပေါ်ကရက်စွဲဆိုတာကလည်း သူမ မုန်းတီးတိုင်း ရောက်မလာတတ်တာမျိုးမဟုတ်ခဲ့ပါ။ ဒီတော့ လည်း ဒီရက်များကို မလွှဲမရှောင်သာ ကျော်ဖြတ်ခဲ့ရသည်။

                                                            xxx

          သူမတို့နှစ်ယောက် ဝေးကွာသွားပြီးနောက်ပိုင်းမှာ ထပ်မံမဆုံဆည်းခဲ့ပါ။ နဂိုကတည်းက သူငယ်ချင်းအရင်းခေါက် ခေါက်တွေမို့ သူမတို့ချင်း ပြန်လည်ပြီး အမှတ်မထင်တွေ့ဆုံတာမျိုးဖြစ်နိုင်ပေမယ့် သူမကတော့ ထိုကိစ္စရပ်မျိုးကို အထူးပင် သတိထားရှောင်ရှားခဲ့ပါသည်။ ဥပမာ သူလာနိုင်သောသူငယ်ချင်းများနှင့်ပတ်သက် သည့် တွေ့ဆုံပွဲတွေကို သူမ မသွားတာ မျိုးပေါ့။

          သူလက်ထပ်သွားပြီးကတည်းက သူမမှာ သူနဲ့ပတ်သက်တာဆိုလို့ သူ့ရဲ့မွေးနေ့ရောက်တိုင်းမှာ မမေ့မလျော့ မွေးနေ့ ဆုတောင်း Message လေးပို့မိခဲ့တာတစ်ခုပါပဲ။ ဒါကလည်း ရက်စွဲတွေကိုရူးသွပ်တတ်သော သူမ၏အကျင့်အတိုင်း သူ့ မွေးနေ့မှာ ပျော်ရွှင်ပါစေဆိုတဲ့ စကားလေးတစ်ခွန်းကိုသာ မပြောင်းမလဲပေးပို့တတ်ခဲ့တာ ဖြစ်သည်။

          ဒီလိုသူမရဲ့ဆုတောင်းလေးရောက်ပြီး မရှေးမနှောင်းမှာပဲ သူ့ရဲ့ Thank you ဆိုတဲ့ တိုတိုတုတ်တုတ် Reply ကလည်း ပြန်ဝင်လာနေကျ။ အဲဒီအချိန်မျိုးကလွဲပြီး ကျန်အချိန်များမှာ သူမ သူ့ကိုဖုန်းလည်းမဆက်။ Messageလည်း မပို့တတ်ခဲ့ပါ။ သူ့ အကြောင်းကိုလည်း ဘယ်တော့မှမစုံစမ်းတတ်ခဲ့။ သူအောင်မြင်နေတယ်ဆိုတာကိုတော့တစ်ဆင့်စကားဖြင့် ကြားနေသိနေရ သည်။

          သူနှင့်တွေ့နိုင်မည့် ပတ်ဝန်းကျင်များသို့ မသွားမလာဘဲ သူမ ရှောင်သလို သူမတို့ ၂ယောက်လုံးနှင့်ခင်သည့် သူငယ် ချင်းတွေကိုလည်း သူလက်ထပ်ပြီးချိန်ကစလို့ ကြိုပြီးတောင်းပန်ထားခဲ့သည်။

          ကျေးဇူးပြုပြီး သူနဲ့ပတ်သက်သော အဆိုးအကောင်းအကျိုးအကြောင်းကို သူမကို ပြန်မပြောကြပါနဲ့လို့လေ။ သူငယ် ချင်းတွေကို သူမ ပြောနေကျစကားက …

          “အဟောင်းတွေ အစုတ်ဖြစ်မှာစိုးလို့ပါ” လို့။

          ဒီနှစ်တော့ ဘာကြောင့်မှန်းမသိ။ မွေးနေ့မတိုင်ခင်တည်းက သူ့ကို သတိရနေမိသည်။ ပြီးတော့ ညက သူ့ကို အိပ်မက် မက်သည်။ အိပ်မက်ထဲမှာ သူကအ၀တ်အစားအသစ်တွေနဲ့ ပျော်ရွှင်နေတာ။

          အိပ်ရာကနိုးလာတော့ သူနေမှကောင်းရဲ့လားလို့ တွေးပူမိသည်။ ရုံးသွားဖို့ ကားပေါ်တက်တော့ FM မှာ တိုက်တိုက် ဆိုင်ဆိုင်လာနေတဲ့သီချင်းက သူ့ကို ပိုလို့အမှတ်ရစေပြန်သည်။

          “ဒီနေ့ ငါ့ချစ်သူမွေးနေ့”တဲ့။

          ဟုတ်တယ်။ ဒီနေ့ .......  ဒီနေ့ဟာ သူ့မွေးနေ့ဖြစ်သလို မှတ်သားရလွယ်ကူသော၊ တော်ရုံနဲ့လည်း မေ့မှာမဟုတ် တဲ့ ဖေဖော်ဝါရီလ ၁၄ ရက် ချစ်သူများနေ့ Valentine Day ဖြစ်နေသည်ပဲ။

          ငယ်စဉ်ကတောင် သူ့အသက်ကိုမေ့ထားတတ်သူအဖို့ ဒီနှစ်ဟာ သူ့ရဲ့အသက် ၄၀ပြည့်မွေးနေ့ဆိုတာကိုရော မှတ်မိ ပါ့မလားကွယ်။ သတိတရနဲ့  အမှတ်ထားစောင့်ကြည့်နေခဲ့မှာ မဟုတ်တာတော့သေချာသည်။

          သက္ကရာဇ်တွေ၊ လတွေ မှတ်သားမထားတတ်သော သူ့ထံသို့ ဒီနေ့  ၁၄.၂.၁၂ နေ့ မနက်ခင်းမှာ သူမရဲ့ Birthday Wish Message လေးကို သူလက်ထပ်ပြီး ၄ကြိမ်မြောက်အဖြစ် သူမ ပို့ဖြစ်ခဲ့သည်။ ခါတိုင်းဆို Reply ချက်ချင်း ပြန်ဝင်နေကျ။ ဒီနေ့တော့ သူ့ဆီက ဘာပြန်စာမှ မလာခဲ့။

          သြော် … အလုပ်များနေတယ်ထင်ပါရဲ့။ နောက်ပြီး သူ့ရဲ့များပြားလှသော ဖုန်းတွေထဲမှတစ်ခုသောဖုန်းလေးရဲ့  Message ကို သူ ချက်ချင်းမြင်ချင်မှ မြင်မှာပေါ့လေ။

          နေ့လယ် … သူမ ဖုန်းကို ဘယ်နှကြိမ်မြောက်မှန်းမသိ ကိုင်ကြည့်မိပြန်သည်။  သူမ အလုပ်ရှုပ်နေတုန်း Message ၀င်လာရင် မသိမှာစိုးလို့ Volume ကို အသံကုန်တင်ထားပြီးသား။

          ညနေ …

          အင်း … ဒီနှစ်တော့ ခါတိုင်းလို ကျေးဇူးတောင်ပြန်မတင်နိုင်တော့ဘူးထင်ပါရဲ့။ ဒီလိုနဲ့ ရုံးဆင်းချိန်ကို ရောက်ရှိလာ ခဲ့သည်။

          အိမ်ပြန်ဖို့ စလင်းဘတ်လေးလွယ်၊ ခြင်းလေးကိုင်ပြီး ရုံးခန်းထဲကအထွက် သူမလက်ထဲက ဖုန်းကလေးထမြည် လာ တော့သည်။ ၀မ်းသာအားရဖုန်းလေးကို ဖွင့်လိုက်တော့ သူငယ်ချင်းဖြူရဲ့အသံ …

          “ဟိတ်ကောင် … မင်းရုံးမဆင်းသေးဘူးလား”  တဲ့။

          “ငါ အခုပြန်တော့မှာ” ဆိုတော့ …

          “ဒီနေ့ မင်းမောင်တော် မွေးနေ့လေ။ မင်း မေ့နေပြီလား” တဲ့။

          “မမေ့ပါဘူး ဖြူရယ်။ ငါ သူ့ကို Birthday Wish Message ပို့လိုက်ပါသေးတယ်။ ဒါပေမဲ့ ခါတိုင်းလို သူ့ဆီက Reply ပြန်ရောက်မလာဘူး”

          “Reply ဘယ်လာအားမလဲ။ မင်းမောင်တော်က ဆေးရုံရောက်နေတာကိုး”

          “ဆေးရုံ … ဟုတ်လား။ သူ … ဘာဖြစ် …....”

          “အမလေး … မမ။ သိပ်စိတ်ပူမနေနဲ့။ သူ ဘာမှမဖြစ်ဘူး။ သူ့မဟေသီက ဒီနေ့ပဲ သူ့အတွက် သမီးလေး တစ်ယောက် မွေးပေးခဲ့တယ်။ Due Date က ၅ ရက်လောက်လိုသေးပေမယ့် သူနဲ့မွေးနေ့တူ Valentine နေ့မွေးတဲ့ သမီးလေးကို သူလို ချင်တယ်ဆိုပြီး ကလေးကို ရက်စောပြီး ခွဲမွေးလိုက်ကြတာ”

          “ငါ့ကိုလည်း သူ့မိန်းမက သူ့အတွက်မွေးနေ့လက်ဆောင်ပေးခဲ့တဲ့အထဲမှာ ဒီနှစ်ရတဲ့ မွေးနေ့လက်ဆောင်က တန်ဖိုး အရှိဆုံးပါပဲဆိုပြီး လှမ်းကြွားနေခဲ့သေးတာ။ ခုလည်း ငါတို့လင်မယားဆေးရုံသွားကြမလို့။ နင်မသိသေးဘူးထင်လို့ ငါ လှမ်း ပြောတာ။ ဒါပဲနော် အပျိုကြီး။ အိမ်ကောင်းကောင်းပြန်” တဲ့။

          သူမတစ်ကိုယ်လုံး အားအင်တွေစုတ်ယူသွားခြင်းခံရသလို ပျော့ခွေယိုင်လဲသွားမိသည်။ ကံကြမ္မာရယ် သူမကိုများ တမင်ရွေးချယ်ကျီစယ်ခဲ့လေသလား။ ရက်စွဲတွေကို ရူးရူးမူးမူး စွဲလမ်းခုံမင်နေသော မိန်းမတစ်ယောက်ဟာ သူ့ချစ်သူရဲ့ မွေးနေ့ မှာ သူ့ချစ်သူရဲ့ သမီးလေးမွေးဖွားတဲ့သတင်းကို ထပ်မံကြားရပြန်ပြီ။

          ဒိုင်ယာရီမှာ မှင်နီနဲ့ရေးမှတ်ထားတဲ့ မမေ့နိုင်တဲ့ရက်စွဲတွေအောက်မှာ နောက်တစ်ကြောင်း ထပ်တိုးရတော့မှာလား။ ရက်စွဲတွေကို ရူးရူးမူးမူးချစ်တဲ့ သူမရဲ့စိတ်ကိုပဲ မြေမြှုပ်သင်္ဂြိုဟ်ရမှာလား။ တစ်ချိန်လုံး ငွေကြေး၊ကိန်းဂဏန်းတွေကိုသာ စိတ်ဝင်စားတတ်သူက ဘယ်တုန်းကများ နေ့ရက်တွေကို တန်ဖိုးထားတတ်သွားတာလဲ။ လူတစ်ကိုယ်လုံးထူထူပူပူနဲ့ ဘာလုပ် လို့လုပ်မိမှန်းမသိစွာနဲ့ဘဲ လျှောက်သွားနေမိသည်။ သတိရလို့ ပတ်ဝန်းကျင်ကိုကြည့်မိတော့ ရုံးနဲ့အတော်ဝေးတဲ့ ဆူးလေ ကိုတောင် ရောက်ခဲ့ပြီ။

          ဂုံးတံတားကိုဖြတ်ကျော်ရင်း လမ်းဘေးဈေးသည်တစ်ယောက်ဆီက တစ်စုံတစ်ခုကို သူမ ၀ယ်ယူခဲ့သည်။ ပြီးတော့ တစ်ခါတစ်ရံ စိတ်ရှုပ်တဲ့အချိန်တွေမှာ အခင်ဆုံးသူငယ်ချင်းတစ်ယောက်နှင့် ထိုင်နေကျ Sakura Tower အထပ် ၂၀ က Coffee ဆိုင်လေးသို့ ရောက်လာခဲ့သည်။

          သောက်နေကျ Cappuceino တစ်ခွက်ကိုမှာပြီး ထောင့်ဆုံးမှစားပွဲတစ်လုံးမှာထိုင်ကာ သူမ၏စိတ်တွေကို သူမယူ ဆောင်လာသော တစ်စုံတစ်ခုထံ ဖွင့်ဟ သွန်ချလိုက်မိတော့သည်။

          သူမစိတ်ကို သူမဘယ်လောက်ကြာအောင် လွှတ်လိုက်မိသည်မသိ။ သတိရလို့ ကြည့်လိုက်တော့ …

          စားပွဲပေါ်တွင်ရွက်ဆုတ်ပြက္ခဒိန်တစ်ခု၊ Marker Pen တစ်ချောင်း၊ ကြက်ခြေခတ်၍ဆွဲဖြုတ်ထားသော ပြက္ခဒိန် စာရွက်အချို့နှင့် ပြက္ခဒိန်ပေါ်တွင် မှင်နီဖြင့် ခပ်ကြီးကြီးရေးထားမိသော စာသားလေးတစ်ခု။ အဲဒီစာသားလေးကတော့ …

          “ရက်စွဲတွေကို မုန်းတယ်”

          တဲ့လေ။


မေဇူး

No comments:

Post a Comment