Thursday, March 14, 2013

အရိပ်မဲ့ နှလုံးသား

ဟိုးအဝေးဆောင်းနှင်းများကြားမှ ဖြတ်သန်းလာသောအရိပ်လေးတစ်ခုကို မသဲမကွဲ မြင်နေရသည်။ အနီးကပ်လာလေ၊ ပိုမိုပီပြင် လာသော စွဲလမ်းမြတ်နိုးမိသည့် ပုံရိပ်ငယ်တစ်ခု -

ရွှန်းလဲ့တောက်ပသောမျက်ဝန်းတစ်စုံကို မျက်တောင်ရှည်များကာရံထားကာ မျက်ခုံးမွှေး ထူထူတန်းတန်းတစ်စုံနှင့် နှုတ်ခမ်း ပါးလေးကိုဖွင့်ဟကာ ပါးချိုင့်ကလေးနှစ်ခုပေါ်အောင် ပြုံးရယ်နေသော ရွှေဝါရောင်အသားအရည်ပိုင်ရှင် ကလေးငယ်တစ်ဦး။ ကျွန်မ အမြဲတမ်းတနေမိသော ပုံရိပ်စစ်တစ်ခု ...

“မေမေရေ မေမေ ဘယ်မှာလဲ” လို့  တကြော်ကြော်ခေါ်ရင်းပေးလာတာ ကျွန်မနားကိုရောက်လာတာမို့  ဒူးထောက်ထိုင်ချပြီး သူမလေးကို ပြေးပွေ့ လိုက်မိပါတယ်။ ကလေးငယ်က ကျွန်မရင်ခွင်ထဲမှာ ခေတ္တငြိမ်သက်နေပြီးမှ ကျွန်မ မျက်နှာကို သေချာမော့ ကြည့်ရင်း

“ဟင် မေမေမှမဟုတ်ပဲ။ အန်တီပါ။ အန်တီကဘယ်ကလဲဟင်”

“ရပါတယ် ကလေးရယ်။ တို့ က ကလေးရဲ့ မေမေမဟုတ်ပဲ အန်တီဖြစ်နေမယ်ဆိုရင်တောင် ဒီလိုချစ်စရာကောင်းတဲ့သမီးမျိုးကို ခဏလေးဖြစ်ဖြစ် ပိုင်ဆိုင်ပါရစေနော်။”

အစီအစဉ်အဆက်အစပ်မရှိပြောလိုက်တဲ့ကျွန်မစကားကို နားမလည်သလိုနားထောင်ရင်း ကျွန်မရင်ခွင်ထဲက ရုန်းထွက်သွားတဲ့ ကလေးငယ်ကိုကြည့်ပြီး ဘာကြောင့်ကျွန်မကြေကွဲနေရတာလဲ။

“ပြန်လာခဲ့ပါကလေးရယ်။ အနှစ်နှစ်အလလက အန်တီလိုလားတမ်းတနေမိတဲ့စွဲလမ်းမှုတစ်ခုကို ကလေးနဲ့ အစားထိုး ဖြေသိမ့်ခွင့် ရနိုင်ခဲ့ရင် သိပ်ကောင်းမှာပဲနော်။ ”

ရင်ထဲကစကားပေါင်းများစွာကို အသံတိတ်ပြောနေမိရင်း ပြေးထွက်သွားတဲ့ ကလေးငယ်နောက်ကို လိုက်ငေးကြည့် နေမိပါ တယ်။ ဟုတ်တယ်။ ကျွန်မချစ်သူကိုနဲ့ သာ လက်ထပ်ဖြစ်ခဲ့ရင် ဒီလိုချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက် ပိုင်ဆိုင် နိုင်မှာ ပဲလို့  ကျွန်မ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ အခု အဲဒီစိတ်ကူးနဲ့ ထပ်တူကျတဲ့ ကောင်မလေးကို ကျွန်မ အပြင်မှာမြင်လိုက်ရတာ။ ကြာတော့ ကြာခဲ့ပါပြီလေ။


ကျွန်မနဲ့ ကိုတို့  ဝေးကွာသွားကြတာတောင် ၅နှစ်ကျော်ခဲ့ပြီပဲ။ ခုချိန်မှာ ကိုဘယ်နေရာမှာ ဘယ်သူတွေနဲ့  ဘယ်လို အခြေချ နေထိုင်နေလဲဆိုတာ ကျွန်မ မသိနိုင်တော့ပြီပဲလေ။ တကယ်တော့လည်း ကျွန်မတို့ တွေဟာ ကံကြမ္မာရဲ့ စေညွှန် ရာအောက်မှာ လိုက်လံလှုပ်ရှားရတဲ့ အရုပ်ကလေးတွေရယ်သာလေ ……


                                               x           x           x     


ဘ၀တစ်ခုလုံးယုံကြည်ပုံအပ်ပြီး ချစ်ခင် မြတ်နိုးမိတဲ့သူဟာ ကိုယ်နဲ့  စိတ်တူ၊ ကိုယ်တူ၊ ၀ါသနာတူဖြစ်ခဲ့ရင် ပျော်စရာကောင်း မှာပဲလို့  ကျွန်မ ယုံကြည်မှတ်ယူခဲ့ဖူးတယ်။ ဒီလိုလူမျိုးမှသာ ကိုယ့်အပေါ်ကို နားလည်မှုအပြည့်အ၀ပေးနိုင်မယ်လို့  ထင်ခဲ့ဖူး တယ်။

ကျွန်မဟာ မိန်းမ မဆန်တဲ့သူ၊ ခေါင်းမာပြီး ကိုယ်ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်တတ်သူ၊ ယောကျာ်းလေးတွေကို အထင်တကြီး မရှိတတ်သူ၊ တော်ရုံ တန်ရုံသူကို သံယောဇဉ် မထားတတ်၊ မခင်တွယ်တတ်သူ၊ ခံစားချက်မရှိတဲ့သူတစ်ယောက် လို့  ပတ်ဝန်းကျင်ရဲ့ အမြင်မှာ လက်ခံထားကြတာလေ။ ကျွန်မကလည်း ဒါကိုမဟုတ်ပါဘူးရယ်လို့  တစ်ခါမှ ပြန်မဖြေရှင်းခဲ့ဘူး။

တကယ်တမ်းမှာတော့ ကျွန်မဟာ သံယောဇဉ်ကြီးတယ်။ ၊ စိတ်အစွဲအလမ်းကြီးတယ်။ အချစ်ကြီးတတ်တယ်။ ချစ်ခဲသလို အချစ် မြဲတယ်ဆိုတာကို တော်ရုံလူတွေမသိခဲ့ကြဘူး။ သိအောင်လည်း ကျွန်မ မနေခဲ့မပြောပြခဲ့ဘူး။

အများအမြင်မှာ မိန်းမ မဆန်ဘူးဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ထဲမှာ အရမ်းကိုမိန်းမဆန်တဲ့၊ နူးညံ့သိမ်မွေ့ တဲ့ အချစ်တခု တည်ရှိနေခဲ့တာကို ဘယ်သူမှ မသိခဲ့ကြဘူး။ သူတို့  မသိနိုင်လောက်အောင်လည်း  ကျွန်မက ဟန်ဆောင်ကောင်းခဲ့တယ်။

ထမင်းဟင်းချက်ဖို့  ၀ါသနာမပါဘူး။ သူများကို အားမကိုးချင်ပါဘူး။  ယောကျာ်းတစ်ယောက်ကိုယူပြီး တစ်သက်လုံး ပြုစုယုယ ဖို့  စိတ်မရှည်ပါဘူးဆိုတဲ့ အပေါ်ယံစကားတွေက ကျွန်မကို အဆိပ်သင့်စေခဲ့တာ ထင်ပါတယ်။

ကျွန်မရဲ့ စိတ်ဓာတ်ဟာ ဘယ်လိုပဲမာကျောတယ်ဆိုပေမယ့် တကယ်တမ်းမှာတော့ ကျွန်မဟာ နူးညံ့လှပပပြစ်တဲ့ မိန်းမဆန်ဆန် ရုပ်အလှတရားတွေ ပိုင်ဆိုင်ထားတဲ့ မိန်းမတစ်ယောက် ဖြစ်နေတာကိုတော့ ‘ကို’ အပါအ၀င် ဘယ်ယောကျာ်းလေးကမှ မငြင်းခဲ့ ပါဘူးနာ်။

                                                      x           x           x           x       

ကိုနဲ့  ကျွန်မဟာ စင်္ကာပူမှာ ကျောင်းသွားတက်ချိန်ထဲက မျက်မှန်းတန်းမိပေမယ့် မခင်မင်ခဲ့ကြဘူး။ မြန်မာပြည်က ကျောင်းလာ တက်တဲ့သူ အချင်းချင်းဆိုတဲ့အဆင့်ထက်တော့ မပိုခဲ့ဘူး။ ယောကျာ်းလေးဖြစ်ပေမဲ့ တစ်ယောက်ထဲအေးဆေးစွာနေတတ်တဲ့ ကိုနဲ့  မိန်းကလေးတန်မယ့် ယောကျာ်းလေး သူငယ်ချင်းတွေနဲ့  ဟိုစပ်စပ်ဒီစပ်သွားလာတတ်တဲ့ ကျွန်မတို့ ခင်မင်တဲ့ မိတ်ဆွေ အဆင့်ကို မရောက်ခဲ့ကြတာ သိပ်တော့မဆန်းဘူး။

တိုက်တိုက်ဆိုင်ဆိုင် မြန်မာပြည်ပြန်ရောက်ချိန်မှသာ ကုမ္ပဏီကြီးတစ်ခုရဲ့ Project အသစ်တစ်ခုမှာ အလုပ်လာလျှောက်ချိန်မှာ ဆုံတွေ့ ခဲ့ပြီး အဲဒီပရောဂျက်မှာပဲ အလုပ်တူတူ ရခဲ့တာ။ အလုပ်စ၀င်တဲ့နေ့ မှာပဲ သူ့ ကိုမှတ်မိနေတဲ့ ကျွန်မရဲ့ စတင်မိတ်ဆက်မှု နဲ့  ကျွန်မတို့ ဟာ ကျောင်းတစ်ခုထဲအတူတက်ခဲ့ကြပြီး မခင်မင်ဖြစ်ခဲ့တဲ့သူတွေဆိုတာ သိခွင့်ရခဲ့တာ။

“ဟိုမှာ ဘာလို့ အလုပ်မ၀င်တာလဲ” လို့  ကျွန်မက မေးမိတော့

“မိဘတွေက အသက်ကြီးပြီလေ။ ကိုယ့်ကို သူတို့ ရဲ့ မျက်စိအောက်မှာပဲ ရှိနေစေချင်ကြတာ။ ကိုယ်ကလည်း ဟိုမှာ အကြာကြီးနေဖို့  စိတ်ကူး မထားခဲ့ဘူး။ ဒီမှာပဲ အခြေ ပြန်ချချင်ခဲ့တာ။ ဒါနဲ့  မင်းကရော”

“ကျွန်မလည်း ရှင့်လိုပေါ့။ ကျောင်းတက်ဖို့ ပဲ သွားခဲ့တာ။ ဒါကြောင့် ကျောင်းပြီးတာနဲ့  မြန်မာပြည်ကို ပြန်ပြေးလာတာလေ။ အိမ်နဲ့  အကြာကြီး ခွဲမနေနိုင်ဘူး။ ဟိုမှာတစ်ယောက်ထဲနေရတာ ပျင်းတယ်။”

အဲဒီအချိန်ကစလို့  ကျွန်မတို့  ၂ယောက် စတင်သိကျွမ်းခဲ့တာ။ အလုပ်ဝင်ပြီး သိပ်မကြာခင်မှာပဲ တာဝန်ကျရာ လုပ်ငန်းခွင် အသစ်ဆီကို ကျွန်မတို့  ပြောင်းရွှေ့ ခဲ့ရတယ်။ ဒါဟာ ကျွန်မဘ၀ရဲ့ ပထမဆုံး အလုပ်အကိုင် ဖြစ်သလို သူဟာလည်း ကျွန်မရဲ့ ပထမဦးဆုံးသော လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဖြစ်ခဲ့ပါတယ်။

ကျွန်မနဲ့ သူ တစ်နေရာထဲမှာ အတူတွဲပြီး တာဝန်ယူရတယ်။ တာဝန်ကျရာနယ်မှာ အလုပ်စ၀င်ချိန်က စလို့ သူနဲ့  ကျွန်မ ထိပ်တိုက် တွေ့ တော့တာပါပဲ။ ကျွန်မတို့ ၂ယောက်ဟာ တိုက်ဆိုင်စွာပဲ ၀ါသနာချင်းလည်း တူတယ်။ အမြင်ချင်းလည်း တူတယ်။ ခေါင်းမာတာချင်းလည်း တူတယ်။ အငြင်းသန်တာချင်းလည်း တူတယ်။ ကိုယ်မှန်တယ်ထင်တဲ့အရာကို မလွတ်တမ်း ဆုပ်ကိုင်ရင်း ကိုယ်ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် ဇွတ်လုပ်တတ်တာချင်းလည်း တူတယ်။ ဆရာလုပ်တတ်တာချင်းလည်း တူတယ်။ အဲဒီတော့ ကျွန်မတို့  ၂ယောက်မှာ တပည့် မရှိဘူး။ ဆရာတွေချည်းပဲ။

ကျွန်မတို့  ၂ယောက် ငြင်းခုန်လိုက်တိုင်း ဘယ်သူမှ အလျှော့မပေးတတ်တာမို့  ဆရာ (Project Manager) ရဲ့ ရုံးခန်းကို ရောက် ရတာလည်း အကြိမ်ပေါင်း မနည်းဘူး။ များသောအားဖြင့် ကျွန်မတို့  ၂ယောက်လုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ ၂မျိုးလုံး မှန်နေ တတ်တာကြောင့် ဆရာက ဒီနေရာမှာ အသုံးမချ ဖြစ်ရင်တောင် အခြားနေရာတစ်ခုမှာ ကျွန်မတို့  ဆုံးဖြတ်ထားတဲ့ အယူအဆကို လက်ခံ အသုံးပြုပေးလေ့ရှိတယ်။

တဖြည်းဖြည်းနဲ့  အင်ဂျင်နီယာတွေ အများကြီးကြားမှာ ဆရာက ကျွန်မတို့  ၂ယောက်ကို နေရာပေး အလေးထားလာခဲ့တယ်။ ဆုံးဖြတ်လုပ်ကိုင်စရာရှိတိုင်းမှာ အမြဲတမ်း ကျွန်မတို့  ၂ယောက်ကို ခေါ်ယူတိုင်ပင် ပြောဆိုတတ်ခဲ့တယ်။ ကျွန်မနဲ့ သူ ၀ါသနာ တူ စိတ်တူတာကို သဘောကျမိပေမဲ့ ကျွန်မတို့  ၂ယောက်ဟာ ပြိုင်ဘက်အဖြစ်ကို တဖြည်းဖြည်းနဲ့  ရောက်မှန်းမသိ ရောက် လာခဲ့ကြတယ်လေ။ သူနဲ့  စကားနိုင်လု ငြင်းခုန်ရတိုင်း

“ဘယ်လိုကောင်မလေးမှန်း မသိဘူး။ အရမ်းခေါင်းမာတာပဲ။ ယောကျာ်းလေးတွေကိုလည်း ပခုံးချင်းတိုင်း လိုက်ယှဉ်နေတယ်။ မှန်တယ်ထင်ရင်လည်း နဲနဲလေးမှ နောက်မဆုတ်ဘူး။ ခင်ဗျားက အရမ်းထက်မြက်လွန်းတော့ ခင်ဗျားကို ယူမဲ့ ယောကျာ်း ကတော့ မလွယ်ဘူးပဲ”

အဲဒီလို ပါးစပ်ကမခံချင်အောင် ပြောနေပေမယ့်လည်း ဘာကြောင့် ကို့ ရဲ့ မျက်ဝန်းတွေမှာ သဘောကျရိပ်တွေ၊ ဂုဏ်ယူ ၀ံ့ကြွား လိုရိပ်တွေ ထင်ဟပ်နေရတာလဲ။ ဘာကြောင့် အဲဒီလိုမျိုးတွေ ပြောတိုင်း ကျေနပ်နေတဲ့ မျက်နှာကြီးနဲ့  ပြုံးနေရတာလဲ။

“မိန်းကလေးဖြစ်ပေမယ့် အဲဒီလို ထက်မြက်နေရမှာ။ အဲဒီ စိတ်ဓာတ်မျိုးကို  ကျွန်တော်တအားသဘောကျတာ။” လို့ ဘာကြောင့် များ တဖွဖွ ပြောခဲ့ရတာလဲ။

တကယ်ဆိုရင် အဲဒီအချိန်ထဲက ကျွန်မစိတ်ကို သူ နားလည်သိရှိနေရမှာနော်။ အချိန်တွေကြာလာတာနဲ့ အမျှ ကျွန်မတို့  ၂ယောက်ရဲ့ ခင်မင်မှုက ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။ သူ့ ရဲ့ နူးညံ့ ရွှန်းလဲ့တဲ့ အကြည့်တွေအောက်မှာ ကျွန်မကျဆုံးစပြုလာခဲ့ပြီ။

သူနဲ့ အတူ တိုင်ပင်ပောဆိုပြီး ဘ၀ကို ဖြတ်ကျော်ချင်စိတ်၊ အလုပ်တွေကို အတူတူ စဉ်းစား တွေးခေါ်ချင်စိတ်တွေ ဖြစ်လာမိပြီ။ သူ့ အတွက်ဆို ဘာမဆို ဖြည့်ဆည်းပေးဆပ်ချင်တဲ့ဆန္ဒတွေ ရင်မှာတိတ်တခိုး ဖြစ်တည်ခဲ့ပြီ။ (လုပ်ငန်းခွင်နဲ့  မပတ်သက် ရင်ပေါ့လေ)


                                                      x           x           x           x         


ကျွန်မမှတ်မိနေသေးတယ်။ ကျွန်မတို့  ၂ယောက်ချစ်သူဖြစ်ခဲ့ကြတဲ့ နေ့ တစ်နေ့ ကိုပေါ့။ အဲဒီနေ့ က မိုးရွာနေခဲ့တယ်။ ဆောက် လုပ်ဆဲ အဆောက်အဦးတစ်ခုပေါ် တက်ကြည့်ပြီး ပြန်အဆင်းမှာ လှေကားပေါ်က ကျွန်မ ခြေချော်ကျခဲ့တာ။ နာကျင်စွာနဲ့  ပြန် မထနိုင်ခဲ့ဘူး။ အကူအညီရလိုရငြား လိုက်ကြည့်ပေမယ့် အနားမှာ တစ်ယောက်မှ ရှိမနေခဲ့ဘူး။ အားငယ်စွာ ခံစားနေရတုံးမှာပဲ မှတ်မိနေကျ ဆိုင်ကယ်သံတစ်ခုနဲ့ အတူ ကျွန်မနားကို သူ ရောက်လာခဲ့တာ။ စိုးရိမ်တကြီး ပြေးလာတဲ့ သူ့ ကို မြင်တော့မှ ပိုဝမ်းနည်းလာပြီး အလိုလိုနေရင်း မျက်ရည်တွေကျလာတော့တာ။

“ဘာဖြစ်သွားတာလဲ” လို့  သူ မေးတော့

“ချော်ကျတာ။ ထလို့  မရဘူး။ ခြေထောက်က အရမ်းကို နာတယ်”

စကားအဆုံးမှာပဲ မပြောမဆိုနဲ့  ကျွန်မကို ပွေ့ ချီပြီး ဆိုင်ကယ်ပေါ် တင်သွားခဲ့တာ။ နေ့ လည်ပိုင်းနားနေတဲ့ သူတို့ ရုံးခန်းကို ကျွန်မကို ခေါ်သွားခဲ့တယ်။ အဲဒီအချိန် ဒီနားနေခန်းထဲမှာ ဘယ်သူမှ ရှိမနေခဲ့ဘူး။

ကျွန်မရဲ့ ခြေထောက်ကထောက်မနိုင်လောက်အောင် ရောင်ကိုင်းနေခဲ့ပြီ။ဒဏ်ရာကို ဆေးကြောပေးရင်း ရောင်နေတဲ့ ခြေထောက် ကို သူကိုယ်တိုင် ဆေးလိမ်းပေးချိန်မှာတော့ ကျွန်မက တရှုံ့ ရှုံ့ နဲ့  ငိုနေခဲ့ပြီ။ ဘယ်လောက်ပဲ စိတ်ဓာတ်မာကြောတယ်ဆိုပေ မယ့် နေမကောင်းချိန်မှာတော့ အနားမှာ မိသားစုမရှိရင် အားငယ်တတ်တာ ကျွန်မအကျင့်လေ။

အဲဒီအချိန်မှာ ကျွန်မလက်ကို ဆုပ်ကိုင်ရင်း ရုတ်တရက် လှမ်းပြောလိုက်တဲ့ သူရဲ့ စကားသံ။ ကျွန်မတဘ၀လုံးမှာ ဘယ်တော့ မှ မေ့လို့ ရတော့မှာမဟုတ်တဲ့ သူ့ ရဲ့ စကားလုံးတွေ

“ကလေးကို တစ်သက်လုံးယုယချင်လိုက်တာ” တဲ့။

သူပြောလိုက်တဲ့စကားဟာ ကျွန်မကြားဖူးနေကျ သာမာန်ရည်းစားစကားမျိုး မဟုတ်တာတော့ သေချာတယ်။ တကယ် ဆို အဲဒီအချိန်ထဲက ကျွန်မ သိခဲ့ဖို့  ကောင်းတာနော်။ သူ ကျွန်မကို ချစ်တယ်လို့  ပြောခဲ့တာ မဟုတ်ဘူးလေ။

ကျွန်မ သူ့ မျက်နှာကို အလန့် တကြား မော့ကြည့်မိတော့

“ကလေးကို ကို့ ရင်ခွင်ထဲမှာထားပြီး တသက်လုံး ထွေးပွေ့ ထားချင်လိုက်တာ။” တဲ့

“အဲဒါ ဘာပြောတာလဲဟင်။ ကျွန်မကို ရည်းစား စကားပြောနေတာလား” လို့  ပွင့်လင်းစွာ မေးမိတော့

“ဟုတ်တယ်လေ ကလေးမရဲ့။ ဒါလေးတောင် မသိဘူးလား” တဲ့

တကယ်ဆို ဒီနေရာမှာ ကျွန်မ မဟုတ်တဲ့ အခြားသာမာန်မိန်းကလေးတစ်ယောက်သာဆို စဉ်းစား ပါရစေဦး ဘာညာ နဲ့  ပြောဦးမလားမသိဘူးနော်။ ဒါပေမဲ့ အမြဲတမ်း စိတ်မြန်လက်မြန်နဲ့  ဘယ်တော့မှ မိန်းမမဆန်တတ်တဲ့ ကျွန်မရဲ့ ထုံးစံအတိုင်းပဲ

“ကို့ ကို ကျွန်မလည်း ချစ်နေခဲ့တာ ကြာပြီ” လို့  ချက်ချင်းခေါင်းညိတ်အဖြေပေးခဲ့မိတာ။

“ဟာကွာ။ ဘယ်လို ကောင်မလေးလဲ။ ရည်းစားစကားပြောတာ ချက်ချင်းအဖြေပေးရတယ်လို့ ။ ဒါပေမဲ့ ကို အရမ်းပျော်ပါတယ် ကလေးရာ။ ကျေးဇူးလည်းတင်ပါတယ်။ ကို့ ကို လက်ခံပေးလို့ ”

ပျော်ရွှင်ကြည်နူးသွားတဲ့ ကို့ ရဲ့ မျက်နှာကို ကြည့်ရင်း ကို့ ကို ချက်ချင်း အဖြေပေးမိတာ မမှားပါဘူးလို့  ကျွန်မ ကိုယ့် ဘာသာ ကိုယ် ဖြေသိမ့်ခဲ့တယ်။ တကယ်တော့ ဒါတွေဟာ ကျွန်မအတွက် အမှတ်လျှော့စေတဲ့ အချက်တွေရယ်လို့  အစက မစဉ်းစားမိ ခဲ့ဘူး။

ဒီလိုနဲ့  သူ့ ဘက်ကချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းမှ မပါပဲ ကျွန်မတို့  နှစ်ယောက် ချစ်သူဖြစ်ခဲ့ကြတယ်နော်။ ချစ်သူဘ၀မှာ ကျွန်မကသာ ချစ်လားလို့  အတန်တန်မေးမှ ချစ်တယ်လို့  ပြောတတ်ခဲ့တာ၊ ကျွန်မကသာ သူ့ ကို မျက်စိ အောက်က အပျောက် မခံနိုင်လောက်အောင် သည်းသည်းလှုပ် ဂရုစိုက်ခဲ့ရတာ၊ သူကတော့ ချစ်သူဖြစ်တာကို သူငယ်ချင်းတွေကိုတောင် ပြောပြခွင့် မပေးပဲ လျှို့ ဝှက်ထားခဲ့ရတာ ဒါတွေကို ဘာလို့  ကျွန်မ သတိ မထားခဲ့မိပါလိမ့်။


ရှားရှားပါးပါး နှစ်ယောက်အတူရှိခွင့် ရချိန်လေးမှာသာ ‘ကလေး’ ရယ်၊ ‘ကို’ ရယ်လို့  ပြောခွင့် ခေါ်ခွင့်ရခဲ့တာ။ အများနဲ့  အတူ ရှိချိန်တွေမှာတော့ ‘ခင်ဗျား’၊ ‘ကျွန်တော်’ဆိုတဲ့ အခေါ်အဝေါ်များကို နှုတ်ဖျားက မချခဲ့တာ။ တခါတရံမှာ ယောင်ယမ်းလို့  ‘ကို’ လို့  ခေါ်မိရင် မျက်လုံး ပြူးပြတတ်သော သူ့ အကြည့်ကြောင့် ကမန်းကတန်း ‘ကိုနိုင်ထာဝရ’ ရယ်လို့ သူ့ နာမည်ကို အပြေး အလွှား ပြောင်းခေါ်ရတာ။

ဒါတွေဟာ ကျွန်မလိုချင်တဲ့ ကျွန်မစဉ်းစားထားတဲ့ စိတ်ကူးထဲကချစ်သူပုံစံမဟုတ်ခဲ့ဘူး။ ကျွန်မလိုချင်တဲ့ လိုက်ဖက်ညီတဲ့ စိတ်တူ ကိုယ်တူ ချစ်သူပုံစံတွေ ဖြစ်မလာခဲ့ဘူး။ ဒါပေမဲ့ သူ့ ကိုချစ်တဲ့စိတ်နဲ့  အရာရာကိုလိုက်ပြီး ကျွန်မကြိုးစား နေထိုင်ခဲ့ပါတယ်။

ချစ်သူဖြစ်ပြီး နောက်ပိုင်းမှာ သူရဲ့ ကျွန်မအပေါ် လွှမ်းမိုးချယ်လှယ်မှုတွေ ပိုများလာပါတယ်။ အရင်က သူ သဘာကျခဲ့တဲ့ ထက်မြက်မှုတွေကို အမြင် မကြည်လင်ချင်တော့ဘူး။ သူ့ အပေါ် ခြေရာတိုင်းမှု၊ စိန်ခေါ်မှုတွေလို့  ထင်မြင်လာခဲ့တော့တယ်။ မိန်းကလေးတန်မဲ့ ထက်မြက်လွန်းတယ်လို့  ငြိုငြင်ချင်တယ်။ အဆိုးဆုံးကတော့ နှစ်ယောက်အတူ တွဲလုပ်ရတဲ့ ကိစ္စတိုင်းမှာ လည်း  သူကသာလျှင် ဦးဆောင်ဆုံးဖြတ်ချင်တော့တာလေ။

ကိုယ်ရေးကိုယ်တာကိစ္စမှာ သူ့ ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်မ လက်ခံကောင်း လက်ခံမှာ ဖြစ်ပေမဲ့ လုပ်ငန်းခွင်ထဲမှာပါ ပါဝင် စွက်ဖက်ချင်လာတဲ့ သူ့ ဆန္ဒတွေကို ကျွန်မက လက်မခံနိုင်ဘူး။ “မိုးပပ” ဆိုတဲ့ မိန်းမတစ်ယောက်ဟာ ချစ်သူရှိယုံနဲ့  ကိုယ်ရဲ့ အရည်အချင်းတွေ၊ ယုံကြည်ချက်တွေကို မြောင်းထဲပို့ ပစ်မဲ့ မိန်းမတစ်ယောက် မဟုတ်ဘူးလေ။ အဲဒီမှာ ကျွန်မတို့ ၂ ယောက် သဘောထား စပြီး ကွဲလွဲတော့တာပါပဲ။

နောက်ပြီး ကျွန်မ ဘာပဲလုပ်လုပ် သူ့ ကို အသိပေးပြီးမှ လုပ်စေချင်တာ။ ကျွန်မကလည်း လူတစ်ယောက်ကို (ချစ်သူ ဖြစ်ဖြစ်၊ မိဘ ဖြစ်ဖြစ်) လုပ်ပါရစေလို့  ခွင့်တောင်းပြီးမှ လုပ်တတ်တဲ့ မိန်းမ တစ်ယောက် မဟုတ်ခဲ့ဘူး။ ကိုယ်လုပ်ချင်တာ လုပ်ပြီး မှသာ ဒါလုပ် ခဲ့တာလို့  ပြောပြတတ်တာ။ ဒီတော့ ကျွန်မတို့ နှစ်ယောက်ကြားမှာ ဆံပင်ညှပ်တာကအစ အလုပ်က အဆုံးအားလုံး ဟာ သူနဲ့ ပြသနာ ဖြစ်စရာတွေချည်းပဲ ဖြစ်နေတော့ အဆင်မပြေချင်တော့ဘူးလေ။

ကျွန်မတို့ ချစ်သူဘ၀မှာ ဖွင့်မပြောဖြစ်တဲ့ မပြေလည်တဲ့ ပြသနာတွေ အများကြီး ရှိခဲ့တာလည်း အမှန်ပါပဲလေ။


                                            x           x           x           x      


သူနဲ့  ချစ်သူ သက်တမ်းတစ်လျှောက်မှာ သူ ကျွန်မကို ချစ်တယ် ဆိုပေမယ့် ကျွန်မကသာ သူ့ အပေါ်သည်းသည်းလှုပ် စွဲလမ်း ခဲ့ရတယ်ဆိုတာ ကျွန်မတို့ နဲ့ ပတ်သက်တဲ့သူတွေ အားလုံးသိကြပါတယ်။

နှစ်ယောက်အတူ ဆုံတိုင်း ကို့ မျက်နှာကို တစိမ့်စိမ့် ငေးကြည့်တတ်တာလည်း ကျွန်မရဲ့ အကျင့်ပါပဲ။ ပြောရရင် ကိုကမျက်လုံးလေးတွေ အရမ်းလှတယ်။ ယောကျာ်းလေးတန်မဲ့ ကော့ရွှန်းနေတဲ့ ကို့  မျက်တောင်ရှည်တွေကို ကျွန်မ မနာလိုစွာ သဘောကျစွာ ငေးကြည့်တတ် ခဲ့တာ။

တကယ်လို့ သာ ကိုနဲ့  ကျွန်မသာ အိမ်ထောင်ကျလို့  သမီးလေး မွေးခဲ့ရင် ကို့ လို မျက်လုံးဝိုင်းဝိုင်း၊ မျက်တောင် ရှည်ရှည်ကော့ကော့နဲ့  ကျွန်မလို မျက်ခုံးမွေးနက်နက်ထူထူ တန်းတန်းလေး၊ နှုတ်ခမ်းပါးလေးတစ်စုံနဲ့ ဝါ၀င်းတဲ့အသားအရေလေးသာ ရလိုက်ရင် အရမ်းကို ချစ်ဖို့  ကောင်းမှာပဲလို့  စိတ်ကူးယဉ်ခဲ့ဖူး တယ်။ ဒီလိုကလေးမျိုးလေး  ကျွန်မ ရူးရူးမူးမူးလိုချင်နေခဲ့မိတာ။

ကျွန်မရဲ့ စိတ်ကူးကို ကို့ ကို ပြန်ပြောပြမိတော့

“ဒါ မိန်းကလေးတစ်ယောက် ပြောရ၊ စဉ်းစားရမယ့် စကားမျိုးလား” ဆိုပြီး မျက်နှာထားတည်တည်ကြီးနဲ့  အော်ငေါက်ပစ်တာ။ တကယ် ဆို အဲဒီအချိန်ထဲက ကျွန်မ သူ့ သဘောကို သိခဲ့ရမှာလေ။ ဒါပေမဲ့ ဘာမှ မမြင်နိုင်လောက်အောင်ပဲ ကျွန်မအပေါ်မှာ ကို့ အချစ်က လွှမ်းမိုးနေခဲ့တာလေ။

ယောကျာ်းလေးတွေနဲ့  တန်းတူ ရင်ဘောင်တန်းပြီး အလုပ်လုပ်နေပေမယ့် ငြင်းခုန်ရန်ဖြစ် နေပေမယ့် ခေါင်းမာပြီး ဖြစ်ချင်တာကို တဇွတ်ထိုးလုပ်တတ်ပေမယ့် ကျွန်မဟာလည်း မြန်မာ မိန်းမသားတစ်ယောက်ပါပဲ။ ကိုယ်ဖြစ်ချင်တဲ့ကိစ္စတိုင်းကို တောင်းဆိုခွင့် မရှိခဲ့ပါ ဘူး။ ဒါကြောင့်ပဲ ချစ်သူသက်တမ်း ၂နှစ်ကျော်ကြာသည်အထိ ကို့ ဆီက လက်ထပ်ခွင့်မတောင်းဆိုခဲ့တာကို ဘာမှ ပြောပိုင်ခွင့် မရှိခဲ့ ပါဘူး။

ကို့ မှာ အိမ်ကသဘောတူထားတဲ့ မိန်းကလေးရှိတယ်လို့  ကို့ အပြောအရပဲ သိခဲ့ရပါတယ်။ အဲဒီ မိန်းကလေးဆီက ကို့ ဆီကို ဖုန်းတွေ လာတတ်သလို သူမဆီကိုလည်း ကို တခါတရံ ဖုန်းဆက်တတ်တာကို ကျွန်မ သိပေမယ့် တစ်ခါမှ ငြူစူ စိတ်ကောက်ခြင်း မရှိခဲ့ပါဘူး။ ရင်ထဲမှာ သ၀န်တိုချင်ပေမယ့် ကိုတို့ နှစ်ယောက်က ဘယ်လိုလည်းလို့  မေးချင်ပေမယ့် ကို့ ကို ယုံကြည်မှုတစ်ခုနဲ့  အတူ သူ့ ရဲ့ ရိုးသားမှုကို စော်ကားသလို ဖြစ်မှာစိုးလို့  ဘာမှ မမေးခဲ့သူပါ ကို။ အဲလောက်အထိ ကို့ အပေါ် တန်ဖိုးထား ချစ်မြတ်နိုးခဲ့ပါတယ်။

နောက်ပြီး ကျွန်မ ယုံကြည်တာက ကျွန်မအရမ်းချစ်တာကိုသိရက်နဲ့  ကို ကျွန်မကို ထားပစ်ခဲ့မှာ မဟုတ်ဘူးလို့ ပေါ့။ ကိုယ့် ကိုကိုယ် အထင်ကြီးခဲ့မိတာလည်း ပါတာပေါ့။ အနာဂတ် နေ့ ရက်တွေမှာ ကိုနဲ့ အတူ ဖြတ်သန်းမယ်ဆိုတဲ့ မျှော်လင့်ခြင်းတွေ နဲ့  နေ့ ရက်တို့  ကုန်ဆုံးခဲ့ပါတယ်။

ဒီလိုနဲ့  တစ်နေ့ မှာသူ့ အိမ်ကဖုန်းဆက်ခေါ်လို့ ဆိုပြီး သူပြန်သွားခဲ့ပါတယ်။ တစ်ပါတ်လို့ ခွင့်ယူပြီး ပြန်သွားတာဖြစ်ပေမဲ့  ၁၀ ရက်ကျော် သည်အထိ ပြန်မလာခဲ့ဘူး။ စိတ်ပူလို့ ဆက်သွယ်ချင်ပေမယ့် သူ အိမ်ပြန်ချိန်မှာ ဖုန်းမဆက်ပါနဲ့ ဆိုတဲ့ သူ့ ရဲ့ အကြောင်းပြချက်မရှိ ပိတ်ပင်ထားမှုကြောင့် ကျွန်မ မဆက်သွယ်ခဲ့ရဘူး။

သူ မရှိချိန်ကျမှ ကျွန်မ သူ့ ကိုဘယ်လောက်ချစ်နေမိတာ၊ လွမ်းဆွတ်နေမိတယ်ဆိုတာ သိလာရတာ။ ဒါကြောင့်ပဲ ကျွန်မရဲ့ မာနတွေ၊ အတ္တတွေကို စွန့် ပစ်ပြီး သူလိုချင်တဲ့ မိန်းမဆန်တဲ့ မိန်းမသားတစ်ယောက်၊ ကိုယ့်ရဲ့ အိမ်ထောင်ဦးစီး ချစ်သူကို အားကိုး မှီ နွဲ့ တတ်တဲ့ မိန်းမတစ်ယောက်ရဲ့ ဘ၀ကို ခံယူလိုက်တော့မယ်ရယ်လို့  သူ့ ကိုချစ်တဲ့အချစ်တစ်ခုနဲ့ တင် ဆုံးဖြတ်မိခဲ့ တာပါ။ ဒါတွေကို သူ ပြန်လာရင် သိခွင့်ရအောင် ကျွန်မ ဖွင့်ပြောပြလိုက်တော့မယ်ရယ်လို့  ဆုံးဖြတ်ထားခဲ့ပါတယ်။

ဒါပေမဲ့ပေါ့လေ ……….။

ကို့ ကို မြင်ရချိန်မှာ ပျော်ရွှင်ရတဲ့ဝမ်းသာမှုကို တအံ့တသြလက်ခံရင်း

“ငါ သူ့ ကို လုံးဝ မခွဲနိုင်တော့ပါလား” လို့  ရင်ထဲမှာတိတ်တဆိတ်ဝန်ခံမိပါတယ်။

“သွားတာ ကြာလိုက်တာ ကိုရယ်- ဟိုမှာ ဘာလုပ်နေလို့  ဒီလောက်ကြာနေတာလဲ” ဆိုတော့

“မေမေတို့ က စေ့စပ်ပွဲ လုပ်ပေးနေလို့  ကြာသွားတာလေ” တဲ့

ဘုရားရေ - ကျွန်မရဲ့ အကြားအာရုံများ ချွတ်ယွင်းသွားခဲ့ပြီလား။

“ဘယ်…သူ …  စေ့စပ်တာလဲဟင်”

တွန့် ဆုတ်စွာ ထွက်ပေါ်လာတဲ့ ကျွန်မစကားသံနဲ့  မရှေးမနှောင်းမှာပဲ

“ငါ စေ့စပ်တာလေ” လို့  နှုတ်ဖျားက အလွယ်တကူပွင့်ထွက်လာတဲ့ ကို့ ရဲ့ စကားသံ။ ကျွန်မဘ၀အတွက် တော်လဲသံများလား။ အံ့သြ စရာကောင်းတာက သူ့ ချစ်သူဖြစ်တဲ့ ကျွန်မကို တခြားတစ်ယောက်နဲ့  သူ စေ့စပ်လိုက်ရတဲ့အကြောင်း ပြန်ပြောပုံက

“မုန့် ဆိုင်က မုန့် စားပြီး ပြန်လာတာလေ” ဆိုတဲ့ လေသံထက် ပိုပြီးမထူးခြားခဲ့ဘူး။ ဖြစ်သင့်ပါသလား။ မိန်းမတစ်ယောက်နဲ့  စေ့စပ်ခဲ့တဲ့ ကိစ္စကို ထမင်းစား ရေသောက်သလို ဘာမှမထူးခြား မခံစားရတဲ့လေသံနဲ့  ပြောနိုင်လောက်အောင် ကို့ ရင်ထဲမှာ ကျွန်မအတွက်အချစ် တို့ ခန်းခြောက်ခဲ့ပြီလား။

“ရက်စက်လိုက်တာ ကိုရယ်” လို့  မပြောနိုင်လောက်အောင် နှိပ်စက်လိုက်တဲ့ ကို့ ရဲ့ အဆုံးစွန်သော ရက်စက်ခြင်းပါပဲ။

“ဘာဖြစ်လို့  စေ့ စပ်လိုက်တာလဲ?”

“ဘာအတွက်လဲ?”

“ကျွန်မကရော ကို့ ရဲ့ ဘာလဲ?”

“ကျွန်မတို့ ရော ဘယ်တော့လက်ထပ်ကြမှာလဲ?” ဆိုတဲ့မေးခွန်းတွေဟာ နှုတ်ဖျားကိုရောက်မလာပဲ ရင်ထဲမှာပဲ ပျောက်ဆုံးသွားခဲ့ပါပြီ။

ကျွန်မနှုတ်က ဒီလိုမေးခွန်းမျိုးတွေ ထုတ်မေးယူရလောက်အောင် မသိမ်ငယ်ချင်တော့ပါဘူး။ သူတောင် ကိုယ့်ကို ဖွင့်မပြောချင်လို့  မပြောပြခဲ့သေးတာ။ ဘယ်တော့မှ မမေးတော့ပါဘူးလို့  ဆုံးဖြတ်ခဲ့တယ်။

ဒါပေမဲ့ အပြင်ပန်းမှာ ဘာမှမဖြစ်သလို အားတင်းထားခဲ့ပေမဲ့ တကယ်တမ်းမှာ ကျွန်မခံစားခဲ့ရပါတယ်။ လူသူကွယ်ရာမှာ ငိုကြွေးရင်း ကျွန်မစိတ်တွေပူလောင်ရင်း နေ့ ရက်တို့ ကို ပင်ပန်းစွာ ကျော်ဖြတ်ခဲ့ရပါတယ်။ ခံစားရတဲ့စိတ်ကိုအပြင်မထွက်အောင် ထိန်းသိမ်း ထားနိုင်ပေမဲ့ ခန္ဓာကိုယ်ထဲက ကျန်းမာရေးကိုတော့ ကျွန်မ ဘယ်လိုမှမလွန်ဆန်နိုင်ပါဘူး။ နဂိုနှလုံးရောဂါအခံနဲ့  ဆေးရုံတက်လိုက်ရ ပါတော့တယ်။

အဲဒီတော့မှ ကျွန်မရဲ့ ဟန်ဆောင်မှုတွေကို သိခဲ့ရတယ်တဲ့လား။ ထားလိုက်ပါတော့ ကိုရယ်။ မမှီတော့ပါဘူး။ အရာရာဟာ နောက်ကျ သွားခဲ့ပါပြီ။

“ဘာမှမခံစားရသလို ဘာလို့ ဟန်ဆောင်ခဲ့တာလဲ ကလေးရယ်။ ကို့ ကို ဖွင့်ပြောရောပေါ့ ” တဲ့။

ဖွင့်ဟပြောပြမှသိမယ့်ချစ်ခြင်းမျိုးကိုလည်း ကျွန်မ မလိုချင်ပါဘူး။ ကျွန်မလိုချင်တာ ကျွန်မရဲ့ ချစ်ခြင်းတွေကို မြင်နိုင်မယ့် တူညီတဲ့ ကို့ ရဲ့ အချစ်တစ်ခုကိုပေါ့။ ခုချိန်မှာမရနိုင်တော့တဲ့အရာကို တမ်းတမနေတော့ပါဘူး ကိုရယ်။ ရှိပါစေတော့။

ကျွန်မဆေးရုံတက်နေရတဲ့ နေ့ ရက်တွေမှာ ကို့ ရဲ့ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပြန်ရခဲ့ပေမယ့် စိတ်ထဲမှာ အရင်လို နွေးထွေးတယ်လို့  မခံစားရတော့ဘူး။ ရင်မခုန်တော့ဘူး။ အချိန်မရွေး သူများဆီရောက်သွားနိုင်တဲ့အရာတွေလေ။

ကျွန်မရဲ့ ခံစားချက်တွေကိုသိနေတဲ့ သူငယ်ချင်း နွေးနွေးက

“နင်တို့  ဆွေးနွေးကြပါအုံးလားဟယ်။ တစ်ယောက်နဲ့ တစ်ယောက် မချစ်တာလည်း မဟုတ်ပဲနဲ့ ” တဲ့။

“ကိုယ့်ကို မရွေးချယ်ပါဘူးဆိုပြီး ထားခဲ့တဲ့လူတစ်ယောက်ကို ကိုယ်ဘာများ ဆွေးနွေးရအုံးမှာလဲ နွေးရယ်။ သူ့ ရဲ့ ရွေး ချယ်မှုဟာ တစ်စုံတစ်ယောက်ရဲ့ တိုက်တွန်းချက်ကြောင့်၊ ဒါမှမဟုတ် ပတ်ဝန်းကျင်ရဲ့ ဖိအားပေးမှုကြောင့် ဒါမှမဟုတ် ငါရဲ့ မျက်ရည်စက်တွေကြောင့် ဘာကြောင့်နဲ့ မှ မပြောင်းလဲစေရဘူး။ ဒါဟာလည်း ငါ သူ့ အပေါ်ထားတဲ့ ငါ့ရဲ့ နောက်ဆုံး မာနပဲ”

“ဒီမာနတွေကြောင့်ပဲ နင်တို့ ၂ယောက် ဝေးရတော့မယ်လေဟယ်”

“ရှိပါစေတော့ နွေးရယ်။ အဲဒီမာနကိုဖက်တွယ်ရင်း ကျန်ရှိတဲ့ဘ၀ကို ငါ ရင်ဆိုင်ရအုံးမှာပါ”

ဒီလိုနဲ့  ကိုလက်ထပ်ရမယ့်ရက်တို့  နီးကပ်လာပါတော့တယ်။ ကိုမသွားခင်တစ်ရက်မှာ ၂ယောက်ထဲ တွေ့ ကြတော့

“ကို့  ကို အပြီးသာစိတ်နာလိုက်ပါတော့ ကလေးရယ်။ ဘယ်တော့မှခွင့်မလွှတ်ပါနဲ့ ” တဲ့လေ။

“ဟင့်အင်း။ ကျွန်မ ကို့ ကို ဘယ်တော့မှ စိတ်မနာပါဘူး။ အကို တစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို အမြဲသတိရနေမှာပါ။ ကို့ ကို တစ်ခုပဲ တောင်းဆိုပါရစေ။ ကျန်းမာရေး မကောင်းတဲ့ ကျွန်မအတွက် လူ့ ဘ၀ရဲ့ နောက်ဆုံးဆိုတဲ့အချိန်ကိုများ ရောက်လာခဲ့ရင် ကို့ မျက်နှာကို မြင်တွေ့ သွားချင်ပါတယ်။ ကို့ လက်ကို ဆုပ်ကိုင်ပြီး သေမင်းကို ရင်ဆိုင်ဖြတ်ကျော်ချင်ပါ တယ်။ နောက်ဆုံးဆိုတဲ့ အချိန် တစ်ခုမှာ ဘယ်နေရာကိုပဲ ရောက်ရောက် ကျွန်မနားကို ရောက်အောင်လာခဲ့ပါမယ် ဆိုတဲ့ ဂတိတစ်ခုကိုပဲပေးခဲ့ပါ ကို။ ဒါ  ကျွန်မရဲ့ ပထမနဲ့  နောက်ဆုံးတောင်းဆိုခြင်းပါပဲ”

သူ ကျွန်မကိုရင်ခွင်ထဲနစ်မြုပ်မတတ်ဆွဲသွင်းထားခဲ့တယ်။ ကို့ ခန္ဓာကိုယ်တွေ တုန်ရီနေခဲ့တာ ကိုငိုနေတာများလားကွယ်။ မငိုပါနဲ့  ကိုရယ်။ ကျွန်မအတွက်နဲ့  မျက်ရည်ကျတယ်ဆိုတာ ကို့ ဘ၀မှာ မရှိစေချင်ဘူး။ ကျွန်မက ကို့ အပြုံးကိုသာ ထာဝရ မြင်ချင်သူ ရယ်ပါ။

ကျွန်မတို့ နှစ်ယောက်ရင်ထဲမှာ ပြောစရာစကားတွေ အများကြီးရှိနေမှန်း သိနေကြတယ်။ ရုတ်တရက်အသိဝင်လာလို့  ကို့ ရင်ခွင်ထဲက ရုန်းအထွက်

“ကို့ ဘ၀မှာအချစ်ရဆုံးက ကလေးတစ်ယောက်ထဲပါ” တဲ့။

ကျေနပ်ပါတယ် ကို။ ဒီစကားတစ်ခွန်းနဲ့ တင် ကျွန်မ ရှင်သန်နေထိုင်ရမယ့်ဘ၀အတွက် ခွန်အားတို့  ဖြစ်စေခဲ့ပါပြီ။ ပြန်ဖို့ လှည့်ထွက်ပြီး ခါမှ စိတ်မထိန်းနိုင်စွာနဲ့  ကို့ ကို နောက်ကျောကသိုင်းဖက်ရင်း ကြေကွဲစွာငိုကြွေးခဲ့မိပါတယ်။

 “မင်းရင်ထဲမှာရှိနေခဲ့တာတွေကို ဘာကြောင့် ကို့ ကို မပြောခဲ့တာလဲ ကလေးရယ်။ မင်း အရမ်းခံစားနေရတာတွေကို  ဘာကြောင့် ဟန်ဆောင်နေရတာလဲ။ ကိုနဲ့ တွေ့ တိုင်း မင်း ဘာကြောင့်မခံစားရသလိုသရုပ်ဆောင်နိုင်ခဲ့တာလဲ။ မင်းရဲ့ မျက်နှာကိုကြည့်ပြီး မင်း မာနတွေနဲ့  ကို့ ကို မေ့နိုင်အောင် လုပ်နိုင်ပြီလို့  ထင်နေခဲ့တာ။ ကို အခု ဘာလုပ်ရတော့မှာလဲ”

“ဘာမှမလုပ်နဲ့  ကို။ မနက်ဖြန် ကို ရန်ကုန်ကိုသွားရမယ်။ ဟိုကျရင် သတ်မှတ်ထားတဲ့ရက်မှာ ကို မင်္ဂလာဆောင်ရမယ်။ ပျားရည်ဆမ်း ခရီးထွက်ရမယ်။ နောက် ၂ပတ်ပြည့်လို့  ခွင့်ရက်စေ့ရင် ကိုအလုပ်ထဲကို ပြန်လာရမယ်။ ဒါပဲပေါ့။ တခြား ဘာများပြောင်းလဲ စဉ်းစား ချင်သေးလို့ လဲ။ ”

“မဟုတ်ဘူး။ ကလေးကိုထားခဲ့မယ်ဆိုရင် ကို မတရားရာကျမှပေါ့။ ကို ရန်ကုန်ကို မသွားတော့ဘူး။”

ကျွန်မအပေါ် မတရားရာကျမယ်ဆိုရင် အစထဲက ဒီလမ်းကို ကိုဘာကြောင့်ရွေးချယ်ခဲ့တာလဲလို့  ခုချိန်ကျမှ ကျွန်မ မပြောရက် မမေး ရက်တော့ပါဘူး ကိုရယ်။

“ကို ရန်ကုန်ကို မသွားလို့  ဘယ်ဖြစ်ပါ့မလဲ။ ဖိတ်စာဝေထားပြီး လူသိရှင်ကြား လက်ထပ်မယ့်ကိစ္စမှာ သတို့ သား မလာလို့  မင်္ဂလာပွဲ ပျက်ရတယ်ဆိုရင် တဘက်မိန်းကလေးမှာ ဘယ်လောက်နစ်နာမလဲ။ အပြစ်မရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အရှက် နဲ့  ဂုဏ်သိက္ခာ ကို ဘာမဟုတ်တဲ့ ကျွန်မလိုမိန်းမတစ်ယာက်ရဲ့ မျက်ရည်နဲ့  မလဲချင်စမ်းပါနဲ့  ကိုရယ်။ ကျွန်မကိုချစ်ရင် ကိုရန်ကုန်ပြန်ပြီး စိတ်အေး လက်အေး လက်ထပ်လိုက်ပါ။”

“ကျွန်မဘ၀ရဲ့ နောက်ဆုံးအချိန်လေးမှာပဲ ကျွန်မအနားကို ကို ရောက်လာရင် ကျေနပ်ပါပြီ။”

ကျွန်မရဲ့ မျက်ရည်တွေကိုတော့ ဒဏ္ဍရီတစ်ခုအနေနဲ့ ဒိုင်ယာရီထဲမှာ သော့ခတ်သိမ်းဆည်းပြီး ထားရစ်လိုက်ပါပြီ။ ကျွန်မကျေနပ်ပါတယ်။

                                                             x           x           x           x        

ကိုမင်္ဂလာပြန်ဆောင်နေတဲ့အချိန်အတွင်းမှာပဲ ကျွန်မတို့ အကြောင်းကို အနည်းငယ်ရိပ်မိနေတဲ့ ကို့ သူငယ်ချင်းကိုစည်သူက

 “ညီမလေး နင် နေကောင်းရဲ့လား။  ကြည့်ရတာ ညောင်နာနာနဲ့ ။ နင့်ကို ငါ ပြောစရာ …အင်း … ပြောစရာဆိုတာထက် ၀န်ခံစရာ ရှိတယ်ဆိုတာက ပိုမှန်မယ် ထင်တယ်။” တဲ့။

အဆက်စပ်မရှိ ဖွင့်ဟလာတဲ့ စကားတစ်ခွန်းကို ကျွန်မ စိတ်ဝင်စားသွားမိတယ်။

“ဘာလဲဟင် ကိုစည်သူ”

“ငါတို့  နင်နဲ့ ပတ်သက်ပြီး ဆွေးနွေးကြဘူးတယ်။ နင်သိရင်စိတ်ဆိုးမလားတော့ မသိဘူး။ နင့်ကို ဝေဖန်တာဆိုလည်း မမှားဘူးပေါ့ဟာ။ ခု ဟိုကောင်လက်ထပ်သွားတော့ ငါစဉ်းစားသွားမိတယ်။ ဒီကိစ္စမှာ ငါ့ ပယောဂမှကင်းရဲ့လားလို့ လေ။ နင့်ကိုမြင်တိုင်း ငါ အပြစ်ရှိသလို ခံစားနေရလို့  ဖွင့်ပြောပြတာပါ။”

“ကျွန်မအကြောင်း ဘာတွေပြောကြတာလဲဟင်” လို့  မေးမိချိန်မှာသိခွင့်ရခဲ့တာက ကျွန်မ မမြင်မိ၊သတိမထားမိတဲ့ ကျွန်မရဲ့ အားနည်း ချက်တွေလေ။

ဒီအချက်တွေကြောင့်များ ကို ကျွန်မကို ထားခဲ့လေသလား။ ကျွန်မ မတွေးချင်တော့ပါဘူး ကို။ ကျွန်မမသိခဲ့သည့် ကိုစည်သူနဲ့  ကို့ ရဲ့ အမြင်တွေကို ကျွန်မ သိခွင့်ရခဲ့တယ်လေ။

“မင်း မိုးပပကို သဘောကျနေတာလား”

“ဘာဖြစ်လို့ လဲ ကိုစည်သူ”

“ငါ့အမြင်ပြောရရင် မိမိုးတို့ လို မိန်းကလေးမျိုးဟာ သူငယ်ချင်းလို၊ မိတ်ဆွေလို ခင်မင်ပေါင်းသင်းလို့ ကောင်းပေမယ့် ချစ်သူလို အိမ်ထောင်ဖက်လို ရွေးချယ်မယ်ဆိုရင်တော့ သိပ်အဆင်မပြေနိုင်ဘူးလားလို့ လေ”

“ဘယ်လို အဆင်မပြေနိုင်တာလဲ အကို။ ပြောပြပါအုံး”

“ဟ ကြည့်လေကွာ။ ချစ်သူဘ၀မှာလည်း မိန်းမပီပီ အလှလည်း မပြင်တတ်ဘူး။ စိတ်မကောက်တတ်ဘူး။ သ၀န်လည်း မတိုတတ်ဘူး။ ချစ်သူကို မချော့တတ်ဘူး။ အတင်းလည်း မပြောတတ်ဘူး။ စကားမများတတ်ဘူး။ ဒီတော့ သူတို့ လို မိန်းကလေးမျိုးနဲ့  ချစ်သူဖြစ်ရတာ ရင်ခုန်ဖို့  မကောင်းဘူး။ ရိုးရိုးရှင်းရှင်းကြီးနဲ့  ပျင်းစရာချည်း။ နောက်ပြီိး သူတို့ က အရာရာမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုများတော့ သူများကို အားမကိုးဘူး။ ဘယ်သူ့ ကိုမှလည်း ဆရာ မတင်ချင်ကြဘူးလေ။ ”

“ဟုတ်တယ်နော် အကို။ အိမ်ထောင်ဖက် ဆိုရင်ရော”

“ပိုဆိုးတာပေါ့ ငါ့ညီရာ။ ဘယ်တော့မှ ကိုယ့်နောက်လိုက်လုပ်မှာ မဟုတ်ဘူး။ ကိုယ်နဲ့ ရင်ဘောင်တန်းပြီး ပခုံးချင်းယှဉ်မဲ့သူမျိုး။ ကိုယ့်ကို အားကိုးတကြီး မှီနွဲ့ နေမဲ့သူမျိုး မဟုတ်ဘူး။ အလုပ်ခွင်မှာတောင် ကြည့်ပါလား။ မင်း သူ့ ကိုဘယ်တုန်းကနိုင်အောင်ပြောနိုင်လို့ လဲ။ သူကစကားတတ်တော့ မင်းပဲခံနေရတာ ငါတို့ အမြင်ပဲ။ ကိုယ့်ယောကျာ်းဆိုပြီး ယုယုယယ ပြုစုပေးမယ်။  ချက်ပြုတ် ကျွေးမွေးပေး မဲ့သူမျိုး မဟုတ်ဘူး။”

“ကျွန်တော်လည်း အဲဒီလိုပဲ မြင်တယ် အကို။ သူ့ ရဲ့ ပုံစံက သူငယ်ချင်းကောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်လို ခင်မင် ဂုဏ်ယူချင်စရာကောင်းပေမယ့် ချစ်သူတစ်ယောက်လို ချစ်ဖို့ ဖြစ်နိုင်ပေမယ့် အိမ်ထောင်ဖက်အဖြစ်တော့ ရေရှည်လက်တွဲဖို့  ဖြစ်နိုင်မယ် မထင်ဘူး။ ဖန်ပုလင်း လှလှလေးထဲ ထည့်ပြီး ရှိုးကေ့စ်မှာ အလှပြထားရမဲ့ အရုပ်မလေးလိုပဲ။ ကိုင်ကြည့်ဖို့ လည်း မလွယ်၊ ယူ ကစားလို့ လည်း မဖြစ်နိုင်ဘူး။”

သြော်…. တကယ်လည်း ကိုဟာ ကျွန်မကို ဖန်ဘူးလေးထဲ ထည့်ပြီး ရှိုးကေ့စ်ပေါ် တင်ထားခဲ့တာလေ။ သူ မသိသွားတာကတော့ သူထားခဲ့တဲ့ အရုပ်မလေးမှာ နှလုံးသားရှိပြီး အရုပ်မလေးဟာ သူကြောင့် နှလုံးသားမှာဒဏ်ရာရသွားတာကိုပေါ့။

                                                             x           x           x           x                

တကယ်လည်း ကို ရွေးချယ်လိုက်တဲ့ မိန်းကလေးဟာ သူ ဖြစ်စေချင်သလို သူ ထားရာနေ၊ စေရာသွား၊ အိမ်မှုကိစ္စ သိမ်းထုတ် သေချာ ဆိုတဲ့ ရိုးသားအေးဆေးတဲ့ မိန်းကလေးတစ်ယောက်ပါ။ ဆံပင်ရှည်ရှည်၊ မြန်မာဆန်ဆန်နဲ့  ကို့ ကောင်မလေးဟာ ကိုအနားက ပျောက် သွားရင်တောင် ကမ္ဘာကြီးပျက်လုမတတ်ဖြစ်နေတတ်တဲ့ မျက်နှာမျိုးနဲ့ လေ။

ထမင်းစားရင်လည်း ကို မစားသေးရင် ဇွန်းတောင် မကိုင်သေးဘဲ ထိုင်စောင့်နေတတ်တာ။ ကျွန်မလို ဗိုက်ဆာနေပြီနော်။ ဘယ်သူ့ ကိုမှ မစောင့်နိုင်ဘူး။ နောက်ကျတဲ့သူ ငတ်ဆိုပြီး ဘယ်သူ စားပြီးမပြီး မစောင့်ပဲ လုစားတတ်သူမျိုး မဟုတ်ဘူး။ ထမင်း စားပြီးရင်လည်း ကျွန်မက ကိုယ့်ပန်းကန် ကိုယ်ဆေးဖို့ တောင် ပျင်းသူရယ်လေ။

ဒါကြောင့်ပဲ ကို့ ကို ကံကောင်းတယ်လို့  အားလုံးက ၀ိုင်းပြောကြတာပေါ့။ ကျွန်မ ထင်သလို ၀ါသနာတူ၊ စိတ်တူ၊ ကိုယ်တူ ဆိုတဲ့ လက်တွဲဖော်မျိုးကို ဘာကြောင့် သူတို့ တွေ မလိုချင်ကြလဲ မသိဘူးနော်။ အရင်တုံးက ကို့ ဆိုင်ကယ်နောက်မှာ အမြဲလိုလိုပါ တတ်တဲ့ ကျွန်မ နေရာမှာ အရိပ်ကလေးတစ်ခု အစားထိုး ၀င်ရောက်ခဲ့ပြီ။

ကိုနဲ့ အတူ အမြဲ အလုပ်တွဲနေရသေးသလို သွားတိုင်း လာတိုင်း စားသောက်တိုင်းမှာလည်း ကိုတို့ ကို အမြဲမြင်နေရတယ် လေ။ ဒီတော့ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းပါတယ် ပြောပြော၊ ကို့ နဲ့   သူ့ အမျိုးသမီးကို အမြဲတွဲပြီး မြင်နေရတာ၊ သူတို့  ပျော်ရွှင်နေကြတာကို ဘယ်လိုမှ မခံစားရဘူးပြောပြော ကြာတော့ စိတ်ကျဉ်းကျပ်မှုဒဏ်ကို ကျွန်မ မခံနိုင်ဘူး။ ဒါကြောင့်ပဲ ကုမ္ပဏီ က နှုတ်ထွက်ခွင့်ကို ဘယ်သူမှ မသိအောင် ကျွန်မ လျှောက်ခဲ့တယ်။ ဒီဒေသလေးကို ခင်တွယ်ပြီး နေလာခဲ့တဲ့ ၃နှစ်ကျော်ကာလ ကို မေ့ပစ်နိုင်ဖို့  ကျွန်မ အတော်ကြာအောင် ကြိုးစားရအုံးမှာပါ။

အလုပ်ထွက်စာ ရတဲ့နေ့ မှာမှ သိခွင့်ရခဲ့လို့  အားလုံးက ကျွန်မကို မကျေနပ်ကြဘူး။ ဂရုဏာဒေါသနဲ့  ဆူကြတာလေ။ ကျွန်မ ကလည်း နဂိုထဲက မကောင်းတဲ့ ကျန်းမာရေးကို အကြောင်းပြပြီး နှုတ်ထွက်တာမို့  လူကြီးတွေကလည်း ခွင့်ပြုပေးခဲ့တာပါ။

အားလုံးထဲမှာ စိတ်အဆိုးဆုံးကတော့ သူပေါ့။ ဒါဟာ သူ့ ကို လက်စားချေခြင်းတဲ့လား။ အမှန်အတိုင်း ပြောရရင် ရင်မဆိုင်ဝံ့လို့  ထွက်ပြေးရတဲ့သူပါ ကိုရယ်။ စာနာနားလည်ပါနော်။

အလုပ်နားပြီး ရန်ကုန် ပြန်ရောက်ခဲ့ပေမယ့်ကျွန်မစိတ်တွေက မနေ့ တနေ့ ကလို နေရာဟောင်းကို ပြန်လည် သတိရ နေဆဲပါပဲ။ တခြား ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ခဲ့တယ်။ စိတ်တွေကို တခြားနေရာတစ်ခုမှာ နှစ်မြုပ်ပြီး သူတို့ ကို မေ့နိုင်အောင် ကြိုးစားခဲ့တယ်။ သူတို့  သတင်းမကြားအောင် နေခဲ့တယ်။ ဒီလိုနဲ့  ကျွန်မတို့ ချင်း  အဆက်အသွယ် ဝေးသထက် ဝေးလာတယ်။

သူတို့ မှာ သမီးလေးတစ်ယောက်ရနေပြီဆိုတာ သိခဲ့ရတယ်။ သူတို့ မိသားစုဘ၀လေး ပျော်ရွှင်နေတာကို သိရတော့ ကျေနပ်မိပါတယ်။ ကျွန်မကတော့ ဘ၀ ခရီးလမ်းကို ခြောက်သွေ့ စွာ လျှောက်လှမ်း နေဆဲပါပဲ။


                                                                      x           x           x           x         

ငါးနှစ်ခန့် ကြာသော်

လူကနားပေမဲ့ စိတ်ကအနားမရအစိုးမရတာကြောင့် ကျွန်မကို နှိပ်စက်နေကျ နှလုံးရောဂါကဘ၀ကိုအနိုင်ယူခဲ့ပြီလေ။ သေမင်းနဲ့  စစ်ခင်းရင်း တဖြည်းဖြည်းနဲ့  ကျွန်မအတွက်အချိန်တို့ နည်းလာပြီလို့ သိရချိန်မှာတော့ ကျွန်မတို့ အကြောင်းကိုသိတဲ့ သူငယ် ချင်း နွေးနွေးကတဆင့် သူ့ ဆီကို ဆက်သွယ်ခိုင်းခဲ့ပါတယ်။

တကယ်တမ်း သူ့ ဆီ ဆက်သွယ်ချိန်မှာ သူ လာ မလာ မသေချာပေမဲ့ ကျွန်မကတော့ ကျွန်မ ဘ၀အတွက် ပထမဆုံးနဲ့  နောက်ဆုံး ချစ်ခွင့်ရတဲ့ တစ်ဦးတည်းသော ချစ်သူကို့ ကို မြင်သွားချင်တာ ကျွန်မရဲ့ နောက်ဆုံး ဆန္ဒရယ်သာ-

ကျွန်မ ယုံကြည်နေပါတယ်။ သူ ရောက်လာမယ်ဆိုတာကိုပေါ့။

ဒီနေ့  နေလို့  ပိုမကောင်းဘူး။ ရင်ထဲမှာ ကျပ်ကျပ်ခဲခဲနဲ့ ။ ဒါပေမဲ့ ဒီနေ့  သူလာမယ်ဆိုတဲ့ ကိုယ့်ဘာသာစွဲလမ်းတဲ့ ယုံကြည်မှုတစ်ခု နဲ့ တင် သေချာကျေနပ်နေခဲ့တာ။ ကျွန်မကို ပြုစုတဲ့ နာ့စ်လေးကတောင်

“မမ ဒီနေ့  နေကောင်းပုံရတယ်။ မျက်နှာလေးကို လန်းနေတာပဲ” တဲ့။ ဒီနေ့ တော့ သူ အ၀တ်အစားလဲပြီး သနပ်ခါးလိမ်း ပေးတာကို စိတ်ကြည်ကြည်လင်လင်နဲ့  ခံနေမိတယ်။ ခြေသံကြားတိုင်း သူ့ ခြေသံလားလို့  လှည့်ကြည့်မိတာလည်း အမောပါပဲ။ ကိုယ်က လာစေချင်လို့  လာမယ်ထင်ပေမဲ့ ကိုကတော့ သူ့ မိသားစုကိစ္စတွေကြားမှာ လာနိုင်ပါအုံးမလား။ ကျွန်မ စိတ်လျှော့လိုက်ရတော့မလား။

နေ့ လည်ခင်းလောက်မှာ ကျွန်မ အသက်ရှုကြပ်လာပြီး မောလာပြီ။ ဒါပေမဲ့ ကျွန်မ ပြောလိုက်တာနဲ့  ဆရာဝန်၊ ဆရာမ တွေ က ဆေးတွေထိုး၊ အောက်စီဂျင်တွေပေး၊ နှလုံးခုန်စက်တွေ ပြင်နဲ့  ရှုပ်ယှက်ခတ်နေတော့မှာ။ အဲဒီအချိန်မှာမှ သူ ရောက်လာ  ခဲ့ရင် ကျွန်မ ဘယ်လိုများ စကားပြောနိုင်မှာလဲ။ အနှစ်နှစ်အလလ တွေ့ ချင်ခဲ့တဲ့ သူ့ မျက်နှာကို မြင်တွေ့ ခွင့် ရသွားပါရစေအုံး။ သူ့  ကို  တွေ့ ခွင့်မရခင် ကျွန်မကို မခေါ်ပါနဲ့ အုံး သေမင်းရယ်။

မျက်လုံးတွေ ပြာလာပြီ။ ကြိုးစားပြီး ဘုရားစာ ရွတ်ဆိုနေတုန်းမှာ နူးညံ့စွာ ထိတွေ့ လာတဲ့ လက်တစ်ဖက်၊ ဒီလက်ရဲ့ အထိအတွေ့  ဟာ နှစ်ပေါင်းများစွာ ကြာပေမဲ့ ဘယ်သူရယ်လို့  မျက်စိဖွင့်ပြီး ကြည့်စရာမလိုပဲ ပြောနိုင်လောက်အောင် မှတ်မိနေပါတယ်။

“ကလေးရယ်” ဆိုတဲ့ စကားတစ်ခွန်းက ဘာကြောင့်များ ရှေ့ မဆက်ပဲ ရပ်တန့် နေပါသလဲ။

“ကျေးဇူးတင်ပါတယ် ကိုရယ်။ နောက်ဆုံး ဆန္ဒကို ဖြည့်စွက်ပြီး လာတွေ့ တဲ့အတွက်ပေါ့”

“ဒီမှာ ကြည့်ပါအုံး ကလေး။ ဒါ ကိုယ့်သမီးလေ။ ဘယ်သူနဲ့  တူလဲလို့ ”

သူပြောလိုက်မှ သူ့ ဘေးနားက မိန်းကလေးကို သတိထားကြည့်လိုက်မိတော့

ဘုရားရေ ကျွန်မ အမြဲတမ်းတမ်းတရူးသွပ်ခဲ့တဲ့ ကျွန်မတို့ နှစ်ယောက် လက်ထပ်ဖြစ်ခဲ့ရင် ကျွန်မလိုချင်လိုက်တာဆိုပြီး ပုံဖော်စိတ်ကူး ယဉ် ရူးသွပ်ခဲ့ဖူးတဲ့ ကလေးရဲ့ ရုပ်ကလေးအတိုင်း ချွတ်စွပ်တူတဲ့ ကောင်မလေးတစ်ယောက်။ နေပါအုံး။ ဒီကလေးလေးကို ကျွန်မ ဆေး ရုံမတက်ရခင် ရက်ပိုင်းလေးကတင် အင်းလျားကန်ပေါင်တစ်နေရာမှာ တွေ့ ခွင့်ရလိုက်သေးတာ။

သြော် သူလေးဟာ ကိုရဲ့ သမီးငယ်လေးပဲကိုး။ ကျွန်မ ရင်ထဲမှာ နင့်ကနဲနေအောင် စူးအောင့်သွားပါတယ်။

“အန်တီ့နား လာပါအုံး ကလေးရယ်”

သူ့ အဖေကို မော့်ကြည့်ရင်း အနားကပ်လာတဲ့ ကလေးလေးရဲ့ ချစ်စရာကောင်းတဲ့ ပါးမို့ မို့ လေးကို လှမ်းကိုင်လိုက်တာ ကျွန်မ ရဲ့ နောက်ဆုံးအားပါပဲ။

“အန်တီ ဘာဖြစ်သွားတာလဲ မသိဘူး ဖေဖေ” ဆိုတဲ့ စကားသံလေးနဲ့ ပြိုင်တူ

“ကလေး” လို့ ခေါ်လိုက်တဲ့ ကိုရဲ့ အသံ

ကျွန်မ ကို့ သမီးလေးကို ပြောချင်တာတစ်ခုကို ပြောခွင့်မရလိုက်ပေမဲ့ ကျွန်မ ရင်ထဲကတော့ တိတ်တခိုး ဆန္ဒပြု ဆုတောင်းပေး လိုက်မိပါတယ်။ သမီးလေး ကြီးပြင်းလာမဲ့ ဘ၀မှာ ချစ်သူနဲ့  စိတ်တူကိုယ်တူ လက်တွဲခွင့်ရနိုင်ပါစေ။ အန်တီ့လို ကိုယ်ဖြစ်ချင်တာကို ဖွင့်မပြောပဲ အတ္တတစ်ခုကို တံတိုင်းလို ကာရန်ထားရင်း ချစ်သူနဲ့  ဝေးကွာသွားရတာမျိုးလည်း မဖြစ်ပါစေနဲ့ ။ မာနတစ်ခုကို ရှေ့  တန်းတင်ပြီး ရှေ့ ဆက်ရတဲ့ ကိုယ့်ဘ၀ကို အထီးကျန်စွာနဲ့  ဖြတ်သန်းရသူမျိုးလည်း မဖြစ်ပါရစေနဲ့ ။ အချစ်အတွက်နဲ့  အစွဲအလမ်း ကြီးလွန်းသူလည်း မဖြစ်ပါရစေနဲ့ လို့ လေ။

ကျွန်မအတွက်လည်း နောင်ဘ၀ဆိုတာရှိခဲ့ရင် ကိုယ်ချစ်တဲ့သူနဲ့  လက်တွဲခွင့်ရပြီး ခုလို ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက် ကို မွေးဖွားပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ခွင့်ရပါစေလို့ လေ။

ချစ်သူတွေကြားမှာ အတ္တတွေ၊ မာနတွေ ကင်းစွာနဲ့  ပျော်ရွှင်စွာ စိတ်တူ ကိုယ်တူ ချစ်ခင်နိုင် ကြပါစေနော်။


မေဇူး



No comments:

Post a Comment