Thursday, March 14, 2013

ချစ်သူ့ တမ်းချင်း လွမ်းရင်းညည်းသော်



      
        ကိုယ်မြတ်နိုးတဲ့ယောကျာ်းတစ်ယောက်ကို မပိုင်ဆိုင်ချင်တဲ့မိန်းမရယ်လို့ မရှိပါဘူး မောင်။ ပိုင်ဆိုင်ခွင့် မရနိုင်လို့ ၊ မဖြစ်နိုင်လွန်းလို့ ၊ ကံကြမ္မာရဲ့မညှာတာမှုတို့ ကြောင့်သာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ၁၀၀ မှာ ၉၉ယောက်သောမိန်းမတွေဟာ ကိုယ့်ချစ်သူကိုသာ ပိုင်ဆိုင်ချင်ကြတာပါ။ မောင်စဉ်းစားကြည့်စမ်းပါ။ မိန်းမ ဆိုတာသ၀န်တိုတတ်တဲ့အမျိုးအစားလေ။ ဘယ်မိန်းမကများ ကိုယ့်ချစ်သူအခြားတစ်ယောက်နဲ့ လက်ထပ် တာကိုကြည်ဖြူနိုင်ပါ့မလဲ။ ကိုယ်မဟုတ်တဲ့ အခြားသူနဲ့  ချစ်ခင်ကြင်နာနေတာကို ရင်ဆိုင်နိုင်စွမ်းဘယ်ရှိပါ့ မလဲနော်။

       ဒါပေမဲ့လေ ကျွန်မကတော့ မောင်အခြားတစ်ယောက်နဲ့ လက်ထပ်မှာကိုကြည်ဖြူပေးနိုင်ခဲ့တယ်။ အခြားသူကိုကြင်နာမဲ့ မောင့်ကို ခွင့်လွှတ်နိုင်စွမ်းတွေရှိနေခဲ့တယ်။ အဲဒါ မောင့်ကို မချစ်လို့ မဟုတ်ပါဘူး။ ချစ်လွန်းလို့ ပါ။ မောင့်ကိုချစ်တဲ့စိတ်ကပဲ အရာရာကိုအနိုင် ယူပြီး မောင်ရဲ့ကောင်းစားရေးအတွက် အားလုံး ကို စွန့် လွှတ်နိုင်စွမ်းရှိသွားတာပါ။

       မောင်နဲ့ လက်ထပ်မဲ့သူဟာ ကျွန်မ မဟုတ်ပေမဲ့ မောင့်ဘ၀သာယာချမ်းမြေ့ပျော်ရွှင်မယ်ဆို ရင် မောင့်ကို စွန့် လွှတ်ရကျိုးနပ်ပါပြီ။ တကယ်တော့ မောင်ရယ် မတူညီတဲ့ဘ၀နှစ်ခု ကိုပေါင်းစပ်ဖို့ ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ ဖြစ်အောင် ဖန်တီးယူရင်တော့ရတာပေါ့။ ဒါပေမဲ့ ဖန်တီးတယ်ဆိုတာ မဖြစ်နိုင်တဲ့အရာတစ်ခုကို မဖြစ်ဖြစ်အောင်ကြိုးစားခြင်းလို့  ကျွန်မ နားလည်ထားတယ်။

       မမှီတဲ့ပန်းကိုတုံးခုလို့  မလှမ်းချင်ပါဘူးမောင်။ အဆင်မသင့်လို့ ပြုတ်ကျရင် အထိနာမှာစိုးလို့  ပါ။ မောင်ရှိရာအမြင့်ကို ကျွန်မလိုက်တက် ဖို့ မမှီလို့  မောင့်ကိုအနိမ့်ထဲဆွဲချမယ်ဆိုတဲ့ စိတ်ကူးမျိုး ကျွန်မမှာ လုံးဝမရှိပါဘူး။ နိမ့်ပါးတဲ့ဘ၀မှာ မောင့်ကိုမနေစေချင်ဘူးလေ။ နောက် ပြီး မောင်က ပိုက်ဆံချမ်းသာလို့  ရအောင်ယူတယ်ဆိုတဲ့အပြောမျိုးကိုလည်း ကျွန်မ မခံနိုင်ပါဘူး။ အဲဒီလို သေးသိမ်ညံ့ဖျင်းတဲ့စိတ်မျိုး ကျွန်မ မှာ ရှိမနေခဲ့ဘူး။

          ကျွန်မ မောင့်ဆီကလိုချင်တာဆိုလို့  အစစအရာရာနားလည်ပေးတတ်တဲ့ မောင်ဆိုတဲ့လူ တစ်ယောက်ရယ်၊ သူ့ ရဲ့ ဖြူစင်တဲ့စိတ်ထားတွေရယ်၊ ကျွန်မကိုချစ်တဲ့အချစ်တွေရယ်ပဲ ရှိပါတယ်။ ကျန်တဲ့ ဘာအဆောင်အယောင်ကမှ မဖမ်းစားနိုင်ပါဘူး။ ကျွန်မရဲ့မာနကလည်း လူတစ်ယောက်ရဲ့ စည်းစိမ်ချမ်းသာ ကိုကြည့်ပြီး နှလုံးသားဆန္ဒမပါတဲ့ လက်ထပ်ခြင်းမျိုးကိုခွင့် မပြုပါဘူး။

          မောင့်ကိုစချစ်မိချိန်ထဲက မောင့်နာမည်ရယ်၊ မောင့်အပြုံးချိုချိုတွေရယ်၊ မြတ်နိုးရိပ်နဲ့ ကြည့်တတ် တဲ့မောင့်မျက်ဝန်းအကြည့်တွေရယ် ဒါပဲ ကျွန်မသိပါတယ်။ တခြားဘာကိုမှ စိတ်မ၀င်စားခဲ့ဘူး။ မောင့်ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း မသိချင်ခဲ့ဘူး။ မောင့်မိဘဘယ်လောက်ချမ်းသာလို့  မောင်ဘယ်လောက်အမွေရ မယ်ဆိုတာလည်း စိတ်မ၀င်စားခဲ့ဘူး။

        မောင်နဲ့ ကျွန်မချစ်သူဘ၀က အေးချမ်းပါတယ်။ မနက်ဆိုရင် ကျွန်မရှိရာ လှည်းတန်းက အဆောင် ကို မောင်လာကြိုလေ့ရှိတယ်။ လဘက်ရည်ဆိုင်မှာ မနက်စာကိုနှစ်ယောက်အတူ ၀င်စားပြီး ဘတ်စ်ကား တိုးစီးကာ ကျောင်းသွားရတဲ့အရသာဟာ ကျွန်မအတွက် ဘာနဲ့ မှမလဲနိုင်တဲ့ ပျော်ရွှင်ခြင်းပါပဲ။ (နောက် ပိုင်းမှပြန်သိခဲ့ရတာက မောင်က သူ့ အိမ်ကကားကို ကျွန်မရဲ့ အဆောင်ရှိရာလှည်းတန်းကို မနက်တိုင်း လိုက်ပို့ ခိုင်းလေ့ရှိတယ်တဲ့။)

       ပိုက်ဆံချမ်းသာပေမဲ့ ၀င့်ကြွားတဲ့ဟန်မရှိတာရယ်၊ မောင်ကစကားနည်းတာရယ်၊ ကျွန်မက စပ်စပ်စုစု မမေးမြန်းတတ်တာရယ်တွေကြောင့် မောင့်အခြေအနေမှန်ကို ကျွန်မ မသိခဲ့ဘူး။ ချစ်သူဖြစ်ပြီး (၂)နှစ်ကျော် ကြာမှ မောင်က ကျွန်မ မမေးပဲနေနိုင်လွန်းလို့ ဆိုပြီး သူ့ အခြေအနေမှန်ကို ကျွန်မသိအောင် ပြောပြခဲ့ တာ။ မောင့်ရဲ့ချမ်းသာမှုတွေ၊မောင့်မိဘရဲ့ဂုဏ် အရှိန်အ၀ါတွေကို သိရပြီးချိန် မှာတော့ ကျွန်မရင်မှာ ပူလောင်လာခဲ့ပြီ။ မောင့်ရဲ့ ပိုင်ဆိုင်မှုတွေကိုသိရလို့ လည်း ကျွန်မရဲ့ချစ် ခြင်းတွေဟာ အရောင်ပြောင်းလဲ သွားခြင်း မရှိခဲ့ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ချမ်းသာကြွယ်ဝမှုကို ကျွန်မ မမက်မောလို့ ပါ။

         သိပ်ကိုချမ်းသာပြီး မာနကြီးလွန်းတဲ့ မောင့်မိဘတွေဟာ ကျွန်မလို ဘာမှထူးထူးခြားခြား ထင်ထင် ရှားရှားမရှိလှတဲ့ သာမန်မိန်းကလေးတစ်ယောက်ကို ချွေးမအဖြစ်လက်ခံနိုင်ပါ့မလားနော်။ မောင်ဘာ မှပြန်မပြောပြခဲ့ပေမဲ့ သူငယ်ချင်းတွေဆီကတဆင့် မောင့်အိမ်က ကျွန်မနဲ့ သတောမတူဘူးဆိုတာ သိခဲ့ရ တယ်။ ကျွန်မကို စိတ်မဆင်းရဲစေချင်လို့  ပြန်ပြောမပြဘူးဆိုပေမဲ့ မောင့်မိဘတွေရဲ့သဘောထားကိုတော့ ကျွန်မသိထားသင့်ပါတယ်လေနော်။

       မောင့်အိမ်ကသဘောမတူဘူးလို့ တရားဝင်သိရပြီးတဲ့နောက်မှာတော့ မောင်က ကျွန်မတို့ နှစ်ယောက် လက်ထပ်ရအောင်လို့ ပြောလာခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်မောင်ရယ်။ မိန်းမတစ်ယောက်အတွက် ကိုယ့်ချစ်သူဆီက လက်ထပ်ခွင့်တောင်းခံရတယ်ဆိုတဲ့ကိစ္စဟာ ဂုဏ်ယူကျေနပ်စရာပါ။ ဒါပေမဲ့ ကျွန်မ မပျော်နိုင်ခဲ့ဘူး။

        ကျွန်မတို့ လက်ထပ်ဖြစ်ခဲ့မယ်ဆိုရင်တောင် နှစ်ဦးသဘောတူလက်ထပ်ခြင်းမျိုးကိုပဲ ရမှာပါ။ မောင့် အသိုင်းအ၀ိုင်းက ကျွန်မနဲ့ သဘောမတူဘူးလေ။ အဲဒီတော့ ကျွန်မတို့ ဘာလုပ်ကြမှာလဲ။ ခိုးပြေးရမှာပေါ့။ ဒီလိုလုပ်မယ်ဆိုရင် မောင့်အိမ်ကရော၊ ကျွန်မအိမ်ကပါ အရှက်တကွဲအကျိုးနည်းဖြစ်ရတော့မှာလေ။ အသက်ကြီးပြီဖြစ်တဲ့ ကျွန်မတို့တွေရဲ့ မိဘတွေကို စိတ်မဆင်းရဲစေချင်ပါဘူး။

       နောက်ပြီးယောကျာ်းလေးရှင်ဘက်ကသဘောမတူပဲ ကျွန်မ လက်မထပ်ချင်ပါဘူး။ကျွန်မဟာ မြန်မာ မိန်းကလေးတစ်ယောက်ပါ။ မိန်းမတစ်ယောက်အတွက် တစ်သက်မှာ တစ်မင်္ဂလာပဲရှိပါတယ်။ အဲဒီမင်္ဂလာ ဟာလည်း လူကြီးမိဘသဘောတူကြည်ဖြူတာမျိုးပဲ ဖြစ်ချင်ပါတယ်။ မိဘတွေကို ကျွန်မတို့ အတွက်နဲ့  ပတ်ဝန်းကျင်ဆွေမျိုးအသိုင်းအ၀ိုင်းအလယ်မှာ မျက်နှာမငယ်စေချင်ဘူး။

        မောင့်အပေါ်ချစ်မြတ်နိုးခြင်းမှာ ဘာမျှော်လင့်ခြင်းမှမပါပါဘူး။ မောင့်ကိုချစ်နေခွင့်ရရုံလေးနဲ့  တင်ကျေနပ်နေမဲ့သူပါ။ မောင့်ကိုမချစ်လို့  ဒီစကားမျိုးပြောတယ်လို့  မစွပ်စွဲလိုက်ပါနဲ့ နော်။ မောင့်ကိုချစ် လွန်းလို့  ကျွန်မ ရင်နာစွာနဲ့ ပဲ ပြောပါရစေ။

      “ကျွန်မ မောင့်ကို ဘယ်တော့မှလက်မထပ်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အဲဒါ မောင့်ကိုသိပ်ချစ်လို့ ပေါ့”

       ကျွန်မကိုရူးနေပြီလို့ ပြောကြမလားဟင်။ ကျွန်မ မရူးပါဘူး။ တကယ်လို့ ကျွန်မကို လက်ထပ်ဖြစ်ခဲ့ရင် ဆင်းရဲတဲ့ ကျွန်မဘ၀ထဲကို မောင်ဝင်လာရတော့မယ်။ ခုလိုမျိုးကားလေးကိုယ်တိုင်မောင်းပြီး၊ဆဲလ်ဖုန်းလေး ခါးမှာချိတ်ပြီး ကျော့ကျော့လေး ဘယ်နေနိုင်ပါတော့မလဲ။

       ဆင်းရဲတယ်ဆိုတာ ကျွန်မအတွက်တော့ နေသားကျနေပါပြီ။ မောင့်ကိုဆင်းရဲတဲ့ဘ၀မှာ ရုန်းကန်ပြီး ပင်ပန်းနေရတာမျိုး ကျွန်မ မမြင်ရက်ဘူး။ ဘ၀အမောတွေကို မခံနိုင်တဲ့ တစ်နေ့ ကျရင် ကျွန်မကိုယူမိလို့  ဒီလိုဖြစ်ရတာပါလားလို့  မောင် နောင်တရနာကျင်နေမှာကို မလိုလားဘူး။ အဲဒီလို အခြေအနေမျိုးနဲ့ လည်း မမြင်ရက်ပါဘူး။

        နာကျင်စွာနဲ့ ပဲ ငြင်းပါရစေ မောင်။ကျွန်မက နေရောင်အောက်ကမိန်းကလေးပါ။ ကျွန်မကိုယူမိ လို့  မောင်ပါရောပြီး နေမလောင်စေချင်ဘူး။ အဲယားကွန်းအခန်းလေးထဲက ကိုယ်ပိုင်အလုပ်စားပွဲမှာ ထိုင် ရင်း၊ ဆဲလ်ဖုန်းလေးပြောရင်း၊ ကိုယ့်ကား ကိုယ်မောင်းပြီး သွားချင်ရာသွားလို့ ရတဲ့ဘ၀မှာပဲ နေပါမောင် ရယ်။ ဆင်းရဲတယ်ဆိုတဲ့ခေါင်းစဉ်ဟာ မောင်နဲ့ မအပ်စပ်ပါဘူး။

        ရင်နာစွာနဲ့ ပဲ ထပ်ပြောပါရစေ မောင်။ ကျွန်မ မဟုတ်တဲ့ အဆင့်တန်းတူ ဂုဏ်ရည်တူ မိန်းကလေး တစ်ယောက်ကိုသာ မောင် ရွေးချယ် လက်ထပ်လိုက်ပါတော့။ ကျွန်မအတွက် မောင်ဂုဏ်မတက်ရင်တောင် ရှိပြီးသားဂုဏ်တော့ မပျက်စေချင်ပါဘူး။ မောင်ပျော်တာကို ထာဝရမြင်ချင်သူပါ။

       ကိုယ်ချစ်မြတ်နိုးတဲ့ယောကျာ်းကို မပိုင်ဆိုင်ချင်တဲ့မိန်းမရယ်လို့ တော့ မရှိပါဘူး မောင်ရယ်။ မပိုင်ဆိုင် ထိုက်ဘူးလို့  ယူဆလို့ သာ ကျွန်မ အရှုံးပေးပြီး မောင့်အနားက ထွက်ပြေးခဲ့တာပါ။ မကြာခင်မှာ မောင့်အိမ် ကသဘောတူတဲ့သူနဲ့  မောင်လက်ထပ်ရတော့မယ်နော်။ မချစ်ပေမဲ့လည်း တစ်နေ့ ကျရင် သံယောဇဉ်တွေ နဲ့  မောင့်ဘ၀လေး စိုပြေသွားမှာပါ။

         ကျွန်မဆိုတဲ့ မောင့်ချစ်သူကတော့ မောင့်ကို သိပ်ချစ်လွန်းလို့  စွန်လွှတ်ရင်း အဝေးကနေပဲ လွမ်းနေ ပါရစေ။ ကျွန်မဘ၀မှာ ကျွန်မကို သိပ်ချစ်ရတဲ့ ချစ်သူတစ်ဦးရှိခဲ့ဘူးတယ်။ သူက ကျွန်မကိုလက်ထပ်ဖို့ အထိ ရည်ရွယ်ပြီး မြတ်မြတ်နိုးနိုးချစ်ခဲ့ဘူးတယ်ဆိုတဲ့အသိလေးနဲ့ တင် ကျွန်မဘ၀ကြီး ပြည့်စုံသွားခဲ့ပါပြီ။

          ကျန်တဲ့သက်တမ်းတလျှောက်မှာတော့ ကျွန်မတို့ ချစ်ခြင်းတွေကို ပြန်လည်တမ်းတရင်း မောင့်ကို လွမ်းနေရင်းနဲ့ သာ ကျွန်မရဲ့နေ့ ရက်တို့  ကုန်ဆုံးသွားမှာပါ။ ဘာပဲဖြစ်ဖြစ်လေ မောင်အတွက် ကျွန်မက ထာဝရသူငယ်ချင်းအဖြစ်နဲ့တော့ ဆက်လက်ရှင်သန်နေဦးမှာပါ။



မေဇူး

No comments:

Post a Comment