Thursday, March 14, 2013
ဝေးလွင့် လိပ်ပြာ
 ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ကို ချစ်သူများနေ့  Valentine Day ရယ်လို့  အများကတင်စားသတ်မှတ်ခဲ့ကြတာ သိပ်မကြာသေးပေ မဲ့ သူ့ အတွက်ကတော့ နှစ်ပေါင်းများစွာကြာမြင့်သည့် ဟိုးအရင်အချိန်များထဲကပင် အမှတ်တရပေါင်းများစွာ၊ မမေ့နိုင်သောကိစ္စပေါင်း များစွာတို့ ကို ထိုနေ့ တွင် ဖြစ်တည်စေခဲ့သည်လေ။
 ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ကို  Valentine Day ရယ်လို့  မြန်မာနိုင်ငံမှာ သတ်သတ်မှတ်မှတ်မရှိသေးခင်၊ လွန်ခဲ့သောနှစ်(၃၀) ၀န်းကျင်ကာလ၏သက္ကရာဇ်တစ်ခုတွင် သူ့ ကို မွေးဖွားခဲ့သည်။
သူအရွယ်ရောက်လာသောအချိန်မှာတော့ သူ့ ဘ၀အတွက်ချစ်ခြင်းများကို သယ်ဆောင်လာပေးသော ကောင်မလေးတစ်ယောက် ကို ဆောင်းနှင်းဝေသော ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ၏ မနက်ခင်းတစ်ခုတွင် စတင်ဆုံတွေ့ ခွင့် ရစေခဲ့သည်။ မှတ်မှတ်ရရ သူတို့    နှစ်ဦးဆုံတွေ့ ခဲ့ပြီး တစ်နှစ်အကြာ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ တွင်  သူချစ်သောကောင်မလေးထံမှချစ်အဖြေကို အမှတ် တရ မွေးနေ့ လက်ဆောင်အဖြစ် သူ ရရှိခဲ့သည်။
ထို့ အတူ ချစ်သူသက်တမ်းလေးနှစ်ပြည့်ခါနီး ဆောင်းမနက်ခင်းလေးတစ်ခုတွင် သူအရူးအမူးချစ်ခင်မြတ်နိုးခဲ့ရသော၊ သူ့ ကိုလည်း အရမ်းချစ်ခဲ့သောကောင်မလေးကို သူ့ ဆန္ဒမပါပဲ ရက်စက်စွာ စွန့် ခွာခဲ့ရသည်။ ကံကြမ္မာကတိုက်ဆိုင်စွာပင် သူ့ ဘ၀အတွက် အမြဲ တမ်းအမှတ်တရဖြစ်စေခဲ့သော ထိုဖေဖော်ဝါရီလ (၁၄)ရက်နေ့ မှာပင် သူ့ ကိုသူ,မချစ်သော အခြားမိန်းမတစ်ယောက်နှင့် လက်ထပ်စေခဲ့ပြန်သည်။ သူ့ ဘ၀အတွက် ပြောင်းလဲမှုတို့ ကို စတင်သယ်ဆောင်လာသော အနာဂတ်တစ်ခု၏ နိးဒါန်းအစပင်။
ဖေဖော်ဝါရီလ (၁၄)ရက်နေ့ မှာပင်
                                            x          x        x        x        x        x        x        x            
 သူငယ်ချင်း မိုးမိုးရဲ့စကားကိုကြားရထဲက ရင်ခုန်စွာ မျှော်လင့်နေမိခဲ့တာပါ ကို။ ဟုတ်ပါရဲ့ ဒီနေ့ ဟာ မေနဲ့ ကိုလက်ထပ်ခဲ့တာ တစ်နှစ်ပြည့်တဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ ပဲ။ မေတောင် မေ့နေခဲ့တဲ့ကိစ္စကို ကိုက သတိတရရှိနေခဲ့တဲ့အတွက် ကျေးဇူးပါနော်။
 မိဘပေးစားလို့  မေတို့ နှစ်ယောက်လက်ထပ်ခဲ့ကြခြင်းဖြစ်ပေမဲ့ သူမစိတ်ထင် သူမကိုချစ်သူတစ်ယောက်လို မချစ်နိုင်သော်လည်း ကိုသည် သူမဘ၀အတွက် ယုံကြည်၊ စိတ်ချ၊ လေးစား၊ အားထားစရာကောင်းသော ခင်ပွန်းကောင်းတစ်ယောက် ဖြစ်ခဲ့တာကတော့ အမှန်ပင် ဖြစ်သည်။
ချစ်သူမရှိခဲ့ဘူးသော သူမအတွက်ကတော့ ကို့ ရင်ခွင်သည်သာ အလုံခြုံဆုံး၊ အငြိမ်းချမ်းဆုံး၊ နားခိုရာနေရာကောင်းတစ်ခု ဖြစ်ခဲ့ ပါသည်။ ကို့ မှာ သူမထက်အရင်ချစ်သူတစ်ယောက်ရှိခဲ့ပြီး ထိုချစ်သူကို ကိုအရမ်းချစ်ခဲ့ကြောင်း၊ မိဘတွေသဘောမတူလို့  ကိုတို့  လမ်းခွဲခဲ့ရကြောင်းတွေကိုတော့ ကို့ သူငယ်ချင်း ပြောပြ၍ လက်မထပ်မီကပင် မေသိခွင့်ရခဲ့ပါသည်။ လက်ထပ်ပြီးချိန်မှာ ကို့  ကို သူ့ ချစ်သူ အကြောင်းမေးမိတော့
“ကိုယ့်ရဲ့ ဂုဏ်သိက္ခာကိုယုံကြည်နိုင်မယ်ဆိုရင် ဒီကိစ္စကို မမေးပါနဲ့ တော့။ အတိတ်ကို အတိတ်မှာပဲထားခဲ့ပြီ” တဲ့။
ကို့ ကို စိတ်အနှောင့်အယှက်မဖြစ်စေချင်သော ဆန္ဒ၊ စိတ်ချယုံကြည်မှုတစ်ခုတို့ နှင့်အတူ သူမဘယ်တော့မှ ဒီအကြောင်းကိုထပ် မမေးဖြစ်တော့ပါ။ ခုချိန်မှာတော့ သူမကိုယ်တိုင်လည်း ကို့ ကို နင့်နင့်သီးသီး ချစ်နေခဲ့ ပြီလေ။ သက်ဆိုင်မှုမရှိတော့သော အကြောင်း အရာတစ်ခုအတွက် ပြန်ပြောင်းပြောဆို သ၀န်တိုမတိုတတ်သော သူမရဲ့ အကျင့်တို့ ကြောင့်လည်း ထိုအကြောင်းအရာသည် သူမတို့  အတွက် မေ့မေ့ပျောက်ပျောက်ပင်ဖြစ်နေခဲ့ပါပြီ။ ကိုသည်လည်းမေ့ပျောက်နေပြီဟုပင် သူမထင်ခဲ့မိပါသည်။
                                             x           x           x           x           x           x             
"၀င်းဝင်း တကယ်လို့ လေ ယုမွန်သာ သူလက်ထပ်တဲ့နေ့ မှာ မတော်တဆဆုံးပါးသွားခဲ့ရင် သူ ဘယ်လိုခံစားရမလဲဟင်? သူ ယုမွန်ကို ထားခဲ့ပြီး တခြားတစ်ယောက်ကိုလက်ထပ်မိတာမှားသွားပြီလို့  တစ်သက်လုံး နောင်တရနေမလားမသိဘူးနော်။ ဒါဆိုရင် သူ ယုမွန်ကို ဘယ်တော့မှ မမေ့နိုင်တော့ဘူးပေါ့။ ကျွန်မ အကြံမကောင်းဘူးလားဟင်”
ယုမွန်ရဲ့ အစမရှိအဆုံးမရှိ ပြောလိုက်သောစကားတစ်ခွန်းကြောင့် ၀င်းဝင်း ရင်ထဲမှာဘာကြောင့်မှန်းမသိ နာကျင်သွားမိသည်။
“ယုမွန်ရယ်၊ မပြောကောင်းမဆိုကောင်း ဘာတွေလျှောက်ပြောနေတာလဲ။ ဘာလို့  ရှင်ကသေရမှာလဲ။ ရှင့်အသက်ငယ်ငယ်လေး ရှိသေးတာ။ နောက်ပြီး ရှင့်မှာသေနိုင်လောက်တဲ့ ရောဂါကြီးကြီးမားမားလည်းရှိတာမဟုတ်ပဲနဲ့  သေစကားမပြောစမ်းပါနဲ့  သူငယ်ချင်း ရယ်။ ယောကျာ်းတစ်ယောက်အတွက်နဲ့  လောကကြီးကို အလွယ်တကူအရှုံးမပေးချင်စမ်းပါနဲ့ ။ ကိုးရီးယားကားတွေကြည့်ပြီး မဟုတ် တာတွေစိတ်ကူးယဉ်ပြီး လျှောက်ပြောနေတယ်။ မင်းမြတ်ကလည်း သူဘာကြောင့်လက်ထပ်ရတယ်ဆိုတာကို ပြောပြရှင်းပြ ပြီးသားပဲ။ နောက်ပြီး ရှင်တို့ အခြေအနေကို ရှင်တို့ အသိဆုံးပဲလေ။ သူ့ အဖေရဲ့ ကျန်းမာရေးအခြေအနေကြောင့်သာ လက်ထပ်ဖို့ ကို မဖြစ်မနေ သူလက်ခံလိုက်ရတယ်ဆိုတာ ရှင်တို့ ၊ ကျွန်မတို့ သိနေကြတာပဲ။ မဆိုးချင်စမ်းပါနဲ့  ယုမွန်ရယ်။”
“အဲဒီအကြောင်းပြချက်ဟာ အရမ်းရုပ်ရှင်ဆန်လွန်းတယ်လို့  ရှင်မထင်ဘူးလားဟင်...... ၀င်း။ ရုပ်ရှင်တွေထဲမှာဆိုရင်လေ ဇာတ် နာအောင်လို့  လူကြီးတွေကရောဂါတွေဖြစ်ပြ၊ လူငယ်တွေက လူကြီးတွေစိတ်ချမ်းသာအောင်ဆိုပြီး ကိုယ့်ချစ်သူကိုစွန့် ပစ်၊ သူတို့ စီမံ တာကို ခေါင်းညိတ်နာခံဆိုတာ ဟိုးရှေးရှေးထဲကရိုက်ပြနေကြ ဇာတ်ကွက်ကြီးတွေလေ၊ ရိုးနေပြီ။ Update မဖြစ်တော့ဘူးဟ”
“ရှင့်ရင်ထဲမှာ ဘာတွေဘယ်လိုခံစားနေရတယ်ဆိုတာ တို့ နားလည်ပေးနိုင်ပါတယ်ယုမွန်ရယ်။ ရှင်တို့ ၂ယောက် သိပ်ချစ်ခဲ့ကြ တယ် ဆိုတာ တို့ တစ်ကျောင်းလုံးသိနေကြတာပဲ။ ရှင်ခံစားနေရသလို မင်းမြတ်လည်းခံစားနေရတာ တို့ တွေ မြင်နေရတာ ပဲလေ။ နောက်ပြီး မင်းမြတ်ကို ဒီလိုပြတ်ပြတ်သားသားဆုံးဖြတ်ချက်မျိုးချနိုင်အောင် ယုမွန်ကိုယ်တိုင်ပဲတိုက်တွန်းခဲ့တာ မဟုတ်လား။ ဘာလို့  သူစိတ်မ ချမ်းသာဖြစ်အောင်၊ နောက်ဆံတင်းအောင်လျှောက်ပြောနေရတာလဲကွယ်။”
“အလကားပြောနေတာပါ ၀င်းဝင်းရယ်။ တို့ စိတ်ရူးပေါက်လို့ သာ လျှောက်ပြောနေတာပါ။ အဲဒီလိုမျိုးတို့ ကလုပ်စရာလား။ တကယ် တမ်း တို့ သာတခုခုဖြစ်ခဲ့ရင် သူ ဘယ်စိတ်ချမ်းသာနိုင်ပါ့မလဲ။ သူအရမ်းခံစားရမယ်ဆိုတာသိရက်နဲ့  သူစိတ်ဆင်းရဲရ မဲ့ကိစ္စကို တို့  ဘယ်လုပ်ရက်ပါ့မလဲ။ ”
                                   x           x           x           x           x           x           x                
မင်္ဂလာအထိမ်းအမှတ်ပန်းစည်းကို စောင့်မျှော်နေသောမေ့ထံသို့  ကို့ ကိုယ်စားရောက်ရှိလာခဲ့တာကတော့ ကို့ ထံမှဖုန်းခေါ်ဆိုမှု တစ်ခု သာ ဖြစ်လေသည်။
“မေ ကိုယ်ဒီနေ့ သန်လျင်ဂေါက်ကွင်းမှာ ဂေါက်သွားရိုက်မယ်။ အပြန်နောက်ကျမှာမို့  ကိုယ့်ကိုထမင်းစား မစောင့်နဲ့ နော်။ တော်ကြာ ကိုယ့်ကိုစောင့်ရင်း ထမင်းစားနောက်ကျရင် မေဗိုက်အောင့်နေမှာစိုးလို့  ကိုယ်လှမ်းပြောတာ။ ဒါပဲနော် ကိုယ်ဖုန်းချလိုက်တော့မယ်။”
ပြောပြောဆိုဆိုဖုန်းချသွားသော ကို့ စကားကို ကြောင်အစွာနားထောင်ရင်း မေတို့ နှစ်ယောက်ရဲ့ တစ်နှစ်ပြည့်မင်္ဂလာအထိမ်း အမှတ်လေးကျင်းပဖို့  မေတိတ်တဆိတ်စီစဉ်ထားခဲ့တာတောင် မပြောဖြစ်လိုက်ပေ။ တကယ်တော့ မေ ကိုယ်တိုင်ကလည်း ကို့ ကို ကြိုမပြောထားပဲ သူပြန်လာချိန်မှာ ရုတ်တရက်အံ့သြသွားအောင် စီစဉ်ထားခဲ့တာပါ။
မေတို့ နှစ်ယောက် ညစာအတူစားဖို့  မေကိုယ်တိုင် အထူးစီစဉ်ချက်ပြုတ်ထားရုံသာမက မင်္ဂလာကိတ်မုန့် ကို အပြေးအလွှား သွားဝယ် ထားကာ မေတို့ ရဲ့ မင်္ဂလာနှစ်ပတ်လည်လေးကို ပျော်ရွှင်စွာကျင်းပကြမယ်ရယ်လို့  စဉ်းစားစိတ်ကူးစီစဉ်ခဲ့တာလေ။ ခုတော့ကို့ ရဲ့ စကား တစ်ခွန်းအောက်မှာ မေ့စီစဉ်မှုတွေ အလဟဿဖြစ်ခဲ့ပြီလား။
ဒါဆိုရင် သူငယ်ချင်းမိုးမိုး မေ့ကိုလှမ်းပြောခဲ့သော အနီရောင်နှင်းဆီပန်းတစ်စည်းသည် မေ့အတွက်မဟုတ်ပဲ တခြားတစ်စုံ တစ်ယောက် အတွက်များ ကိုရည်ရွယ်ခဲ့ပြီလား။ လက်ထပ်ပြီးချိန်မှ ယခုအထိ ပထမဆုံးအကြိမ်အဖြစ် မေရင်ထဲပူလောင်လာ မိသည်။
မေ့ကွယ်ရာမှာ ကိုဘာတွေလုပ်နေပြီလဲရယ်လို့  သံသယမျက်ဝန်းများနဲ့  တစ်ခါမှမကြည့်ခဲ့ဘူးသလို စိတ်နဲ့ တောင်ပစ်မှားပြီး ကို့ အပေါ် မတွေးခဲ့မိသူပါ ကိုရယ် . . . . . . ခုတော့
                                                  x           x           x           x           x           x         
မဖြစ်သင့်ဘူးလို့  ဦးနှောက်ကအကြိမ်ကြိမ်ငြင်းဆန်ခဲ့ပေမဲ့ နှလုံးသားကဆင်ခြင်နိုင်စွမ်းတို့ ကို ပယ်ချခဲ့သည်။ သူငယ်ချင်းတွေ ရဲ့  ဖျောင်းဖျမှုကိုလည်းမနာခံပဲ မိမိထင်ရာကိုသာ ခေါင်းမာစွာလုပ်တတ်သော သူမအကျင့်အတိုင်း ခံစားမှုတို့ ကို ဦးစားပေးလွန်း စွာဖြင့် မောင့်ကိုရွေးချယ်ခဲ့သည်ပဲ။ ခုချိန်မှာတော့ မောင်နဲ့ ပတ်သက်သော ကောင်းကျိုးဆိုးကျိုးတို့ ကို သူမတစ်ယောက်ထဲ ခံစား ရုံပေါ့လေ။ စိတ်တို့ ကို တည်ငြိမ်အောင်ကြိုးစားတည်ဆောက်ဟန်ဆောင်ထားခဲ့ပေမဲ့ တကယ်တမ်းမှာတော့  မောင်လက်ထပ်ဖို့ ရက် နီးလာလေ၊ သူမ သွေးပျက်လာလေပါပဲ။
ဒီကြားထဲမှာ နဂိုကအခံရှိနေသော ခေါင်းကိုက်ဝေဒနာက အိပ်ပျက်ရက်ဆက်နေသော သူမကို ပိုလို့ နှိပ်စက်နေခဲ့ ပြီ။ ခေါင်းမာသော သူမက ညအချိန်အိပ်စက်ခြင်းကို အိပ်ဆေးတို့ ၏အကူအညီဖြင့် မရယူချင်ပေ။ အိပ်မပျော်သောညများမှာ လည်း မောင်နှင့်သူမ အကြောင်းကို တွေးတောရင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။
တစ်နေ့ တခြားဆိုးရွားလာသောဝေဒနာအတွက် ဆေးကုသမှုတို့ ကို ခံယူခဲ့ရပြန်သည်။ စစ်ဆေးထားသောအဖြေ များ ရလာချိန် မှာတော့ ဖြေသိမ့်စရာရင်ခွင်ပျောက်ဆုံးနေသော သူမအတွက် ရက်စက်သော ကြိုးမိန့် တစ်ခု ထပ်မံရရှိတာပင်-
 “ဘရိန်းကျူမာ” ဆိုတဲ့ ရောဂါနာမည်တပ်ပြီး တိကျစွာအဖြေထွက်လာချိန်မှာတော့ သူမအတွက် အသက်ရှင်နေထိုင်ဖို့  နေ့ ရက် တို့  အလွန်နည်းနေခဲ့ပြီတဲ့လား။ ဒါကြောင့်ပဲကံဆိုးမှုဆိုတာတစ်ခုထဲမဟုတ်ပဲ အဖော်အပေါင်းနဲ့ လာတတ်သည်ဆိုသောစကား ကို လက်ခံ ရတော့မလိုပင်-
ပထမဦးဆုံး နှစ်ပေါင်းများစွာလက်တွဲလာသောချစ်သူကို မိဘတို့ ဆန္ဒအရ လမ်းခွဲခဲ့ရသည်။ ထိုသို့ ရက်စက်ရုံနှင့် အားမ ရသေးပေ။ ချစ်သူအား အခြားမိန်းကလေးတစ်ဦးနှင့် လက်ထပ်ရန် သူ့ မိဘများဘက်မှ စီစဉ်နေခဲ့ပြီ။ ခုတော့ သူမကို ချစ်သူနှင့် ရှင်ကွဲကွဲရုံနှင့် အားမ ရသောကံကြမ္မာက သူမတို့ နှစ်ဦးကို အပြီးတိုင်သေကွဲကွဲစေခဲ့ပြီလား။ သူမရဲ့ ဝေဒနာကို အခြားသူများအား မသိစေချင်တော့ပါ။ အထူး သဖြင့် မောင့်ကိုပေါ့. . .
သူငယ်ချင်းများသိလျှင် မောင့်ကိုပြန်ပြောကြမှာ မလွဲပေ။ ဒါကြောင့်အချစ်ဆုံးသူငယ်ချင်းဝင်းဝင်းကိုပင် သူမရောဂါအကြောင်း အသိ မပေးဖို့  သူမဆုံးဖြတ်ခဲ့သည်။ ဒါဟာမကြာခင်မှာ ကျင်းပတော့မဲ့ မောင့်လက်ထပ်ပွဲကို ဘာအကြောင်းနှင့်မှ အနှောင့် အယှက် မဖြစ်စေ ချင်တဲ့ ယုမွန်ရဲ့ မှန်ကန်သောစေတနာသာဖြစ်ပါသည် မောင် --- ဝေဒနာဖြစ်အောင် ယုမွန် မကြံစည်ခဲ့တာ အမှန်ပါ။
                                         x         x           x           x           x           x           x       
တကယ်တမ်းမှာတော့ မောင့်ရဲ့ လက်ထပ်ပွဲကို ယုမွန်ရင်မဆိုင်ရဲခဲ့ပါ။ ထို့ အပြင်တစ်နေ့ ထက်တစ်နေ့ ပိုမိုဆိုးရွားလာသော မိမိ၏ဝေဒနာ အခြေအနေ၊ နီးကပ်လာပြီဖြစ်သောနောက်ဆုံးနေ့ ရက်များကို ဘယ်သူမှမသိအောင် တိတ်တဆိတ်ကျော်ဖြတ် ချင်တာကြောင့် ပြင်ဦး လွင်မြို့တွင်ရှိသောအဒေါ်ထံတွင်သွားနေရန် သူမပြင်ဆင်ခဲ့သည်။
အချစ်ဆုံးသူငယ်ချင်းဝင်းဝင်းကိုပင် ခရီးထွက်မည့်အကြောင်း မပြောပြခဲ့ပေ။ မောင့်မင်္ဂလာပွဲပြီးမှပဲ ၀င်းဝင်းကို အကျိုး အကြောင်း ပြောပြပါတော့မည်။ အဲဒီလိုမှမဟုတ်ရင် သူမကို အလွန်ချစ်ပြီး သံယောဇဉ်ကြီးလှသောဝင်းဝင်းသည် မောင့်အား သူမခံစားနေရသော ဝေဒနာ အကြောင်းသိရှိစေမှာ မလွဲပေ။ ဒါဆိုရင် မကြာမှီမင်္ဂလာပွဲကျင်းပရန်စီစဉ်နေသောမောင့်အား စိတ်အနှောင့်အယှက်ဖြစ်ပေမည်။ သူမရော ဂါကြောင့် မောင့်ဆုံးဖြတ်ချက်များကို မတွေဝေ၊ မယိမ်းယိုင်စေချင်ပါ။  မောင့်အား ဂတိပျက်သူ၊ သစ္စာမဲ့သူတစ်ယောက်အဖြစ် မြင်ကြပြောကြမှာကို မလိုလားပါ။ အထူးသဖြင့် သူမအတွက်နဲ့ ပေါ့။
 ပြင်ဦးလွင်မြို့ ကို သူမတစ်ယောက်ထဲ ခရီးထွက်ဖြစ်ခဲ့သည်။ ကားကိုကိုယ်တိုင်မောင်းဖို့ ရွေးချယ်ခဲ့ကတော့ ကိုယ့်ရဲ့အပူကို သူများ မသိစေချင်တာကြောင့်ဖြစ်သည်။ မောင်လက်ထပ်သောနေ့  မနက်စောစောမှာပင် ရန်ကုန်မှ သူမစတင်ထွက်ခွာခဲ့သည်။ သူမကို ဆရာဝန်က ခရီးဝေးဝေးကားပေးမမောင်းတာကိုတော့ အိမ်ကလူတွေကို ပြောမပြခဲ့ပါ။
ဟုတ်တယ်လေ။ သူမ ကားမောင်းရင်းနဲ့  မောင့်အကြောင်းတွေးရင်း ငိုချင်လည်းငိုနိုင်တာပဲလေ။ တကယ်လို့ များ သူများမောင်း တဲ့ ကားပေါ်မှာဆို ဘယ်လွတ်လပ်ပါ့မလဲ။ နောက်ဆုံးအကြိမ်အဖြစ် မောင့်ကိုလွတ်လွတ်လပ်လပ် လွမ်းခွင့်ရ ချင်မိပါသည်။
ကားကို ဖြေးဖြေးချင်းမောင်းလာတာမို့  ပဲခူးကျော်ရုံသာရှိသေးသည်။ ရင်ထဲမှာမကောင်းတာရော၊ ခေါင်းထဲက မူးနောက်နောက်ဖြစ်နေတာရောတို့ ကြောင့် ကားကိုလမ်းဘေးထိုးရပ်ပြီး ခဏနားရပြန်သည်။ ဒီအတိုင်းသာဆိုရင် ခရီးလမ်း တနေရာရာမှာ ၀င်နားပြီးမှ ဆက်သွား၍ အဆင်ပြေနိုင်တော့မည်။ ခုချိန်မှ အိမ်ကိုကားဒရိုင်ဘာလှမ်းတောင်းမည်ဆိုလျှင် မေမေ စိတ် ပူတော့မည်။ စိတ်ကို အားတင်း ကာ တောင်ငူရောက်အောင်မောင်းပြီးမှ သူငယ်ချင်းအိမ်တွင်ဝင်နားတော့မည်ဟုစဉ်းစားရင်း ကားကိုပြန်မောင်းထွက်ခဲ့တော့သည်။
စိတ်ကိုတင်းပြီးမောင်းနေရပေမဲ့ ခေါင်းကမခံနိုင်လောက်အောင်ပင်ထိုးကိုက်လာသည်။ ဒီအချိန်ဆိုမောင့်မင်္ဂလာပွဲ  ကျင်းပနေရောပေါ့။ မောင် ပျော်နေမှာမဟုတ်ဘူးဆိုတာတော့ ကိုယ်ချင်းစာနားလည်မိပါသည်။ မောင့်မျက်နှာကို မြင်ယောင်ရင်း ကားကို အရှိန်ထပ်တင်လိုက်သည်။ တောင်ငူကို မြန်မြန်ရောက်ချင်လှပြီ။
ကားမောင်းရင်း မျက်ဝန်းများ ပိုမိုေ၀၀ါးလာခဲ့သည်။ အကွေ့ တစ်နေရာကိုအရောက်မှာတော့ မမျှော်လင့်ပဲဘွားကနဲ ပေါ် လာသော သစ်လုံးကားကိုရှောင်ရန် စတိယာတိုင်ကို ဆွဲအကွေ့ ၊ သူမမျက်လုံးများ၏ အမြင်အာရုံလွဲမှားခြင်းလား၊ ဦးနှောက် ၏စေခိုင်းရာ လွဲချော်ခြင်းလား၊ ကံကြမ္မာ၏စေညွှန်းရာမှားယွင်းခြင်းလား မသိနိုင်စွာ၊ သူမရှောင်လိုက်သောဘက်သည်သစ်လုံး ကားကြီး မောင်းနှင် လာသောဘက် ဖြစ်နေသောအခါ
                                     x           x           x           x           x           x           x         
သန်လျင် ဂေါက်ကွင်းကို သွားမည်ဟု ပြောသွားသော ကို့ ကားကို ဂေါက်ကွင်းမှာ မတွေ့ မိတာကြောင့် ရှေ့ ဆက်ပြီး မောင်း လာမိသည်။ ဟိုးအဝေးမှပင် ကို့ ကားကို မေ လှမ်းမြင်လိုက်ရသည်။ ကို့ ကားသည် သန်လျင်ဂေါက်ကွင်း မဟုတ်သော၊ ကိုနှင့် ဘယ်လိုမှ အပ်စပ်မှု မရှိနိုင်သော၊ ဤနေရာသို့  ဘယ်လိုရောက် နေခဲ့လဲ မေ မမှန်းဆနိုင်ခဲ့။ ကို့ ကားဘေးမှာ မေ့ကားကို ကပ်ရပ် လိုက်တော့ ကားပေါ်က အလန့် တကြား ဆင်းလာသူမှာ ကို့ ကားဒရိုင်ဘာ ဦးလေးမြသာလျှင် ဖြစ်သည်။
“မမလေး . . . . .  ဒီကို ဘယ်လိုလုပ်ပြီး . . . . . ”  
မေ့အနားကို တိုးကပ်လာသော ဦးလေးမြအား တိတ်တိတ်နေရန် အသာ လက်ပြလိုက်မိသည်။ မေ့ကြောင့် ကို့ အာရုံတွေ အနှောင့်အယှက် မဖြစ်စေချင်တာ မေ့ဆန္ဒ အမှန်ပါ ကို-
သိပ်မကြာသေးခင် ကာလလေးဆီကမှ မေ့အတွက်ရယ်လို့  မေ မျှော်လင့်နေခဲ့မိသော ကို့ လက် ဆောင်ပန်းစည်းကို လက်ခံရရှိ သွားသောသူတစ်တယာက်ကို မေ မျက်ဝါးထင်ထင် သိခွင့်ရပါတော့မည်။ ထို့ အတွက် မေ့ရင်ထဲက တုန်လှုပ်မှုကို ထိန်းချုပ်ကာ မျက်နှာပေါ်တွင် သ၀န်တိုခြင်းကင်းအောင်တော့ မေ ကြိုးစားဟန်ဆောင်နိုင်ရပါလိမ့်မည်။
ကို့ အနားကို တိတ်တဆိတ်လျှောက်လာမိခြင်းသည် ကို့ ကို အနှောင့်အယှက်မဖြစ်စေချင်သည့် ဆန္ဒ သက်သက် ထက်မပိုခဲ့ပါ။ ဒါပေမဲ့ဒါဟာကို့ ဘ၀ရဲ့ အရေးကြီးတဲ့ကိစ္စတစ်ခု (လျှို့ ဝှက်ချက်လို့  ပြောရင်လည်း ရနိုင်တဲ့ကိစ္စတစ်ခု)ကို မေသိခွင့် ရခဲ့လေ သည်။
တည်ငြိမ်အေးစက်လွန်းသည်ဟု အမြဲတမ်းခံစားမိသောခင်ပွန်းသည်၏ သွေးပျက်တုန်လှုပ်မှုကို ပထမဦးဆုံး အကြိမ် အဖြစ် မေ မြင်တွေ့ ခွင့်ရတာ ဖြစ်သည်။ ကိုသည် နှင်းဆီပန်းစည်းတင်ထားသော အုတ်ဂူတစ်ခု၏ ရှေ့ တွင် ငြိမ်သက်စွာ ရပ်တန့် နေခဲ့သည်။ အနားကို မေရောက်လာတာတောင် မသိနိုင်လောက်အောင် ထိခိုက်ခံစားစွာ ငိုကြွေးနေသောအသံတစ်ခု သည် ထူးဆန်းစွာ ကို့ ဆီမှ ထွက်ပေါ်နေခဲ့တာဖြစ်သည်။
အိမ်ထောင်သက်တစ်နှစ်အတွင်းမှာ ကို့ မျက်ရည်ကိုတစ်ခါမှမတွေ့ ခဲ့ဘူးသော မေ့အတွက် ထိုအဖြစ်အပျက်က အံ့သြ ထူးဆန်းစေသည်။ ဘယ်သူကများ ကို့ ကို မျက်ရည်ကျစေခဲ့ပါသလဲ။ အုတ်ဂူပေါ်ကို မေ လှမ်းကြည့်လိုက်တော့
ယုမွန်ဆွေ
အသက်(၂၇)နှစ်
၁၄.၂.၂၀၀၇ နေ့ တွင် ကွယ်လွန်သည်။
၁၄.၂.၂၀၀၇ ထိုနေ့ သည် မေနဲ့ ကိုမင်္ဂလာဆောင်သည့်နေ့ ပင်ဖြစ်သည်။ ဒါဆိုရင်သူမသည် မေတို့ မင်္ဂလာဆောင်သောနေ့ တွင် ကွယ်လွန်ခဲ့သည်ပေါ့။ ဒါဆိုရင် သူမသည် တချိန်ကကို့ ရဲ့ . . . .
ဘုရားရေ၊ သူမရဲ့ သေဆုံးမှုသည် မေတို့ နှစ်ယောက်ရဲ့ ပယောဂ ကင်းပါရဲ့လား။ နောက်ပြီးကိုရဲ့ဝမ်းနည်း ပူဆွေးမှု၊ နာကျင် ခံစား မှု အားလုံးသည် မေနှင့်အနည်းနှင့်အများဆိုသလို ပတ်သက်ပါလိမ့်မည်။ ဒါကို မေ ဘာကြောင့် မသိခဲ့ရတာပါလိမ့်။ ကိုယ့် ပတ်ဝန်းကျင်မှာ ဘာဖြစ်လို့ ဘာဖြစ်နေမှန်း မသိနိုင်လောက်အောင် မေ ညံ့ဖျင်းခဲ့ပါသလား။ မေ အရမ်းကိုတုန်လှုပ်သွားမိသည်။
“ကို”
ကို့ ပခုံးကို စိုးရိမ်စွာ အသာလှုပ်ကိုင်ကာ ခေါ်လိုက်မိသည်။
မေ့ကိုလှည့်ကြည့်သော ကိုရဲ့ ကြေကွဲမျက်ဝန်းများကို မေ့တစ်သက် ဘယ်တော့မှမေ့နိုင် တော့ မည်မဟုတ်ပေ။ တစ်စုံ တစ်ယောက်အတွက် မျက်ရည်ကျသည်အထိခံစားနေရသောကို့ ပုံစံကိုမကြည့်ရက်စွာပင် မေ ငေးကြည့်နေဖြစ်ခဲ့သည်။ မေ့ ကိုမြင်တော့ ကလေးတစ်ယောက်လို မေ့ရင်ခွင်ထဲတိုးဝင်လာသော ကို့ ကို ဖက်ကာ မေပါရောပြီး မျက်ရည်ကျမိသည်။
ကိုရဲ့ ဝေဒနာတွေကို သက်သာခွင့်ရအောင် မေ့ဆီမှာရင်ဖွင့်မယ်ဆိုရင် နားလည်မှုအပြည့်နဲ့  နားထောင်ပေးမဲ့သူပါ။ ကို့ ထံ မှ ပြန်သိခွင်ရခဲ့သော ကို့ ချစ်သူ အကြောင်းများက မေ မျှော်လင့်ထားတာထက်ပင် ပို၍ ကြေကွဲစရာကောင်းခဲ့လေသည်။
တကယ်တမ်း မတော်တဆ ကား accident ဖြစ်ပြီဆိုတာသိလိုက်ရချိန်မှာတော့ ကိုယ့်ကိုကိုယ်တစ်စုံတစ်ခုဖြစ်သွားမှာကို ယုမွန် အလွန်အမင်းစိတ်ပူနေခဲ့သည်။ ဒါဟာ သူမရဲ့ အသက်အန္တရာယ်ကိုစိုးရိမ်တာထက် အမှတ်မထင်၊ နောက်ပြောင်၊ ပျက်ရယ်၊ အနိုင်ယူလိုစွာပြောခဲ့မိသောစကားတစ်ခွန်းကို အတည်မှတ်ယူကာ မောင့်ကိုထိုအကြောင်းပြန်ပြောပြလိုက်ကြမှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။
တကယ်လို့  ဒီစကားကို မောင်သာ ကြားခဲ့၊ သိခဲ့ပါလျှင် . . . . . မောင့်ဘ၀ တလျှောက်လုံးကို ပင်ပန်း ဆင်းရဲကြီးစွာ ဖြတ် သန်းရတော့မည်။ သူမကြောင့် မောင့်ဘ၀ကို ထိခိုက် နာကျင်ရမှာကို မလိုလားပါ။ နောက်ပြောင် ကြည်စယ်တတ်သော ကံကြမ္မာ၏နောက်တွင် မောင်တစ်သက်လုံး စိတ်ဆင်းရဲရပေတော့မည်။ သူမအတွက်ကတော့ စီရင်ချက်ချခံရ ပြီးသား၊ သေမိန့်  ကျပြီးသားရောဂါနှင့် မကြာခင်လူ့ လောကမှ ထွက်ခွာရတော့မှာမို့  ယခုသေခြင်းနှင့် နောင်ရက်အနည်းငယ် အသက်ရှင်နေရ ပြီးမှ သေခြင်းသည် ဘာမှပိုပြီးမထူးခြားလာတော့ပါ။
သို့ သော် မောင့်အတွက်ကတော့ သူမ၏ သေဆုံးမှုအတွက် အပြစ်ရှိသလို တစ်သက်လုံးထိခိုက် နာကျင်ခံစားနေရမည်ဆိုလျှင် . . . . . . . သူမ စိတ်ဖြောင့်နိုင်မည်မဟုတ်ပေ။ အပြစ်တင်ရမည်ဆိုလျှင် စကားကို မဆင်မခြင် အမှတ်မထင် ပြောမိသော သူမကို သူမ အပြစ်တင်ရပါလိမ့်မည်။ အဓိကတော့ မောင့်ကို သူမအကြောင်း ပြန်ပြောပြသော ၀င်းဝင်းသည် အဖြစ်မှန်ကို သေချာ နားလည်သဘောပေါက်နိုင်စွမ်းရှိမှ ဖြစ်ပါလိမ့်မည်။ သို့ သော် ၀င်းဝင်းသည် သူမတွင် သေလုနီးပါးခံစားနေရသော ဝေဒနာရှိမှန်း လုံးဝ မသိခဲ့ပေ။
“မပြောပါနဲ့  ၀င်းဝင်းရယ်။ ကျေးဇူးပြုပြီး မောင့်ကို လုံးဝ မပြောပြလိုက်ပါနဲ့ နော်။ တို့ ရဲ့ နောက်ပြောင်တဲ့ စကားတွေကြောင့် သူ့  ဘ၀ကို တစ်သက်လုံးဒဏ်ရာရနာကျင်နေအောင် မလုပ်လိုက်ပါ နဲ့ ။ တောင်းပန်ပါတယ်နော်။ နောက်ပြီး တို့ ကိုလည်း တစ်ရက်လောက်တော့ အသက်ရှင်ခွင့်ပေးပါအုံး ကံကြမ္မာရယ်။ တစ်ရက်ထဲပါ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ မှာ တို့ အသက်ရှင် နေမှ ဖြစ် မှာ။ ဒါမှ မောင့်ကို ဘယ်သူမှအပြစ်မတင်ကြမှာ။”
အနည်းဆုံးတော့ ၀င်းဝင်းထံ သူမစကားတစ်ခွန်းလောက် ပြောခွင့်၊ မှာခွင့်ရချင်မိပါသည်။ မောင့်ကို သူမပြောခဲ့ဖူးသော စကား များကို လုံးဝမပြောပါနဲ့ လို့  တားခဲ့ချင်ပါသည်။ ကံကြမ္မာကို အမြဲတမ်း အရှုံးပေးနေရသောသူမအား ဒီတစ်ခုတော့ မျက်နှာ သာပေးခွင့်ပြုစေချင်ခဲ့ပါသည်။ သူမ၏နောက်ဆုံးဆုတောင်းတို့ ကိုလည်း ကံကြမ္မာက ရက်စက်စွာပင် အနိုင်ယူခဲ့ပြန်လေသည်။
                                  x           x           x           x           x           x           x        
ဝင်းဝင်းထံသို့  ယုမွန်ဖုန်းခေါ်ခဲ့ပါသည်။ သစ်လုံးများကြားထဲတွင်ပိတ်မိနေသော သူမကားကို လူအများက ကြိုးစားဖယ်ရှားရှင်း ထုတ်နေစဉ်အချိန်က ယုမွန်သတိရှိနေသေးသည်တဲ့။ ကားထဲမှ သူမကိုထုတ်ယူလိုက်တယ်ဆိုရင်ပဲ ယုမွန်တစာစာ ပြောနေ ခဲ့သည်က ဖုန်းဆက်ချင်သည်တဲ့။ သူ့ အိတ်ထဲတွင်ရှိသော ဖုန်းကိုထုတ်ပြီးခေါ်ခိုင်းသည်က ၀င်းဝင်း၏ ဖုန်းနံပါတ်ပင်ဖြစ်သည်။ ကံဆိုးစွာပင် ထိုအချိန်မှာ ၀င်းဝင်းက ရေချိုးနေခဲ့တာကတော့ မမျှော်လင့်သောကံကြမ္မာ၏  နောက်ထပ်ရက်စက်မှုပင်
ဖုန်းမြည်သံကြောင့် ရေချိုးခန်းမှ ၀င်းဝင်းကမန်းကတန်းထွက်လာတော့ ဖုန်းကကျသွားခဲ့ပြီ။ ပေါ်နေသော ဖုန်းနံပါတ်ကို ကြည့် မိတော့ ယုမွန် နံပါတ် ဖြစ်နေတာကြောင့် ပြန်ခေါ်ချိန်မှာ ကြားလိုက်ရသော စကားသံတို့ က ၀င်းဝင်းကို အရုပ် ကြိုးပြတ်လဲကျ သွားစေခဲ့သည်။
“ဟဲလို . . ညီမလေးက ဒီဖုန်းပိုင်ရှင်ရဲ့ သူငယ်ချင်းလားဟင်။ ဒါဆိုရင် ညီမလေးရဲ့ သူငယ်ချင်း ခုပဲ ကား accident ဖြစ်ပြီး ဆုံး သွားခဲ့ပြီ။ ညီမလေးနဲ့  ဖုန်းပြောချင်တယ်လို့  တဖွဖွ ပြောနေလို့  အမ ဖုန်းခေါ် ပေးလိုက်ရတာ။ ညီမလေးကို ဖုန်းကို ချက်ချင်း မကိုင်တော့ သူ့ ခမျာ မစောင့်နိုင်တော့ဘူးကွယ်။ သူ့ ပုံစံက တစ်ခုခုကို မှာခဲ့၊ ပြောခဲ့ချင်တဲ့ပုံပဲ။ သူ့ ကို ကားထဲက မ ထုတ်ထဲက သူ့ ဒဏ်ရာက တော်တော်ပြင်းတာ။ ဆန္ဒတစ်ခုကြောင့်သာ သူ့ စိတ်ကို အတင်း အားတင်းထားပုံရတာ”တဲ့။
အမည်မသိ အမျိုးသမီးတစ်ဦး၏အသံက ၀င်းဝင်းရင်ကို ပြင်းစွာကွဲအက်စေသည်။
ယုမွန်ရယ်. . . တို့ ကို ဘာတွေ မှာချင်၊ ပြောချင်ခဲ့တာလဲ။ နောက်ပြီး မင်းဘာကြောင့် ဒီလိုလုပ်ခဲ့ တာလဲ။ မင်းမြတ်ကို နောင်တ ရ နာကျင်အောင် လုပ်ချင်ရုံနဲ့  မင်း မိုက်မဲတဲ့ ဒီလိုအလုပ်ကို ရူးရူး မိုက်မိုက် လုပ်လိမ့်မယ်လို့  တို့ ထင်မထားခဲ့ဘူး။ ဒါကြောင့်ပဲ ဒီနေ့ တစ်ယောက်ထဲ လွတ်လွတ်လပ်လပ် နေချင်တယ် ဆိုတဲ့ မင်းရဲ့ စကားကို ယုံစားပြီး မင်းကို တစ်ယောက်ထဲ လွှတ်ထားမိ တာ တို့ အမှားပါ သူငယ်ချင်းရယ်။ တို့  အားလုံးကို တစ်သက်လုံး သတိရ နာကျင်၊ ကြေကွဲ နေအောင် မင်း လုပ်ခဲ့တာလား ယုမွန်ရယ်။
“မင်းမြတ်၊ နင့်ကို ငါ လုံးဝ မကျေနပ်ဘူး။ နင့်ကြောင့် ယုမွန် သေရတာ။ နင် ယုမွန်ကို သတ်တာ။ နင့်ကို ငါ တစ်သက် လုံး ခွင့်မလွှတ်ဘူး။”
မင်းမြတ်နှင့် ၀င်းဝင်း ဆုံတွေ့ မှုအခြေအနေသည် ယုမွန် တွေးထားသည်ထက် အဆပေါင်းများစွာ ဆိုးရွားခဲ့လေသည်။
“ယုမွန်က တကယ်ပဲ ကို့   . . . . . . . (ကို့ ကြောင့်လို့  ပြောမိတော့မလို ဖြစ်ပြီးမှ)  အဲဒီလို လုပ်သွားခဲ့တာလားဟင်”
“၀င်းဝင်း အပါအ၀င် ကိုယ်တို့  အားလုံးက ဒီလိုပဲ တွေးခဲ့ကြတာ။ မေ မှတ်မိမလား မသိဘူး။ ကိုယ် တို့  မင်္ဂလာပွဲက ပြန်လာပြီး မကြာခင်မှာပဲ ကိုယ့်ဆီကို ဖုန်းလှမ်းဆက်ပြီး ယုမွန်ကိစ္စ အရေးကြီးလို့  ခုချက်ချင်း လာခဲ့ပါလို့  ငိုပြီး လှမ်းပြောတယ်။ကိုယ် လည်း ယုမွန် ဘာဖြစ်မှန်းမသိတာမို့  မေ့ကို အားနာနာ နဲ့ ပဲ ခွင့်တောင်းပြီး လိုက်သွားတာ။ ၀င်းဝင်းက ကိုယ့်ကို ယုမွန် ကား accident ဖြစ်တဲ့ဆီကို မပြောမဆိုနဲ့  ခေါ်သွားခဲ့တာ။ တစ်လမ်းလုံး ဘာမှမပြောပဲ ငိုနေတာမို့  ကိုယ်ပဲကားမောင်း ပို့ ပေးခဲ့ ရတယ်။”
ကို့ အသံက ပိုမို တိုးသက် ဆွေးမြည့်သွားခဲ့သည်။
“ပဲခူး ဆေးရုံလည်းရောက်ရော ကိုယ်တို့ ကို ဆီးကြိုနေခဲ့တာ ယုမွန်ရဲ့ အသက်မဲ့ရုပ်အလောင်းပဲ”
“၀င်းဝင်းဟာ ယုမွန်ကိုလည်း မြင်ရော ကိုယ့်ကို ထုရိုက်ပြီး ပေါက်ကွဲတော့တာပဲ။ ပြီးတော့ ယုမွန်ကို ကိုယ် သတ်ခဲ့တာတဲ့။ ယုမွန်က သူ့ ကို ပြောပြဖူးတဲ့ စကားတွေ အားလုံးကို ကိုယ့်ကို ပြန်ပြောပြခဲ့တယ်။ ယုမွန်ဟာ ကိုယ့် စိတ်နဲ့ သေခဲ့တာတဲ့။
နောက်ပြီး ပိုဆိုးတာက ယုမွန် accident ဖြစ်တဲ့နားမှာ ရှိတဲ့သူတွေ အားလုံး မြင်ကြ၊ ပြောကြတာကတော့ ယုမွန်က ကားကို သစ်လုံးကား လာတဲ့ဘက်ကို တမင် လှည့်ရှောင်လိုက်တယ်လို့  ထင်ရတယ်တဲ့။ တကယ်ဆို လမ်းရဲ့ တစ်ဖက်ခြမ်းမှာ ဘာမှ မရှိဘူး။ အလွတ်ကြီးပဲတဲ့လေ။ အဲဒီတော့ ယုမွန်ဟာ သူ့ ကိုသူလုပ်ကြံသွားတယ်လို့  အားလုံးကထင်သွားကြတယ်လေ။ ၀င်းဝင်းကတော့ အဆိုးဆုံးပေါ့။
ယုမွန်က သူ ဘာလုပ်မယ်ဆိုတာကို အမှတ်မထင် ပြောထားပါရက်နဲ့  ဒီကိစ္စကို သူ သိထားရက်နဲ့  အမှတ်တမဲ့ ထားလိုက်မိလို့  ယုမွန် အသက်ဆုံးရတာဆိုပြီး ဘယ်လိုမှ မဖြေသိမ့်နိုင်ဘူး။ အဲဒီမှာ အပြစ်အရှိဆုံးလို့  ခံစားရတဲ့သူက ကိုယ်ပေါ့။
ကိုယ် ယုမွန်ကို သိပ်ချစ်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်တို့  လက်ထပ်ဖို့  မဖြစ်နိုင်ခဲ့ဘူး။ ဒါကလည်း ကိုယ် တို့ နှစ်ယောက်က ဘာသာ မတူကြဘူးလေ။ ယုမွန် မိဘတွေကရော၊ ကိုယ့် မိဘတွေကပါ ကိုယ်တို့ လက်ထပ် ဖို့  သဘောမတူခဲ့ကြဘူး။ မိဘတွေ ဆန္ဒကို ငဲ့ပြီး ကိုယ်တို့  နှစ်ယောက် ဇွတ်အတင်း လက်ထပ်ဖို့  မကြိုးစား ခဲ့ဘူး။ နားလည်မှုနဲ့ ပဲ ချစ်နေခဲ့ကြတာ။ ဒါပေမဲ့ မိဘ တွေရဲ့ အတင်းအကျပ် တိုက်တွန်းမှုနဲ့  နောက်ဆုံးမှာ မေ့ ကို ကိုယ် လက်ထပ်ဖို့  ဖြစ်လာခဲ့တယ်။
ကိုယ်နဲ့  ယုမွန် လမ်းခွဲခဲ့ရတယ်။ နောက်ပြီး မေနဲ့ ကိုယ် လက်ထပ်ဖြစ်ခဲ့တယ်။ အဲဒီနေ့ မှာပဲ ယုမွန်ဟာ ကိုယ့်ရဲ့ ပရောဂ နဲ့  သေဆုံးသွားခဲ့တယ်။ ကိုယ် မေ့ကိုမချစ်နိုင်တာကလွဲပြီး မေ့အပေါ်သစ္စာမဲ့တဲ့ အပြုအမူအနေအထိုင်မျိုး တစ်ခါမှ မကျူးလွန် ခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်ပရောဂမကင်းပဲ သေဆုံးသွားရတယ်လို့  ယူဆထားတဲ့ ယုမွန် ရှိတဲ့ ဒီနေရာကို တစ်လတစ်ခါ တော့ ကိုယ် လာခဲ့မိတယ်။ ဒီနေ့ ဆိုရင် ယုမွန် ဆုံးပါးသွားခဲ့တာ တစ်နှစ်ပြည့်ခဲ့ပြီ။ ဒါကြောင့်မို့ လို့  တနေကုန် သူ့ အနားမှာ အဖော်လုပ်ပေး မယ်ဆိုပြီး ကိုယ်လာခဲ့တာပါ။ ဒီအတွက် မေ အပြစ်မြင်မယ်ဆိုရင်လည်း ကိုယ် တောင်းပန်ဖို့ အသင့်ပါ။ ကိုယ့်ကို ခွင့်လွှတ်ပါမေ”
ကို့ ရဲ့ ရင်ဖွင့်သံ အဆုံးမှာ ကို့ ကို ဖက်ရင်း မေပါရောပြီး မျက်ရည်ကျမိသည်။
“ခွင့်လွှတ်ပါတယ် ကိုရယ်။ ကို့ ကို မေ နားလည်ခွင့်လွှတ်ပါတယ်။”
ထိုနေ့ တစ်နေ့ လုံး ကို့ အနားမှာ မေပါ တိတ်ဆိတ်စွာ ထိုင်ရင်း ညနေစောင်းသည်အထိ ကို့ ကို အဖော်ပြုပေးခဲ့ပါသည်။ ကို့  ဆီမှာ ရှိသော ယုမွန်နှင့် ပါတ်သက်သည့် အတွေးများ ပျက်စီး သွားမှာစိုး၍ ကို့  ကို မေ စကားတောင် မပြောဖြစ်ခဲ့ ပါ။ ကိုနဲ့  ယုမွန်ရဲ့ ချစ်ခြင်းကို မေ ကိုယ်ချင်းစာ နားလည်ပေးနိုင်ပါသည်။ မေတောင် တစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ကို့ ကို မခွဲနိုင်အောင် ချစ်နေခဲ့ပြီ။
၅နှစ်ကျော်ကြာအပြန်အလှန်ချစ်ခဲ့ကြသော ကိုနဲ့ ယုမွန်တို့ နှစ်ဦးမှာ မေ့ထက်နက်ရှိုင်းသောချစ်ခြင်းများ ရှိနိုင်သည်ပဲလေ။ မေ ကိုယ်ချင်းစာ နားလည်ပေးရမှာပေါ့။ မေတို့  ပြန်ကာနီးမှာ အုတ်ဂူလေးပေါ်တင်ထားသော ပန်းစည်းလေးမှာ လာနားနေသော လိပ်ပြာအဖြူလေးတစ်ကောင်သည် မေ့ ပခုံးပေါ်လာနားလေသည်။ ထိုလိပ်ပြာလေးသည် မေကားပေါ်တက်သည်အထိ ပျံသန်း မသွားပဲ အိမ်အထိ လိုက်ပါလာခဲ့သည်။ ထို့ နောက် အိမ်ရောက်တော့ ထူးဆန်းစွာပင် မေတို့ အခန်းထဲမှ ကို့ အင်္ကျီ ရင်ဘတ်နေရာလေးတွင် နှစ်ရက်တိတိ ဘယ်မှမပျံသန်းပဲ နားနေခဲ့လေသည်။
လိပ်ပြာလေး အိမ်ရောက်ပြီး ဒုတိယမြောက်နေ့ တွင် ထူးဆန်းသော အိပ်မက်တစ်ခုကို မေမက် ခဲ့သည်။ အိမ်မက်ထဲ တွင် ထို လိပ်ပြာလေးသည် မေ့ထံတွင် သူ လာနေချင်သည်ဟု ခွင့်တောင်းခဲ့ကာ မေကလည်း မေ့ ၀မ်းဗိုက်ကို အသာကိုင်ကြည့်ရင်း လာခဲ့လေဟု ပြန်ပြောမိသည်။ ထိုအခါ လိပ်ပြာလေးက ၀မ်းသာအားရ ခေါင်းညိတ်ပြချိန်တွင် ထိုလိပ်ပြာလေးနေရာတွင် ထူးဆန်းစွာ ကို့ ချစ်သူ ယုမွန် ဖြစ်နေခဲ့သည်တဲ့။ အဲဒီအချိန်မှာ မေ လန့် နိုးခဲ့တာ ဖြစ်သည်။
မနက်မိုးလင်းချိန်မှာ လိပ်ပြာလေးကို သတိတရကြည့်မိတော့ တိုက်ဆိုင်စွာပင် ကို့ အင်္ကျီ အောက်နားတွင် ပြုတ်ကျ သေဆုံးနေ ခဲ့သည်။ မေက လိပ်ပြာအသေလေးကို ကိုင်ကြည့်ရင်း
“မင်းဘယ်သူပဲဖြစ်ဖြစ် တို့ ဆီကိုလာမယ်ဆိုရင် တို့ က ၀မ်းသာစွာ ကြိုနေမှာပါကွယ်။ တကယ်လို့  မင်းဟာ ကို့ ရဲ့ယုမွန် ဖြစ်နေ ခဲ့မယ်ဆိုရင်လည်း ကို့ ကိုယ်စား တို့ က ပိုပြီး ၀မ်းသာမိမှာပါ။”
ထိုနေ့ မှစ၍ မေသည် မေ့ထံရောက်ရှိလာမည့် တစ်စုံတစ်ယောက်ကို တိတ်တခိုး စောင့်မျှော်နေခဲ့မိလေသည်။
                                       x          x           x           x           x           x         
တကယ်တော့ ၀င်းဝင်းသည် ယုမွန်ရဲ့ အဖြစ်မှန်ကို ယုမွန်အိမ်ရောက်မှ သိရှိခဲ့တာ ဖြစ်သည်။ ယုမွန်မှာ ကုသလို့  မပျောက် ကင်းနိုင်တော့မဲ့ ရောဂါရှိနေခဲ့သည်တဲ့လား။ သူမအတွက် အသက်ရှင်ရမည့် နေ့ ရက်တို့  အနည်းငယ်သာကျန် တော့သည် ဆိုတာသိရက်နဲ့  ထိုနေ့ ရက်တို့ ကို သူမ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါသလဲ။ နောက်ဆုံးအချိန်တွေကို အထီးကျန် အားငယ် စွာ ကျော်ဖြတ်ခဲ့ရမည် ဖြစ်သော သူငယ်ချင်းအတွက် ထပ်ဆင့်ဝမ်းနည်းရပြန်သည်။
“သူ့ ရောဂါကို ၀င်းဝင်းကို မပြောပြခဲ့တာကလည်း ၀င်းဝင်းကတဆင့် သူ့ ချစ်သူကို မသိစေချင်လို့  ပါ။ တကယ်လို့  များ မင်းမြတ်ဟာ သူ့ မှာ ဒီရောဂါရှိတာကို သိခဲ့ရင် သူ့ ကိုထားပြီး လက်ထပ်ဖို့ ကိစ္စကို စီစဉ် တော့မှာ မဟုတ်ဘူး။ အဲဒါကို သူသိ တယ်။ ဒါကြောင့် ၀င်းဝင်းကို ယုမွန်က မပြောပြခဲ့တာပဲ။
အန်တီကလည်း သူ့ ကို သနားတော့ နောက်ဆုံးအချိန်မှာ သူ့ ကို စိတ်ချမ်းသာစေချင်တာကြောင့် သူဘာလုပ်လုပ် မတားတော့ ဘူးလို့  ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် ဒီနေ့ သွားတဲ့ခရီးမှာ အဖော်မခေါ်ချင်ဘူး ဆိုတဲ့ သူ့ ရဲ့ စကားကို လိုက်လျောလိုက်မိ တယ်။ နောက်ပြီး ဒီနေ့  မင်းမြတ် လက်ထပ်မှန်းလည်း အန်တီက သိနေတော့ သူ လွတ်လွတ်လပ်လပ် သွားပါစေလို့  ခွင့်ပြုလိုက်မိတာ။ သူ့ ရောဂါနဲ့  ခရီးဝေးဝေး ကားပေးမမောင်းသင့်ဘူးဆိုတာကို အန်တီ စဉ်းစားဖို့  မေ့သွားတယ်။
အန်တီကတော့ သူ တမင်တကာလုပ်သွားတယ်လို့  မထင်ဘူး။ ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုတဲ့ အလုပ်ကို ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူ မိုက်မိုက်မဲမဲ မလုပ်ဘူး ဆိုတာ အန်တီ ယုံကြည်တယ်။ သူ့ ရဲ့ ရောဂါကြောင့်သာ ကားကို သူ မထိန်းနိုင်တာလို့ ပဲ အန်တီကတော့ ခံယူထားတယ်။ သူ့ ရဲ့ ဝေဒနာတွေ အရမ်းဆိုးရွား မလာခင်မှာ ဒီလိုဖြစ်သွားတော့လည်း ၀ဋ်ကျွတ်သွားတယ်လို့ ပဲ ဖြေတွေးလိုက်ရတော့တယ်။ ဒါကြောင့် မင်းမြတ်ကိုလည်းသမီး ယုမွန်နောက်နောက် ပြောင်ပြောင် ပြောသွားတဲ့စကားတွေကို ပြန်ပြောမနေပါနဲ့ တော့ ၀င်းဝင်းရယ်။  ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်ပါတယ်။
သေတဲ့လူလည်း သေပြီပဲ သမီးရယ်။ ယုမွန်ကလည်း ဒီလိုမျိုး ဖြစ်စေချင်မယ် မထင်ဘူးလို့  အန်တီ တွေးမိတယ်။ မင်းမြတ် လည်း သူ့ ဘ၀လမ်း သူ လျှောက်နေပြီပဲကွယ်။ အလကားသက်သက် စိတ်မဆင်းရဲပါ စေနဲ့ တော့ ၀င်းဝင်းရယ် ”
ကို့ ဝေဒနာကို မကြည့်ရက်သော မေက ယုမွန်ကိစ္စကို ရှင်းရှင်းလင်းလင်းသိချင်တာမို့  ၀င်းဝင်းနှင့် တွေ့ ပြီး မေးမြန်း ဖြစ်ခဲ့သည်။ ၀င်းဝင်း ပြန်ပြောပြသော ယုမွန်၏ နောက်ဆက်တွဲ ဖြစ်ရပ်များကလည်း မေ့ ရင်ကို ထိခိုက် ခံစားမိစေသည်သာ။
“ဒီအချိန်မှာ ၀င်းဝင်းက မင်းမြတ်ကို ပြောလိုက်မိပြီ။ ၀င်းဝင်းကို ယုမွန် ဖုန်းဆက်ခဲ့တာကလည်း သူ့ ရောဂါအကြောင်းတွေ ပြောပြဖို့  ဖြစ်မယ်မှန်း အန်တီ့ဆီက ပြန်လာပြီးမှ တွေးမိခဲ့တာလေ။”
“ကို့ ကို ဒီအကြောင်းတွေ ပြန်မပြောပြခဲ့ဘူးလားဟင်။”
“ပြောပြတာပေါ့ မမမေ။ နောက်နေ့ မှာပဲ ၀င်းဝင်း သူ့ ကို ရှာပြီး တောင်းပန်ခဲ့တယ်။ သူ့ အပေါ် ၀င်းဝင်း ပြောတာတွေ အရမ်း လွန်သွားတယ်လေ။ ဒါကြောင့် သူ့ ကို သေသေချာချာ တောင်းပန်၊ ရှင်းပြ ခဲ့တယ်။ နောက်ပြီး သူ မယုံမှာစိုးလို့  အန်တီ့ ဆီက ယုမွန်ရဲ့ ဒိုင်ယာရီကို တောင်းပြခဲ့သေးတယ်။ ဒါပေမဲ့ မင်းမြတ်ရဲ့ ရင်ထဲမှာ သူ့ ကြောင့် ယုမွန် သေရတာဆိုတဲ့ အစွဲက စူးစူး နစ်နစ် ၀င်နေပြီ။ ၀င်းဝင်း ဘယ်လိုပဲ ဖျောင်းဖျ ဖျောင်းဖျ သူက လက်မခံခဲ့ဘူး။ ၀င်းဝင်းရဲ့ အမှားကြောင့် မင်းမြတ်မှာ ထိခိုက်သွားရတာကို တောင်းပန် ပါတယ် မမမေရယ်”
“တကယ်တော့ ဘယ်သူ့ အပြစ်မှ မဟုတ်ခဲ့ပါဘူး ၀င်းဝင်းရယ်။ အပြစ်တင်မယ်ဆိုရင် တိုက်တိုက်ဆိုင်ဆိုင် ရက်စက်စွာ လှည့်စား တတ်တဲ့ ကံကြမ္မာကိုပဲ မမမေတို့  အပြစ်တင် ရမှာပေါ့။ ဒီဝေဒနာတွေကို အချိန်ကပဲ ကုစားနိုင်မှာလေ။ ”
အဲဒီနောက်ပိုင်းမှာတော့ အရင်ကထက် ပိုတဲ့ ဂရုစိုက်မှု၊ နားလည်မှု ရှိတဲ့ ချစ်ခြင်းတွေနဲ့  အတတ်နိုင်ဆုံး မေ့အချစ် တွေကို ကို့ အပေါ် ပိုပေးခဲ့ပါသည်။ ထို့ အတူပဲ မေ့ထံ ရောက်ရှိလာမည့် တစ်စုံတစ်ယောက် ကိုလည်း မေ စောင့်မျှော်နေခဲ့ပါ သည်။
                             x        x           x           x           x           x           x         
၁၄.၂.၂၀၀၉
မေတို့ ရဲ့ ဒုတိယမြောက် မင်္ဂလာ နှစ်ပတ်လည်နေ့ မှာတော့ ကိုသည် နှင်းဆီအနီရဲရဲတစ်စည်းကို ကိုင်ကာ မေ့ဆီသို့  တန်းတန်း မတ်မတ် ရောက်ရှိလာခဲ့သည်။ ထိုနေ့ သည် ယုမွန် ဆုံးပါးသွားခဲ့တာ ၂နှစ် ပြည့်မြောက်သည့်နေ့ ဖြစ်သလို၊ မေနဲ့ ကို့  ရင်သွေးလေးကို မေ ဖွားမြင်ခဲ့သောနေ့ လည်း ဖြစ်လေသည်။
မေ စောင့်စား မျှော်လင့်နေသော လူသားတစ်ဦးကို တိုက်ဆိုင်စွာပင် ဒီနေ့ မှာ မွေးဖွားခွင့်ရဖို့  တိတ်တခိုး ဆုတောင်း မိခဲ့ပါသည်။ ခုတော့ မေ့ ဆုတောင်း ပြည့်ခဲ့လေပြီ။ သမီးလေးကို ရက်အနည်း ငယ် စော၍ ဗိုက်ခွဲကာ ဖေဖော်ဝါရီလ (၁၄) ရက် နေ့ တွင် မွေး ဖွားနိုင်ခဲ့သည်။ သမီးလေးသည် အသား ဖြူ သော မေတို့ နှစ်ယောက်နှင့် လုံးဝမတူပဲ အသားညိုသူလေး ဖြစ် သည်။ ထူးဆန်း သည်မှာ သမီးလေးသည် ယုမွန်ကဲ့သို့ ပင် မေးအလယ်ခေါင်တွင် အချိုင့်ကလေးပါခြင်းပင် ဖြစ်သည်။ ပါးနှစ် ဖက်တွင်လည်း ပါးချိုင့် နက်နက်လေးပါကာ တွေ့ သူတိုင်းက သမီးလေးကို ယုမွန်နှင့် တစ်ပုံစံထဲ တူသည်ဟုတညီတညွတ် ပြောကြ ခြင်း ဖြစ် သည်။
မေ့တွင် ကိုယ်ဝန်ရှိကာစကပင် ကို့ ကို ယုမွန်နှင့် ပတ်သက်သော အိပ်မက်အကြောင်း ပြောပြ ထား တာမို့  ကို့ မှာ မေ့ကို အရိပ်တကြည့်ကြည့်နှင့် အထူးပင် ဂရုစိုက်ခဲ့သည်။ ခုလို ယုမွန်နှင့် တူသော သမီး လေးကို မေ မွေးဖွားခွင့်ရခဲ့သည့် အတွက် ဘာပဲဖြစ်ဖြစ် ကံကြမ္မာကို ကျေးဇူးတင်မိပါသည်။
တိုက်ဆိုင်မှုပဲ ဆိုဆို၊ ဘုရားပေးတာပဲ ပြောပြော သမီးလေးသည် ကို့ ရင်ထဲမှ ယုမွန်နှင့် ပတ်သက်၍ ခံစားနေရသော ဝေဒနာ တို့ ကို ဖြေသိမ့်နိုင်စွမ်း ရှိမှာမို့  ကျေးဇူးတင်ပါတယ် ယုမွန်ရယ်။
ဘာပဲဖြစ်ဖြစ် ယုမွန်နှင့် တူသော သမီးလေးသည် ကိုနှင့် မေ့အတွက် အဖိုးမဖြတ်နိုင်သော ရတနာလေးပင် ဖြစ်သည်။ နောင်လာ မဲ့ ဖေဖော်ဝါရီလ (၁၄)ရက် ပေါင်းများစွာသည် မေနှင့် ကိုတို့  နှစ်ဦး အတွက်ကတော့ ပျော်ရွှင်ဖွယ်ရာကောင်းသော မင်္ဂလာနေ့  ရက်များသာ ဖြစ်တော့မည်ဟု မေ ရဲရဲဝင့်ဝင့် ယုံကြည် နေမိသည်လေ။
မေဇူး
No comments:
Post a Comment