Thursday, March 14, 2013

လမ်းခွဲ



     သူမ မြတ်နိုးရင်ခုန်ခဲ့ဖူးသောမျက်ဝန်းတောက်တောက်တစ်စုံသည် လူအုပ်ကြားထဲတွင် တစ်စုံတစ်ရာကိုရှာဖွေနေတာမြင်ရသည်။ သူ့ မျက်ဝန်းတွင် မျှော်လင့်ခြင်းအရိပ်အယောင်တို့ဖြင့် ရွှန်းလဲ့နေသည်။ ထိုမျက်ဝန်းများကိုငေးမောကြည့်ရင်း သူမရင်မှခံစားချက်တို့ကို အပြင်သို့ မထွက်အောင်မျိုသိပ်ရတာ ပင်ပန်းလွန်းလှသည်။

     တကယ်တမ်းမှာတော့ သူရှာဖွေနေခဲ့သူမှာ သူမပင်ဖြစ်သည်။ သူ့ရဲ့မျက်ဝန်းထဲမှာ သူ့ဆီရောက်လာမည့် သူမကို မြင်ယောင်နေမှာ သံသယဖြစ်ဖွယ် မရှိပေ။ ဖြူဖွေးသော အသားအရေ၊ မြင့်မားသောအရပ်အမောင်းနှင့် ၀တ်ဆင်ထားသောအနက်ရောင် ဥရောပ၀တ်စုံ တို့က သူ့ကို လူကြားထဲမှာ ပိုမိုပေါ်လွင်စေသည်။

     စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ ခေါက်ပြန်လျှောက်နေသော သူ့ခြေလှမ်းတို့တွင် မျှော်လင့်ခြင်းအားမာန်များ ပြည့်ဖြိုးလျက်။ ထိုမျှော် လင့်ချက်တွေ မကြာခင်မှာ တစစီပြိုကွဲသွားမယ်မှန်းသိရင် ခုလို သူ နေနိုင်ပါ့မလား။ လက်ကနာရီကို တစ်ချက်ငုံ့ကြည့်မိသည်။ မိနစ်သုံး ဆယ် … ဒါဟာ သူနှင့်သူမတို့အတွက် နောက်ဆုံးအတူရှိနိုင်သည့်အချိန်လေးရယ်သာ။

     နောင်ဆိုတာဖြစ်လာတော့မှာမဟုတ်တဲ့ အနာဂတ်တစ်ခုကို သူမ စွန့်လွှတ်ခဲ့ပြီ။ သူမကိုယ်တိုင်စိတ်တိုင်းကျရွေးချယ်ခဲ့တဲ့လမ်း မှာ နှလုံးသားကိုနင်းခြေခဲ့ရတယ်ဆိုရင်တောင် မှန်ကန်စွာဆုံးဖြတ်နိုင်မှုအတွက် အမြဲတမ်းကျေနပ်နေမှာပါ။ သူမရဲ့တိုင်းပြည်အတွက်၊ သူမရဲ့ မိဘတွေအတွက်၊ နောက်ပြီး သူမကိုယ်တိုင် ပြုစုပျိုးထောင်ရမယ့် အနာဂတ်ရဲ့ ပျိုးပင်လေးတွေအတွက် သူမဘက်က အရာ အားလုံးကို စွန့်လွှတ်ခဲ့ပြီ။


     သူ့ဆီကိုမကြည့်မိအောင် အကြည့်လွှဲထားလိုက်မိသည်။ ဦးနှောက်ကဆုံးဖြတ်ချက်ကို နှလုံးသားကချိုးဖောက်လိုက်မှာစိုးလို့ပါ။ အချိန်တွေက အကုန်မြန်လွန်းလှသည်။ မကြာခင်မှာပဲ သူမ ရင်မဆိုင်ချင်တဲ့အချိန်ကိုရောက်ရှိခဲ့ပြီ။ သူ့ မျက်ဝန်းများကို နောက်ဆုံး အနေနှင့် အကြာကြီးစိုက်ကြည့်လိုက်မိသည်။

     သူ့ မျက်ဝန်းထဲတွင် ကြေကွဲခြင်းအရိပ်အယောင်များ၊ သူမ မလာတော့ဘူးလို့ သူယူဆလိုက်ပြီပေါ့။ သူမကိုစိုက်ကြည့်နေသော မီမီစိုး ကိုအတတ်နိုင်ဆုံးပြုံးပြရင်း ခေါင်းညိတ်ပြလိုက်မိသည်။ သူငယ်ချင်းထံမှ မပွင့်တပွင့်အသံနှင့် အတူ . . . . .

     “နင့်ဆုံးဖြတ်ချက်ကို ပြင်ချင်ပြင်လို့ ရသေးတယ်နော်”တဲ့

     သူမ ပြုံးလိုက်မိသည်။ ထိုအပြုံးရဲ့အဓိပ္ပာယ်ကို သူမနှင့်အနီးကပ်နေနေသော သူငယ်ချင်းမီမီစိုး နားလည်နိုင်မှာပါ။

     “ငါ့ဘက်က ပြင်စရာမရှိတော့ပါဘူးဟာ။ နင် သွားလိုက်တော့။”

      ဘာမှထပ်မပြောတော့ဘဲ သူမအနားက မီမီစိုးထွက်သွားခဲ့သည်။ မီမီစိုးနှင့်အတူ သူမရဲ့အသည်းနှလုံးသည်လည်း ပါသွားခဲ့လေပြီ။


                                                                        (၁)

     အလုပ်တာဝန်ဖြင့် မြန်မာနိုင်ငံကို မကြာခဏ သူရောက်ဖြစ်ခဲ့ပါသည်။ ရောက်လာတိုင်းမှာလည်း သာယာစိုပြည်အေးချမ်းသော မြန် မာနိုင်ငံ၏ သဘာဝအလှအပတရားများကို သူနှစ်ခြိုက်မိမြဲပင်။ မြန်မာနိုင်ငံရဲ့လေထုကိုရှုရှိုက်ရတာကိုက သူ့စိတ်ကိုလန်းဆန်းစေတာ အမှန်။

      ဒါပေမယ့် ဒီမြန်မာနိုင်ငံသားတွေထဲက မြန်မာမလေးတစ်ယောက်ကို သူ့ တစ်သက်တာအတွက် ရည်စူးပြီး ချစ်မိသွားခဲ့လိမ့်မည်ဆို တာကိုတော့ အိပ်မက်မျှပင် တွေးမမက်ခဲ့ဖူးပါ။ မြန်မာမလေးတွေ ဣနြေ္ဒ ရှိရှိ လှကြတာကို သူမြင်ဘူးသလို ခေတ်ဆန်ဆန် ပြင်ပြင် ဆင်ဆင်လှတာကိုလည်း သူ မြင်ဖူးခဲ့သည်ပင်။ တစ်ခါမှ ရင်မခုန်ခဲ့ဖူးတာတော့ သေချာသည်။

     ဒီတစ်ခေါက် ရန်ကုန်ကို သူ ဆင်းလာရသော တာဝန်က သူ့ကုမ္ပဏီနှင့် မြန်မာ ကုမ္ပဏီတို့ ပူးပေါင်း ပြုလုပ်မည့် အသိပညာပိုင်းဆိုင် ရာနှီးနှောဖလှယ်ပွဲ (seminar) ပြုလုပ်ရန်အတွက် ဖြစ်သည်။ သူ့ ကုမ္ပဏီမှတာဝန်ခံပြီး Summit Park View Hotel တွင် ကျင်းပ မည် ဖြစ်သည်။ ထို့အတွက် သူတို့ ကုမ္ပဏီနှင့် ဆက်သွယ်လုပ်ကိုင်နေသော ရေငန်ပုစွန်မွေးမြူရေးကုမ္ပဏီများမှ ၀န်ထမ်းများ၊ အကြီး အကဲများ အားလုံးတက်ရောက်ကြမည့်ပွဲ ဖြစ်သည်။

     ထိုပွဲမှာပဲ သူမလေးကို စတင်တွေ့ရှိခဲ့တာဖြစ်သည်။ များပြားလှသော လူအုပ်စုထဲတွင် ထင်းလင်းနေအောင် သူမကလှပါ သည်။ အနီရောင် ချိတ်ထဘီနှင့် ပိုးစအနီရဲရဲကို မြန်မာဆန်ဆန် အင်္ကျီ ချုပ်ဝတ်ထားသည်။ အနောက်တိုင်းဝတ်စုံတွေ၊ စကတ်တွေ၊ ဘောင်း ဘီတွေနှင့် လာသူများကြားမှာ သူမပုံစံက ရှင်းလင်းပေါ်လွင်နေသည်။ အခမ်းအနားမှာ သူတာဝန်ယူရသည့် အပိုင်းက သူ့ကုမ္ပဏီမှ တင်သွင်းမည့် အစာများ၊ ဆေးများအကြောင်းကို ရှင်းလင်း ပြောကြားရမှာ ဖြစ်ပြီး မြန်မာကုမ္ပဏီများဘက်မှလည်း သိလိုသော အချက် များ၊ မရှင်းလင်းသော အချက်များကို မေးမြန်းသည်တို့အား ဖြေကြားရန် ဖြစ်သည်။

     သူ ပြောရမည့်အပိုင်း ပြီးဆုံးသွားတော့ သိရှိလိုသော အကြောင်းအရာများကို မေးမြန်းနိုင်ကြောင်း ဖိတ်ခေါ်လိုက်သည်။ ကုမ္ပဏီ တစ်ခုမှ သူတို့ ရင်ဆိုင်နေရသော အခက်အခဲတစ်ချို့ကို မေးမြန်းရာ သူမကပင် ထိုအမေးသမားနှင့် သူ့ အကြားမှာ ကျွမ်းကျင်စွာဖြင့် စကားပြန်လုပ်ပေးရင်း ဘာသာစကား အခက်အခဲကို ဖြေရှင်းပေးသွားသည်။ မေးခွန်းတစ်ခုမေးတိုင်း သူမက သူ့ကိုကြည့်ပြီး မေးရသ လို သူကိုယ်တိုင်ကလည်း သူမကို ဦးတည်ပြီး ဖြေကြားရသလိုရှိတာမို့ မကြာခဏ သူမ မျက်ဝန်းများနှင့်ရင်ဆိုင်ခဲ့ရသည်။

     ထိုသို့ ဆုံတိုင်းမှာလည်း သူမ အကြည့်တို့က နွေးထွေးစွာ သို့ပေမယ့် တည်ငြိမ်စွာပင် ရှိသည်။ သူ့မှာသာ ရင်ခုန်သံတို့ ဆူညံခဲ့ရ သည်။ ထိုနေ့က မျက်ဝန်းချင်းဆုံခဲ့ပေမယ့် သူမနာမည်ကို မသိခဲ့သလို ဘယ်ကုမ္ပဏီကဆိုတာကိုလည်း သူ မမေးမိခဲ့ပါ။ ခဏတာ ဆုံတွေ့ရခြင်းလို့သာမှတ်ယူခဲ့သည်။ ဒါပေမယ့် သူမရဲ့ မျက်ဝန်းတောက်တောက်တစ်စုံကိုတော့အချိန်အတော်ကြာသည်အထိ မမေ့နိုင်ခဲ့။

     ဒီလိုနှင့် နိုင်ငံခြားနှင့် မြန်မာပြည် ကူးချည်သန်းချည် အခေါက်ပေါင်းများစွာလုပ်ဖြစ်ခဲ့ပေမယ့် အမှတ်တမဲ့ပုံစံဖြင့်ပင် သူမနှင့် ပြန်မတွေ့ ခဲ့ပါ။ တစ်နေ့မှာတော့ သူ့ရဲ့ MD က မြန်မာနိုင်ငံအတွက် နိုင်ငံခြား Technician တစ်ယောက်ပို့ပေးပါရန် ကုမ္ပဏီတစ်ခုမှ ကမ်းလှမ်း လာကြောင်း၊ ထိုကုမ္ပဏီမှာလည်း သူတို့ ကုမ္ပဏီ၏ ၀ယ်ယူအား အများဆုံးသော Customer ဖြစ်နေတာကြောင့်  ထိုကုမ္ပဏီ၏ ကမ်းလှမ်းချက်ကို မိမိတို့ဘက်မှ လက်ခံလိုက်ကြောင်း၊ ထို့ကြောင့် စေလွှတ်မည့်သူအား ရွေးချယ်ရာတွင် မြန်မာနိုင်ငံသို့ မကြာ ခဏ ရောက်ဖြစ်နေသော သူ့ကိုသာ အားလုံးက ရွေးချယ်ထားကြကြောင်း လစာလည်း နှစ်ဆရမည်ဖြစ်ကြောင်းနှင့် သူ လက်ခံပါ က နောက်အပတ်တွင် သွားဖို့ လေယာဉ်လက်မှတ်ကအစ စီစဉ်ပြီး ဖြစ်ကြောင်းတို့ကို ပြောပြသည်။ သူ့ဆန္ဒကို မေးသည်ဆိုပေမယ့် လွှတ်ရန်အတွက် အားလုံးစီစဉ်ပြီးနေပြီဖြစ်ကြောင်းသိရတာမို့ သူ မငြင်းဖြစ်ခဲ့။

     သူ ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံကို နှစ်သက်ရင်းစွဲ အခံနှင့်မို့ အလွယ်တကူပင် ခေါင်းညိတ် ဖြစ်ခဲ့သည်။ ဒီတစ်ခါ သွား နေရမှာက ပုစွန်တစ်သုတ် မွေးမြူမည့်ကာလတစ်ခုစာမို့ လေးလခွဲ ငါးလတော့ ကြာမည်သာ။ ဒါတောင် ကန်မပြင်ရသေးရင် အဲဒီအတွက် ပြင်ဆင် ချိန်ကို ပေါင်းလိုက်ရင် အနည်းဆုံး ခြောက်လတော့ မြန်မာနိုင်ငံတွင် နေရမည်ပင်။ မြန်မာနိုင်ငံဘက်မှ သူ့ကို တစ်နှစ်စာငှားရမ်း ထားကြောင်း နောက်မှသိရသည်။

     မြန်မာနိုင်ငံ ရောက်တော့ ထိုကုမ္ပဏီမှ လာကြိုမည်ဆိုတာကြောင့် လေဆိပ်မှာ Name Card ပြားလေးကိုင်ထားသူများထဲတွင် သူ့ နာမည်ကို ရှာဖွေရသည်။ တွေ့ပါပြီ။ သူ့နာမည်ကတ်ပြားကို ကိုင်ထားသော လက်တစ်စုံ၏ လှပမှုကို အရင်ဆုံး သူမြင်ရသည်။ အဲဒီနောက်မှာတော့ ဖော်ရွေသော အပြုံးချိုချိုနှင့် လှမ်းနှုတ်ဆက်သော မြန်မာမလေးကတော့ သူ့ ရင်ထဲကို ၀င် ရောက်ခဲ့ဖူးသော ပုံရိပ်လေးပင်။

     သူ့ရဲ့ အံ့သြ ၀မ်းသာမှုတို့က အတိုင်းအဆမဲ့။ သူမကတော့ ကြိုတင်သိထားပြီးသူတစ်ယောက်မို့ တည်တည် ငြိမ်ငြိမ်ပဲ စကားပြောရင်း သူ့ကို ခေါ်ဆောင်သွားခဲ့သည်။ အိုး ….. သူ မြတ်နိုးမိသော မြန်မာမလေးရှိသောကုမ္ပဏီမှာ သူ အလုပ်ဝင်ရမှာကတော့ သူ့အတွက် ထူးခြားစွာ တိုက်ဆိုင် ကံကောင်းမှုပင်။

     ထိုနေ့က သူနှင့် ပတ်သက်သောကိစ္စအ၀၀ကို သူမကပင် တာဝန်ုယူ ဆောင်ရွက်ပေးခဲ့သည်။ မြန်မာလူမျိုးတို့ အထွတ် အမြတ်ထား ရာ ရွှေတိဂုံစေတီသို့လည်း သူမကပင် လိုက်ပို့ပေးခဲ့သည်။ သူ့ကို ရန်ကုန်မြို့မှာ သုံးရက်လည်ပတ်စေပြီးမှ သူမတို့ ကုမ္ပဏီ၏ ပုစွန်ကန် များရှိရာ မြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ရန် စီစဉ်ထားသည်ဟု ပြောပြသည်။

     ရွှေတိဂုံက အပြန် ညစာထမင်းကျွေးပြီး သူနေရမည့်ဟိုတယ်အထိလိုက်ပို့ပေးပြီးမှ သူမ ပြန်သွားခဲ့သည်။ မနက်ဖြန်မနက် ကိုးနာရီ တွင် လာကြိုပါမည်ဟု နှုတ်ဆက်ရင်း ပြောသွားခဲ့သည်။

     သူ့မှာတော့ တစ်ခါမှ မခံစားဖူးသော ခံစားမှုအသစ်၊ နေရာဒေသအသစ်၊ ပတ်ဝန်းကျင်အသစ်တို့မှာ ရင်ခုန်သံအသစ်ကို ခံစားတတ် ခဲ့ပြီ။ မနက်ဖြန်လည်း သူမနှင့်အတူ သွားရမည့်အရေးကိုတွေးပြီး အိပ်လို့ တောင် မရခဲ့ပေ။ နောက်နေ့မနက်ကိုးနာရီမှာ သူ့ကို လာခေါ်တော့ သူ မျှော်လင့်ထားသည့် သူမမျက်နှာလေးအစား အသားညိုညိုမိန်းကလေးတစ်ဦးက၀င်ရောက်လာသည်။

     ထိုမိန်းကလေးက သူ့အတွက်စီစဉ်စရာရှိသည်များကို စီစဉ်ပေးပြီး ဗိုလ်ချုပ်ဈေး၊ FMI Centerစသဖြင့် Shoppingထွက်နိုင်သောနေ ရာများ၊ လည်ပတ်စရာ နေရာများကို ခေါ်သွားခဲ့ပေမယ့် သူ့စိတ်က တစ်ခုခုလိုအပ်နေသလို ခံစားရသည်။ သူမကို မေးချင်ပေမယ့် အခု မှတွေ့သည့် မိန်းကလေးတစ်ယောက်ကို တစ်မျိုးမမြင်စေချင်တာနှင့်ပင် မမေးဖြစ်ခဲ့။ ဒီလိုနှင့် ပုစွန်ကန်တွေ ရှိရာသို့သာ ထွက်လာဖြစ်ခဲ့ သည်။ သူမနှင့် ထပ်မတွေ့ဖြစ်တော့ပါ။

     ပုစွန်ကန်ကို ရောက်တော့ ကုမ္ပဏီသူဌေးနှင့်တကွ ၀န်ထမ်းများအားလုံးက နွေးထွေးစွာပင် သူ့ကို ကြိုဆိုခဲ့တာမို့ သူ့အတွက် အခက် အခဲ မရှိခဲ့ပါ။ ခဏနားပြီးချိန်မှာတော့ သူဌေးက သူ့ရဲ့ မြန်မာ Technician များနှင့် တွေ့ဆုံပွဲလေး လုပ်ပေးမှာ ဖြစ်ကြောင်း၊ ကန်၏ကိစ္စ အ၀၀ကို မြန်မာ Technician များနှင့် ညှိနှိုင်းလုပ်ဆောင်ရမှာမို့ အချင်းချင်းသိထားဖို့ လိုအပ်သည်ဟု ပြောသည်။

     ထို့နောက် အစည်းအဝေးခန်းမထဲသို့ သူ့ကို ခေါ်ဆောင်လာခဲ့သည်။ တံခါးဖွင့် ၀င်လိုက်တယ်ဆိုရင်ပဲ တက်ကြွသောမျက်ဝန်းများနှင့် သူ့ကို စောင့်ဆိုင်းနေသော မြန်မာ Technician လူငယ်များကို တွေ့ရသည်။ ထိုလူငယ်များမှာလည်း နိုင်ငံခြားတွင် ပုစွန်ပညာ သင်ရန်အတွက် Training သွားရောက်ခဲ့ပြီးပြီ ဖြစ်ကြောင်း သူဌေးက ပြောပြသည်။

     ထို့နောက် Hatchery ခေါ် ပုစွန် သားဖောက်လုပ်ငန်းအတွက် တာဝန်ယူလုပ်ဆောင်မည့် မိန်းကလေး ၅ယောက်နှင့် မိတ်ဆက်ပေး သည်။ ပြီးတော့ Grow-out ခေါ် ပုစွန် မွေးမြူရေးလုပ်ငန်းအတွက် တာဝန်ယူမည့် ယောက်ျားလေး ၅ယောက်နှင့် မိတ်ဆက်ပေး အပြီးတွင် ထပ်မံ မိတ်ဆက်ပေးသည်က Grow-out မိန်းကလေး ၂ယောက်ပင်။

     သူ အတော်လေးကို အံ့သြသွားမိသည်။ Grow-out ဆိုတာ ပင်ပန်းလွန်းလို့ ယောက်ျားလေးတွေတောင် ညည်းယူရသည်အထိ။ ထိုအလုပ်မျိုးကို အားနွဲ့သည့် မိန်းကလေး ၂ယောက်က စွမ်းဆောင်နိုင်ပါမည်လား။ သူတို့ နိုင်ငံမှာလည်း ပုစွန် မွေးမြူရေးလုပ်ငန်းကို အကြီးအကျယ် လုပ်ကြပေမယ့် မွေးမြူရေးအပိုင်းမှာတော့ မိန်းမသားများ မပါဝင်ပေ။ သားဖောက်လုပ်ငန်းမှာသာ မိန်းကလေးများ ကို တွေ့ရသည်။

     ထို့ကြောင့် သူ အံ့သြစွာ အထင်ကြီးစွာ ထို့ အတူ ရေရှည်လုပ်နိုင်မှာမဟုတ်လောက်ဘူးလို့ တွေးရင်း မော့ကြည့်လိုက်မိသည်။ တစ်ယောက်ကတော့ ကိုယ်လုံးကိုယ်ထည် တောင့်တောင့်တင်းတင်းနှင့် ထွားကျိုင်းတာမို့ လုပ်နိုင်မည့်ပုံပင်။ ဒုတိယ တစ်ယောက် ကတော့ ဘယ်လိုမှ တွေးထင်မထားခဲ့မိတဲ့ သူ့ရဲ့ပုံရိပ် လေး။

     ခုလိုကျတော့လည်း ရှပ်အင်္ကျီလက်ရှည်နှင့် သနပ်ခါးပါးကွက်ကျားနှင့် ဆံပင်ရှည်ကြီးကို ကျစ်ဆံမြီး တစ်ချောင်းတည်း ကျစ်ချ ထားပြီး ဂျင်းဘောင်းဘီအပွလေးကို ၀တ်ဆင်ထားသည်။ ခြေထောက်မှာလည်း တောစီးလယ်ရှည်ဖိနပ်နှင့် ကန်ထဲက တက်လာပုံရ သည်။ သူမ ဖိနပ်နှင့် ဘောင်းဘီမှာ ရွှံ့စက် အချို့ ပေကျန်နေသည်။ သူမက ရင်းနှီးပြီးသားအသိအမှတ်ပြု အပြုံးတစ်ခုနှင့် ပြန်နှုတ်ဆက် သည်။ ဒီလို ကပိုကရိုပုံစံနှင့်လည်း သူမက ကြည့်ကောင်းနေတာပါပဲ။

     နောက်နေ့မှစ၍ ကန်များကို လှည့်ပတ် ကြည့်ရှုရင်း လုပ်ကိုင်စရာများကို မှာကြားရသည်။ ကန်တွင် Paddle Wheel (ခေါ်) ရေ ဒလက်များ တပ်ဆင်မည့် ပုံစံများကို ရုပ်ပုံများ ရေးဆွဲပြီး သူမတို့နှင့် ညှိနှိုင်းရသည်။ သူ လုပ်လိုသောဆန္ဒကို သူမတို့ကို ပြောပြပြီး ၀ိုင်းဝန်း ဆွေးနွေးကြသည်။ စီမံကိန်းက ခုမှစတာမို့ အရိပ်မရှိ၊ အိမ်မရှိ၊ သစ်ပင်မရှိ၊ နေပူထဲတွင် တစ်နေကုန် ပြေးလွှားနေရသည်မှာ ပင်ပန်းလှသည်။ ရာသီဥတုကလည်း မတ်လမို့ အပူပြင်းဆုံးအချိန် ဖြစ်သည်ဟု ပြောကြသည်။

     အလုပ်သမားတွေကို ခိုင်းရတာလည်း မလွယ်။ ဘာမှ မလုပ်တတ်သေးသောသူများကို တစ်ခါမှ မလုပ်ဖူးသော အလုပ်ခိုင်းရတာ ပင်ပန်းလှသည်။ များသောအားဖြင့် တောင်ယာအလုပ်သာလုပ်ဖူးကြသူများသာ-

     ပုစွန်ကန်ဆိုတာတောင် ဒီလို သီးသန့် ကန်တူးပြီး မွေးတာ ခုမှ တွေ့ဖူးကြသူများသာ ဖြစ်ကြသည်။ သူတို့ မွေးသော ရေငန်ပုစွန် Black Tiger (P.Momodon) က နိုင်ငံခြားဈေးကွက်မှာ ဈေးကောင်းရသည်မို့ မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေအမြောက်အမြား ရှာပေးနိုင်သော လုပ်ငန်းပင်ဖြစ်သည်။

     တစ်နေကုန် နေပူထဲမှာ ပြေးလွှား လှုပ်ရှားအော်ဟစ်နေရပေမဲ့ သူမ မျက်နှာလေးက ပင်ပန်းသည်ဟုပင် မထင်ရပေ။ ချွေးလေး တစိုစိုနှင့် သနပ်ခါးဝင်းဝင်းလေး အမြဲတမ်း ရှိနေတတ်သည်။ မိန်းကလေးဖြစ်ပေမဲ့ ဇွဲကောင်းပြီး အလုပ်ကြိုးစားသော သူမကို ချီးကျူးမိ တာ အမှန်ပင်။ ယောက်ျားလေးများနှင့်တန်းတူနီးပါး သူမတို့ မိန်းမသား ၂ယောက်က စွမ်းဆောင်နိုင်ခဲ့သည်။

     ပုစွန် မွေးမြူရေးဆိုတာကလည်း အခြားအလုပ်တွေကို အချိန်သတ်မှတ်ပြီးလုပ်လို့ရသော အလုပ်မဟုတ်ပေ။ မိုးလင်းမှ မိုးချုပ်၊ မိုးချုပ်မှ မိုးလင်း၊ ၂၄ နာရီလုံး တာဝန်ယူလုပ်ကိုင်နေရသည်သာ။ နိုင်ငံခြားမှာ တစ်နေ့ကို ၁၈ နာရီလောက်အလုပ်လုပ်ရ တာလောက်တော့ ပုစွန်ကန်က သူများအတွက် မပြောပလောက်တော့ပေ။

     အချိန်နှင့်အမျှ သတိရှိကာ အာရုံစိုက်လုပ်ကိုင်ရသောအလုပ်မို့ တော်ရုံစိတ်ဓာတ်နှင့် မလွယ်ပေ။ သူ့အတွက်ကတော့ မနက်မိုးလင်း မျက်စိဖွင့်ချိန်မှ ညအိပ်ရာဝင်ချိန်ထိ သူ မြတ်နိုးသောမျက်နှာလေးကို မြင်နေရတာမို့  စိတ်ချမ်းသာမှုတို့ က ပြောမပြနိုင်ခဲ့။

     အချိန် ကြာလာတာနှင့်အမျှ သူ့ မေတ္တာနက်ရှိုင်းမှုကို သူ့ ဘာသာပင် နားလည်လာခဲ့သည်။ နိုင်ငံအတော်တော်များများကို ရောက် ဖူးခဲ့သလို မိန်းကလေး အတော်များများနှင့် ဆုံတွေ့ခဲ့ပေမယ့် သူ့စိတ်ကို ခုလို ပျော့ပျောင်းနူးညွတ်လောက်အောင် ဘယ်သူမှ မစွမ်းဆောင်နိုင်ခဲ့။ ခု ဒီမိန်းကလေးနှင့်ကျမှ သူ့စိတ်တွေ ဘာကြောင့်များ ထိန်းမရခဲ့တာလဲ။

    ထက်မြက်သော ရဲရင့်သော (သို့သော် တည်ငြိမ်သော) သူမ၏ မျက်ဝန်းများကြားတွင် သူ့အချစ်တို့ မွေးဖွားခဲ့ပြီ။ တကယ်ဆို သူ သည် နိုင်ငံခြားသားတစ်ဦးသာမို့ မကြာမီမှာပင် ပြန်လည်ထွက်ခွာသွားရမည်ပင်။ ထိုအသိကို သူ့ခေါင်းထဲမှာ စွဲမြဲစွာ သိရှိထားပြီးသား။ တကယ်တော့ သူသည် ခဏလာသော ဧည့်သည်သာ ဖြစ်သည်။ မြန်မာနိုင်ငံမှာ တစ်သက်လုံး အခြေချနေထိုင်ဖို့ ဆိုတာ မဖြစ်နိုင်သော ကိစ္စပင်။

     သူမထက် ချောမောလှပသော မိန်းကလေးများကို ဆုံခဲ့ရဖူးပေမယ့် သူဒီလိုမခံစားခဲ့ရတာ အမှန်။ ဖွင့်ဟတိုင်ပင်စရာ လူသူ ကင်းမဲ့ စွာဖြင့် သူ့ဝေဒနာတွေကို တိတ်တဆိတ် မျိုချနေခဲ့ရတာ ကြာလှပြီ။ မသိစိတ် ရဲ့ တိုက်တွန်း ချက်ကြောင့်လား၊ သိစိတ်ရဲ့ လိုလား မှုကြောင့်လား၊ မကွဲပြားစွာနှင့်ပင် မြန်မာစကား၊ မြန်မာစာတို့ကို သင်ယူခဲ့တာ အတော်ပင် တတ်မြောက်နေခဲ့ပြီ။ မြန်မာ့ ယဉ်ကျေးမှု ဓလေ့များကိုလည်း မသိမသာရော၊ သိသိသာသာပါ သူ လေ့လာမိခဲ့ပြီ။

     နေပူထဲမှာ အလုပ်လုပ်ရ၍ နေလောင်စ ပြုလာသည့် သူမ အသားအရေတို့ အတွက်လည်း သူ့မှာ စိုးရိမ်တတ်ခဲ့ပြီ။ ပုစွန်တွေ ကို ကျွေးသော အစားအစာ ကုန်ုမကုန်ကို နေ့စဉ် စစ်ဆေးသော အစာဗန်း (Check net) ကြိုးကို နေ့စဉ်ဆွဲနေရ၍ အသား မာတက်စပြု လာပြီဖြစ်သော သူမရဲ့ လက်ချောင်း ဖြူဖြူလေးများကို ကြည့်ပြီးတော့လည်း သူ သနားတတ်ခဲ့ပြီ။

    နူးညံ့သောပုံစံလေးမှသည် နေရာ၊ အလုပ်အကိုင်၊ အနေအထားအလိုက် ၀တ်စားနေထိုင်ရသော ခပ်ကြမ်းကြမ်းပုံစံလေးကိုလည်း သူ မြတ်နိုးတတ်ခဲ့ပြီ။ သူမကို မချစ်သင့်ဘူးဟု ဦးနှောက်က အတန်တန် တားမြစ်နေပေမယ့် နှလုံးသားကတော့ ဆန့်ကျင်ပြီး ချစ်မိခဲ့ပြီ။

     မိုးလင်းမှ မိုးချုပ်အထိ အလုပ်အတူ လုပ်ရင်း၊ ကန်ပတ် ကြည့်ရင်း၊ ထမင်းအတူ စားကြရင်းနှင့် ရင်းနှီးမှုတို့ ရှည်လျားခဲ့ပြီ။ သူမရဲ့ မျက်ဝန်းများထဲတွင် သံယောဇဉ် အရိပ်အငွေ့ တချို့ကို တစ်ခါတစ်ရံ မြင်ရသည်။ သို့သော် သူမကတော့ သူမရဲ့ သံယောဇဉ်တို့ကို တတ်နိုင်သမျှ သူ မမြင်အောင် သိမ်းဆည်းထားတတ်သည်။

     သံယောဇဉ် နေ့ရက်တို့ကို ကျော်ဖြတ်ခဲ့တာ တစ်နှစ်ပင် ပြည့်တော့မည်။ မကြာမီမှာပင် သူ့ရဲ့ စာချုပ် သက်တမ်းစေ့တော့မှာမို့ ပြန် ရပေတော့မည်။ သူမတို့ ကုမ္ပဏီဘက်ကတော့ သူ့ကိုပင် နောက်ထပ်တစ်နှစ် ဆက်လုပ်ရန် ထပ်မံကမ်းလှမ်းလာခဲ့ သည်။ သူ့ဘက် ကတော့ ငြင်းပယ်စရာ မရှိပေ။ သူချစ်သောကောင်မလေးရှိရာအရပ်မှာ ဆက်နေရမည်ဆိုတော့ သူ့အတွက် ၀မ်းမြောက်ဖွယ်ရာပင်။

    ဒါပေမယ့် တစ်နှစ်ပြည့်ချိန်မှာ သူ့နိုင်ငံသို့ ခဏတော့ ပြန်ရပေဦးမည်။ သူ မပြန်ခင်မှာပဲ သူမကို ချစ်မြတ်နိုးနေသည့် အကြောင်း ဖွင့်ဟ ပြောဖြစ်ခဲ့သည်။ သူမဆီက အဖြေရလျှင် သူ့မိဘတွေကို ဖွင့်ပြောခဲ့ မည့် အကြောင်းပြောတော့ သူမ အကြာကြီး ငြိမ်သက် သွားခဲ့သည်။

     “စဉ်းစားပါရစေဦး” ဆိုသော သူမရဲ့ စကားအတွက် သူ မပြန်ခင် အဖြေပေးပါလို့ ထပ်မံ လောဆော်ခဲ့သည်။

     “တို့ကို ချစ်ရင် လေဆိပ်ကို လိုက်ပို့ပါ”လို့ သူ ဆိုတော့ လေဆိပ်ကို သူမလာရောက်လိုက်ပို့ပါလျှင် သူ့ကို ချစ်သည်ဟု ယူဆပါတဲ့။ အကယ်၍ သူမ မရောက်လာခဲ့ရင်တော့ မချစ်နိုင်လို့ မလာတာလို့ မှတ်ပါတဲ့လေ။

     သူမထံမှ ဘယ်လို အဖြေမျိုး ရရှိနိုင်မလဲလို့ စဉ်းစား တွေးတောရင်း နေ့ရက်တို့ကို ဖြတ်သန်း ခဲ့သည်။ သူမထံမှ ချစ်မြတ နိုးကြောင်း အဖြေ ပြန်ရခဲ့လျှင်တော့ သူ့အပြန်ခရီးသည် ကြည်နူး ၀မ်းမြောက်ဖွယ်ရာသာ။

    ဟိုမှာ တစ်ပတ်နေပြီး သူမရှိရာ ပုစွန်ကန်သို့  နောက်ထပ် တစ်နှစ် အလုပ်လုပ်ရန် သူ အမြန်ဆုံး ပြန်လာပါဦးမည်။ သူ့ အတွေးထဲ တွင် မျှော်လင့်ခြင်းတို့က နေရာအပြည့်။ ဒီလိုနှင့် သူ ပြန်မည့်ရက်သို့ ရောက်ရှိ လာခဲ့တော့သည်။

                                                                             (၂)

     သတ္တဗေဒ (Zoology) ကို အဓိကဘာသာရပ်အဖြစ်သင်ယူပြီး ကျောင်းပြီးခဲ့တာကတော့ သတ္တ၀ါများကို သင်္ချာပုစ္ဆာများ၊ ဓာတု ဓာတ်ပြုခြင်းများ၊ ဆွဲအား၊ အလျင်၊ အရှိန်စသည့် ရူပဗေဒသဘောတရားများထက် ပိုမိုစိတ်ဝင်စားသည့်အတွက်ကြောင့်ဖြစ်သည်။

     ကျောင်းပြီးသွားတော့လည်း Qualified ၀င်တာမို့ Master ဆက်တက် ဖြစ်ခဲ့သည်။ M.Sc ပြီးချိန်မှာတော့ ကိုယ်ရရှိသည့်ဘွဲ့နှင့် မအပ်စပ်သော လုပ်ငန်းများထဲကို ငွေကြေး ရယူလိုမှုတစ်ခုတည်းကြောင့်မဟုတ်ဘဲ အချိန်များကို အကျိုးရှိရှိကုန်ဆုံးချင်သည့် ရည်ရွယ် ချက်ဖြင့် ၀င်ရောက်လုပ်ကိုင်ဖြစ်ခဲ့သည်။

    တစ်ဖက်မှလည်း Thesis လုပ်ရင်း နည်းပြဆရာမတွေ ခေါ်ချိန်ကို စောင့်နေမိသည်။ တစ်နေ့မှာတော့ သတင်းစာထဲမှာ မိမိတို့ Zoology နှင့်သက်ဆိုင်သော ပုဇွန် မွေးမြူရေးအတွက် ခေါ်ယူသော အလုပ်ကို တွေ့ရှိ ဖတ်မိပြီး ၀င်လျှောက် ဖြစ်ခဲ့သည်။

    အဓိကကတော့ သူမစိတ်ဝင်စားရာပညာရပ်ကို လက်တွေ့ အသုံးချနိုင်မည့်နေရာမို့ ဖြစ်သည်။ နိုင်ငံခြားပညာတော်သင် စေလွှတ် မည်ဟု တရားဝင်ကြေညာပြီး သတင်းစာမှအတိအလင်းခ်ါယူခဲ့တာမို့ ၀င်ရောက်လျှောက်ထားသူများပြားလှစွာထဲမှ ကံကောင်းထောက် မစွာ သူမ အလုပ်ရခဲ့သည်။ စိတ်ဝင်စားသောအလုပ်မို့ ပျော်ရွှင်မှုတို့က အတိုင်း အဆမဲ့စွာ ….. ။

     အဲဒီနောက်မှာတော့ သူမတို့ ထိုင်းနိုင်ငံသို့  နိုင်ငံခြား ပညာတော်သင်သွားရောက်ခဲ့ရသည်။ ပုစွန်မွေးမြူရေးကို အကြီးအကျယ် လုပ်ကိုင်နေသော သူတို့ဆီမှ နည်းပညာများကို တတ်နိုင်သလောက် သင်ကြားခဲ့ပြီး မြန်မာနိုင်ငံမှာ ပြန်လည်မွေးမြူ ရမှာဖြစ်သည်။

    သူမတို့ကလည်း တက်ကြွစွာပင်ရှိနေခဲ့သည်။ အုပ်စုတွေခွဲတော့လည်း မိန်းကလေးအများစုလုပ်ချင်ကြသော သားဖောက်လုပ်ငန်း ကို သူမ မရွေးချယ်ခဲ့။ သူမက တစ်နေရာတည်းမှာရပ်နေရတာထက် ပြေးလွှားလှုပ်ရှားနေရတာကို သဘောကျသူမို့ မွေးမြူရေး Grow-out အပိုင်းကို ယောက်ျားလေးများနှင့်အတူ လျှောက်ဖြစ်ခဲ့သည်။

    နိုင်ငံခြား ပညာတော်သင်သွားကြတော့လည်း နေပူထဲမှာပြေးလွှားလုပ်ကိုင်ရပေမယ့် ကိုယ်စိတ်ဝင်စားသောအလုပ်မို့ ပင်ပန်း သည်ဟု မထင်ခဲ့မိပေ။ လူအများကတော့ နူးညံ့သည့်ပုံစံနှင့် အမြဲအေးအေးဆေးဆေးနေတတ်သော သူမကမွေးမြူရေးအပိုင်းယူတာကို အံ့သြကြသည်။ နိုင်ငံခြားရောက်ခါစကလည်း သူမတို့ကိုကြည့်ပြီး လုပ်နိုင်ပါ့မလားဟု စူးစမ်းကြသည်။ နောက်တော့လည်း သူမတို့၏ ကြိုးစားမှုကို အသိအမှတ်ပြု ရသည်သာ။

     အလုပ်၊ ကျောင်းစာ၊ သူငယ်ချင်း တစ်ယောက်တလေနှင့်သာ အေးအေးဆေးဆေးနေတတ်ခဲ့သော သူမဘ၀မှာ အချစ်ဆိုတာ မရှိမဖြစ် အရာတစ်ခု မဟုတ်ခဲ့ပါ။ လှပသော သူမကိုစိတ်ဝင်စားသူများပေမဲ့ သူမကတော့ ရင်မခုန်တတ်ခဲ့ပေ။ အချစ်မရှိဘဲလည်း ကိုယ့် ဘ၀ကိုယ် အောင်မြင်အောင် ရပ်တည် နိုင်တာပဲလေ။ အနှောင့်အယှက်တောင် ကင်းသေး။ သူမဆန္ဒက ဘယ်သူ့ကိုမှ မမှီတွယ်ဘဲ ကိုယ့်ဘာသာကိုယ်သာ မတ်မတ်ရပ်ချင်ခဲ့တာ။ ကိုယ့်အစွမ်းအစနှင့်ကိုယ်ထိပ်ဆုံးရောက်ချင်ခဲ့တာလေ။ အချစ်အတွက်နှင့် သူမဘ၀ ရဲ့ အောင်မြင်မှုများ ထိခိုက်မှာကို မလိုလားခဲ့။ ကိုယ်ရောက်နေသောနေရာမှာ အမြင့်ဆုံးဖြစ်ချင်သည့်ဆန္ဒသည် သူမ၏အတ္တပင် ဖြစ်နေ မလားမသိ။

    အချစ်ဆိုတာကို မေ့ထားတဲ့၊ ဘေးဖယ်ထားတဲ့သူတစ်ယောက်အတွက် မဖြစ်မနေကြုံလာတဲ့ချစ်ခြင်းကတော့ သူမကို ၀မ်းနည်းကြေ ကွဲခြင်းများကိုသာ ပေးခဲ့ပါသည်။

    သူမဟာ မြန်မာမလေးမို့ သူမနှင့် လက်ထပ်သူကလည်း မြန်မာကောင်လေးတစ်ယောက်သာဖြစ်ရမယ်ဆိုတာ အထူးတလည် စဉ်းစားရန်ပင်မလိုသောအချက် ဖြစ်သည်။ ဒါပေမယ့် တကယ်တမ်း အချစ်ကိုရင်ဆိုင်ရချိန်မှာ ယုံကြည်ထားတာတွေက ဖြစ်မလာခဲ့ပါ။

     မြန်မာမလေးတစ်ယောက်က နိုင်ငံခြားသားတစ်ဦးကိုလက်ထပ်တယ်ဆိုသောကိစ္စမျိုးကို မြန်မာစိတ်ဓာတ်အပြည့်အ၀ရှိသော သူမ က ဘယ်တုန်းကမှ အားမပေး၊ လက်မခံခဲ့။

    “ငါသာဆို ဘယ်တော့မှ မယူဘူး”လို့ ပြောတတ်ခဲ့တာ။

    ခုတော့ မကြုံချင်တာတွေက မယုံကြည်နိုင်လောက်အောင် ကြုံခဲ့ပါပြီကော။

    သူ့ကို စတင်တွေ့ရှိခဲ့တာက Summit Park View Hotel ရဲ့ Seminar တစ်ခုမှာ။ သူက သူမတို့ ကုမ္ပဏီအတွက် လိုအပ်သောဆေး၊ အစာများကို တာဝန်ယူ ရောင်းချပေးနေတဲ့ ကုမ္ပဏီမှ Technician တစ်ဦးဖြစ်သည်။ အဲဒီနေ့က မမျှော်လင့်ဘဲ မန်နေဂျာရဲ့ တောင်းဆို မှုကြောင့် ၀န်ထမ်းတစ်ချို့နှင့် သူ့အကြားမှာ ဘာသာစကားအခက်အခဲကို သူမ ၀င်ဖြေရှင်းပေးခဲ့ရ သည်။ တချို့က သူပြောတာ နားလည်ပေမဲ့ သူ့ကို မေးချင်တဲ့ မေးခွန်းကို ထိထိရောက်ရောက် မမေးတတ်တာမို့ သူမပဲ စကားပြန်အနေနှင့် ဆောင်ရွက်ပေးခဲ့ရသည်။

     အဲဒီအချိန်ကတည်းက ဖြူဖွေးတဲ့ အသားအရေ၊ ကိုယ်နေဟန်ထား ကြော့ကြော့ရှင်းရှင်းနှင့် ခြောက်ပေနီးပါးရှိမယ့် သူ့ အရပ် အမောင်းတို့က  လိုက်ဖက်ညီစွာ လူချောတစ်ယောက်ဖြစ်ကြောင်းတော့ သတိထားမိသည်ပင်။

     သူမထက် သုံးလေးနှစ်ခန့်အသက်ကြီးနိုင်ပေမယ့် သူ့အသက်ဟာ ၃၀မကျော်နိုင်သေးဘူးလို့တော့ ခန့်မှန်းမိခဲ့သည်။ ကြည်လင် စူးရှသောသူ့မျက်ဝန်းများကို အနည်းငယ်သဘောကျမိသလိုရှိပေမယ့် အဲဒီအချိန်ကအနည်းငယ်မျှ ရင်မခုန်ခဲ့မိတာတော့ သေချာသည်။

     တိုက်ဆိုင်ချင်တော့ သူသည် သူမတို့ အထက်သို့ ရောက်ရှိလာမည့် နိုင်ငံခြားသားပညာရှင်ဖြစ်နေခြင်းပင်။ သူ့ နာမည်ကို ကြားထဲ က သူမကတော့ သူ့ကို မှတ်မိနေခဲ့ပြီ။ သူ့ကို ကြိုဆိုဖို့ တာဝန်ကိုလည်း သူမပဲ ယူခဲ့ရတာမို့ လေဆိပ်မှာ ပြန်ဆုံကြရသည်။ သူမ ကို ပြန်တွေ့ချိန်မှာ မြင်ရသော သူ့မျက်ဝန်းအကြည့်တို့ကြောင့် အံ့အားသင့်ရသည်။

    သူ့ပုံစံက နှစ်ပေါင်းများစွာကွဲကွာနေသောသူတစ်ယောက်ကို ပြန်တွေ့သလို နွေးထွေးလွန်းလှသည်။ သူ ရန်ကုန်မှာနေ တဲ့ ၃ရက်လုံး သူမပဲ တာဝန်ယူ လိုက်ပို့ ပေးရမယ်လို့ ပြောပြီးခါမှ ပုစွန်ကန်ပြန်ရန် အကြောင်းပေါ်လာသည်။ သူ့ထက် နှစ်ရက်စော၍ ကန်တွေဆီ သူမ ထွက်လာဖြစ်ခဲ့သည်။ သူ့ကိုတောင် နှုတ်မဆက်ဖြစ်ခဲ့။

     နောက်တစ်ခါ ပြန်တွေ့ရချိန်မှာတော့ သူ့ဘက်ကဘယ်လိုမှမမျှော်လင့်ထားသောအခြေအနေမို့ အံ့သြတကြီး သူမကို အကြာ ကြီး ငေးစိုက်ကြည့်နေခဲ့သည်။ ထိုမျက်ဝန်းထဲမှ အရိပ်အယောင်တချို့ကို သူမမြင်လိုက်ရစဉ်မှာပင် သူမ ရင်ခုန်သံတို့ စတင်ခဲ့တာ ဖြစ် သည်။

     Grow-out ယောက်ျားလေးတွေအုပ်စုထဲမှာ သူမပါနေတာကို ထူးဆန်းစွာ သူအံ့သြနေခဲ့သည်။ နောက်ပိုင်းမှာတော့ သူမရဲ့ ထက်မြက်မှုများကို သဘောကျကြောင်းကို သူ ပြန်ပြော၍ သိရသည်။

     သူနေသော လုံးချင်းအိမ်လေးနှင့် သူမတို့ နေသော အခန်းတို့က လမ်းလေးတစ်ခုသာ ခြားပါသည်။ ဒါကြောင့်ပဲ သူ့ကို မနက်မှ ညထိ အမြဲလို မြင်နေရသည်ပင်။ ပုစွန်ကန်ဆိုတာကလည်း နေ့ရော ညပါ ဂျူတီချိန် သတ်သတ်မှတ်မှတ် မရှိလောက်အောင် လုပ်စရာများနှင့် ပြည့်နှက်နေမြဲ။

    ကိုယ်တာဝန်ကျရာ Unit အသီးသီးရဲ့အခြေအနေကို အမြဲတမ်း ဂရုပြုထိန်းသိမ်း နေရတာ။ တစ်နေရာနှင့် တစ်နေရာ ဝေး ကွာလွန်း တာကြောင့် ဆက်သွယ်ရလွယ်ကူအောင် ဆက်သွယ်ရေးကိရိယာ icon ကို သုံးစွဲရလောက်အောင် သူမတို့ လုပ်ငန်း က ကြီးမား ကျယ်ပြန့်ပါသည်။ သူ့ထံမှ ကန်နှင့် ပတ်သက်သော လိုအပ်ချက်များ လှမ်းပြီး ညွှန်ကြားတတ်သလို သူမတို့ဘက်မှ လည်း ဓာတ်ခွဲခန်းမှ အဖြေများ၊ သိချင်တာများ လိုအပ်တာများကို icon နှင့်သာ လှမ်းပြောရတတ်စမြဲမို့ သူမတို့နှစ်ယောက် လူချင်း မတွေ့ဖြစ် ရင်တောင် အသံကတော့ အမြဲတမ်းလို ကြားနေခဲ့ရပါသည်။

     ပုစွန်တစ်ကောင် အရွယ်ရောက် ကြီးထွားလာအောင် ပြုစုပျိုးထောင်ရတာ အလွယ်တကူတော့ မရှိခဲ့ပါ။ ပုစွန်ကတစ်နေ့ ကို အနည်းဆုံး အစာလေးကြိမ်မှ ခြောက်ကြိမ်အထိ ကျွေးရသည်ဆိုတော့ အိမ်မှာ အစားပုတ်သော ညီမကပင် ပုစွန်က သူ့ ထက် အစား ပိုပုတ်သည်ဟု နောက်ပြောင် ရယ်မောလေသည်။ အစာကျွေး၊ စက်နှိုး၊ Chemical များ၊ ဆေးများကို လိုအပ် သလိုထည့်၊ ရေအရောင် ကြည့်၊ ပုစွန် ကျန်းမာရေးကြည့်၊ အစာကုန် မကုန်ကြည့် စသဖြင့် နာမည်တပ်၍ရသော ကိစ္စများ၊ နာမည်တပ်၍ မရသောကိစ္စများဖြင့် တစ်နေ့ တစ်နေ့ ဘယ်လိုအချိန်ကုန်သွားမှန်းပင် မသိ။

    ရက်ပေါင်း ၁၄၀ ကျော်မှ ပုစွန်ဖော်လို့ရမှာမို့ အစစ အရာရာ ဂရုစိုက်ရသည်။ ပုစွန် မွေးရသည်မှာ မွေးခါစ ကလေးထိန်း ရသလိုပင် အရမ်းကို နူးညံ့စွာ ထိန်းကျောင်းရတာ ဖြစ်သည်။ ကန်တစ်ကန်၏ အရွယ် အစားပေါ် မူတည်၍ ငွေကြေး သိန်းရာ နှင့်ချီ ရင်းရတာမို့ လည်း ပိုပြီး ဂရုစိုက်ရပါသည်။

     အဲဒီလို အခြေအနေမျိုးမှာ သူက သူမရဲ့ ဆရာနေရာကို ၀င်ရောက်လာခဲ့တာ ဖြစ်သည်။ ခုချိန်မှာတော့ ဘာသာစကား အခက်အခဲ သိပ်မရှိတော့။ သူမတို့  လူငယ်အုပ်စုက အင်္ဂလိပ်လိုတော့ ပြောနိုင်ကြပါသည်။ သူကိုယ်တိုင်ကလည်း မြန်မာ စကားနှင့် မြန်မာစာကို စိတ်ဝင်စားစွာဖြင့် သင်ကြားနေခဲ့ပြီ။ သူ့ကို မြန်မာစာ သင်ပေးရသူမှာလည်း အခြားသူ မဟုတ်။ သူနှင့် စကားပြော အဆင်ပြေသော သူမသာလျှင် ဖြစ်ခဲ့သည်။

     မနက်ပိုင်းဆို သူက ဆိုင်ကယ်ဖြင့် ကန်ပတ်ပြီး ထည့်ရမည့် ဆေးများ၊ Chemical များကို လာရောက် ညွှန်ကြားတတ်သည်။ တစ်ခါ တစ်ရံ သူ့အယူအဆ၊ ကိုယ့်အယူအဆ မတူညီစွာ ငြင်းခုံတတ်ကြသည်။ သူ့ကို မြန်မာစာသင်ပေးရင်း သူ့ဆီမှမွးမြူရေးဆိုင်ရာအတတ် ပညာတချို့ကို ပြန်လည် သင်ယူရင်းဖြင့် သံယောဇဉ်တို့က အတိုင်းအတာတစ်ခုအထိ ငြိတွယ်မိသည်။ ဒါပေမယ့် မဖြစ်နိုင်မှန်း သိနေသော သူမက တတ်နိုင်သမျှ ဝေးဝေးရှောင်နိုင်အောင် ကြိုးစားခဲ့ပါသည်။

     သူ့ရဲ့ အကြင်နာမျက်ဝန်းများကို မကြည့်မိအောင် ကြိုးစားခဲ့ရသည်။ သူ့ကို သဘောကျသော အခြားအမျိုးသမီးများရှိပေမယ့် သူ စိတ်ဝင်စားရာက သူမ ဖြစ်နေတာက ကံဆိုးတာလား၊ ကံကောင်းတာလား သူမ မဝေခွဲတတ်ခဲ့။

     ဒီလိုနှင့် ပုစွန်တစ်သုတ် မွေးပြီးခဲ့ပြီ။ ပုစွန်ဖော်ရာမှာ သတ်မှတ် တန်ချိန်ထက် ကျော်လွန် ထွက်ရှိခဲ့ တာမို့ သူဌေးရော၊ သူရော၊ သူမတို့ရော၊ အလုပ်သမားများပါ ပျော်ရွှင်ခဲ့ရသည်။ အမြတ်များထဲမှ ရာခိုင်နှုန်းအလိုက် Bonus ရကြဦးမည်ပင်။

     ခုချိန်မှာ သူမ ဘာဆက်လုပ်ရမည်နည်း။ မချစ်သင့်ဘူးဆိုတာသိသိကြီးနှင့် သူ့ကို ချစ်ခဲ့မိပြီ။ သူလည်း အနည်းငယ်တော့ နားလည်နိုင်မှာပါ။ ကိုယ် နှုတ်အမူအရာ ဘယ်လိုပဲ ထိန်းချုပ်၊ ထိန်းချုပ်မျက်ဝန်းများက ချစ်ခြင်းအကြည့်များကို မသိမ်းဆည်းနိုင်ခဲ့ပါ။

    တကယ်တော့လေ သူမဟာ မြန်မာမလေး တစ်ယောက်သာမို့ သေရင်တောင် မြန်မာပြည်မှာပဲ ခေါင်းချချင်သူပါ။ အိမ်ထောင်ပြုရင် လည်း မြန်မာကောင်လေးကိုပဲယူပြီး မြန်မာသားသမီးများကို မွေးဖွားချင်သူပါ။ နိုင်ငံခြားသား ၁ယောက်နှင့် လက်ထပ်ဖို့ဆိုတာ သူမ အတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်သောကိစ္စပင် ဖြစ်သည်၊

     သွားအတူ၊ စားအတူ၊ အလုပ်တူတူဖြင့် ရှိနေခဲ့တာ ရာသီစက်ဝန်းတစ်ပတ်လည်လို့ တစ်နှစ်ပင်ပြည့်တော့မည်။ မကြာခင် သူ စာချုပ်စေ့၍ နိုင်ငံခြားသို့ ပြန်ရတော့မည်။

    သို့ပေမဲ့ သူမတို့ ကုမ္ပဏီမှ သူ့ကို နောက်ထပ်တစ်နှစ်ငှားရမ်းဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ဒါကြောင့် သူ နိုင်ငံခြားကို ခဏပြန်ပြီး ပြန်လာ ခဲ့မည်ဟု ဆိုသည်။ သူ မပြန်ခင်မှာပဲ သူမကိုချစ်နေသည့်အကြောင်း ဖွင့်ပြောလာခဲ့သည်။ သူပြန်ချိန်မှာ ရန်ကုန်ကိုလိုက်ပို့ဖို့ တောင်း ဆိုခဲ့သည်။ ကံကောင်းချင်တော့ သူမလည်းခွင့်ရလို့ ရန်ကုန် ပြန်ရမည့်ရက်နှင့် သူ နိုင်ငံခြားသွားဖို့ ရန်ကုန်ပြန်ရမည့်ရက် တိုက်ဆိုင် သွားသည်။

     ရန်ကုန်ရောက်တော့လည်း သူ နိုင်ငံခြားသို့ ယူသွားလိုသောလက်ဆောင်ပစ္စည်းများဝယ်ခြမ်းဖို့ကိုလည်း သူမပင် တာဝန်ယူပေးခဲ့ ရပြန်သည်။ သူ မပြန်ခင် သူ့ကို ချစ်မချစ်ဆိုသောအဖြေကို ကြားသွားချင်ပါသည်ဟု ဆိုလာသော သူ့စကားကို ရှောင်တိမ်းရင်း ပြန် မည့်နေ့မှ ပြောပါရစေဟု တောင်းဆိုခဲ့မိသည်။

     သူကလည်း ကျေနပ်စွာဖြင့်ပင် သူမကို လိုက်ပို့ဖို့ တောင်းဆိုခဲ့သည်။ သူ့ရဲ့ ချစ်ခြင်းကို သူမ သိသလို သူမရင်ထဲမှာ ဘာ ရှိလဲဆိုတာ ကိုလည်း သူသိမည်ပင်။

    အဲဒီနေ့မှာ သူ့ကိုအဖြေပေးရမည့်စကားတစ်ခွန်းအတွက် သူမစဉ်းစားရတော့မည်။ မှန်ကန်သောဆုံးဖြတ်ချက်ကို သူမချနိုင်မည် လား။ သူမခေါင်းထဲတွင်အတွေးတို့ ချာချာလည်နေဆဲ။

                                                              
                                                                      လမ်းခွဲ (၁)

      သူမကို မျှော်လင့်တကြီးရှာဖွေနေဆဲမျက်လုံးတွေဟာ သူမအစား အနားကိုရောက်လာတဲ့ မီမီစိုးကိုအမြင်မှာ ဘာကြောင့် မှိုင်းညို့ သွားရတာလဲကွယ်။

     သူမဘာပြောမယ်ဆိုတာကို သူ ကြိုသိနေခဲ့လို့လား။ မီိမီစိုးလှမ်းပေးတဲ့ နှင်းဆီတစ်ပွင့်နှင့်အတူ ပြောလာတဲ့စကားအချို့ကို ကြား လိုက်ရချိန်မှာ လေယာဉ်ပေါ်တက်ဖို့ နောက်ဆုံးကျန်နေတဲ့ သူ့အမည်ကို ခေါ်နေပြီ။ တစ်ခုခုကိုပြောချင်ဟန်အားယူနေတဲ့ သူ့နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်ယင်နေတာကို မကြည့်ရက်ပေမယ့် ကံဆိုးစွာပဲ သူမ မြင်နေရပါသည်။ နောက်ပြီး သူမကိုမြင်ရလိုမြင်ရငြား ရှာဖွေနေသေးသော သူ့ မျက်ဝန်းများ။

     "သွားတော့ ချစ်သူရယ်၊ မဖြစ်နိုင်တဲ့ အခြေအနေကို ရပ်တန်းက ရပ်လိုက်ကြပါစို့။"

     သူ့အကြည့်က သူမရှိရာဘက်ကို အရောက်မှာ အနီးရှိတိုင်တစ်ခု၏ နောက်တွင်ကွယ်လိုက်ရသည်။ သူသည် လေးလံစွာဖြင့် လက်ဆွဲအိတ်ကို ကောက်ကိုင်ရင်း မီမီိစိုးကိုစကားတစ်ခွန်းပြောကာ လှည့်ထွက်သွားတော့သည်။

     လေဆိပ်အပေါ်ထပ်သို့ သူမ အပြေးတက်သွားမိသည်။ ကားပေါ်သို့ နောက်ဆုံးတက်သောခရီးသည်မှာ သူ တစ်ယောက်တည်းပင်။

     ကားပေါ် အတက်မှာ စိတ်ရဲ့ နှိုးဆော်ချက်လား၊ သူမကပဲ သူ့ကို စူးစူးစိုက်စိုက်ကြည့်နေမိလို့ပဲလား မသိ။ သူ့ ကိုယ် ဆတ်ခနဲ တချက်တုန်သွားကာ သူမရှိရာဘက် လှည့်ကြည့်လာခဲ့သည်။ ရှောင်ရန်အချိန်မရသလို၊ ရှောင်ဖို့လည်း စိတ်မကူးတော့ဘဲ မျက်ရည် များနှင့် သူ့ကိုသာ ငေးကြည့်နေမိတော့သည်။

    သူလည်း အသိကင်းမဲ့သူတစ်ယောက်ပမာ သူမကိုငေးမောလျှက်၊ ကားပေါ်ကဟွန်းသံတစ်ချက် ထွက်လာတာမို့ အားနာသလို ကားပေါ်ကိုတစ်ချက်လှမ်းကြည့်ရင်း သူမကို နက်နက်နဲနဲကြည့်ပြီး စကားတစ်ခွန်းကို ပါးစပ်လှုပ်ရုံလေးပြောကာ ကားထဲဝင်သွားပြီး လုံးဝလှည့်မကြည့်တော့ပါ။ သူပြောသွားသည့်စကားကိုကြားလိုက်ရသည့် သူမ ခြေလှမ်းများပင် ယိုင်လဲသွားတော့သည်။ သူများတွေ ၀ိုင်းကြည့်နေကြတာကို သတိမရတော့ဘဲ မီမီိစိုးရင်ခွင်ထဲဝင်ကာ ငိုကြွေးလိုက်မိသည်။

     မီမီိစိုးသည်လည်း သူမတို့ နှစ်ယောက်ရဲ့ သံယောဇဉ်ကို သိနေတာမို့  နှစ်သိမ့်ဖို့ မကြိုးစားခဲ့ပေ။ သူမ မျက်စိရှေ့ မှာပင် သူ့ ကို တင်ဆောင်သွားသော လေယာဉ်ပျံကြီး ထွက်ခွာသွားခဲ့ပြီ။ မြင်ကွင်းထဲမှ လေယာဉ်ပျံ ပျောက်ကွယ်သွားသည်ထိ ငေး မောနေမိသော သူမကို မီမီိစိုးက စိတ်ရှည်လက်ရှည် စောင့်ပေးနေခဲ့သည်။ သူမရင်ကို အထိခိုက်ဆုံးကတော့ သူရဲ့နောက်ဆုံး စကား။

    ‘La corn’ တဲ့လားကွယ်။ ဘယ်တော့မှ ပြန်မတွေ့ကြတော့တဲ့ သူတွေ၊ အပြီးအပိုင်လမ်းခွဲတဲ့သူတွေမှသာသုံးတဲ့ စကားနှင့် သူမ ကို နှုတ်ဆက်သွားပြီပေါ့။ သူမတို့ နှစ်ယောက် တကယ့်ကိုအပြီးတိုင်ဝေးကြပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့နော်။

     ဒါဟာလည်း သူမကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းကြောင်းပဲလေ။ အဲဒီလမ်းကြောင်းပေါ်မှာ မယိမ်းမယိုင်တည့်မတ်အောင် ကြိုးစားလျှောက်လှမ်းရမည်ပေါ့။ အဲဒီအတွက် ခံစားသွားရသော နှလုံးသား၏ နာကျင်မှုကိုတော့ သူမ ရင်ဆိုင်နိုင်အောင် ကြိုး စားရဦးမည်ပင်။


                                                                         လမ်းခွဲ (၂)

      ချစ်သူအစား သူ့အနားကိုရောက်ရှိလာသော မြန်မာမလေးကိုအမြင်မှာ ချစ်သူရဲ့ အဖြေကို သူ ရိပ်မိသိရှိသွားခဲ့ပြီ။ ကောင်မလေးက မျက်နှာမကောင်းစွာနှင့်ပင် နှင်းဆီအနီရဲရဲတစ်ပွင့်နှင့်အတူ သူ့ရင်ကို စူးရှစေမည့်စကားတချို့ကို ပြောခဲ့လေသည်။

     “ဆရာ့အတွက် သူပေးလိုက်တာပါ။ နောက်ပြီးတော့ သူမှာလိုက်တယ် ဆရာ၊ သူအလုပ်က ထွက်တော့မယ်တဲ့၊ အဲဒါဟာ သူနှင့် ဆရာ့အတွက် အကောင်းဆုံးဖြစ်ဖို့ သူ ရွေးချယ်လိုက်တာပါတဲ့။”

     “မဟုတ်ဘူး မီမီစိုး မင်း သူ့ကို ပြောလိုက်ပါ။ ဒီအလုပ်က မထွက်ပါနှင့်လို့။ ဒီအလုပ်ကို သူ ဘယ်လောက် ၀ါသနာပါတယ်၊ စိတ်ဝင် စားတယ်ဆိုတာ မင်းတို့ ဆရာတို့ အသိပဲလေ။ ကျွမ်းကျင်တဲ့ ပုစွန်မွေးမြူရေးပညာရှင်တစ်ယောက်ဖြစ်အောင်ကြိုးစားနေတဲ့ လူ တစ်ယောက်ကို ဆရာ့ကြောင့် လမ်းကြောင်းပျောက်မသွားစေချင်ဘူး။ သူကျွမ်းကျင်တဲ့ဘာသာရပ်၊ သူ စိတ်ဝင်စားတဲ့ အလုပ်ကို သူ ဆက်လုပ်ပါစေ၊ သူ ချစ်တဲ့ပုစွန်တွေနှင့်အတူ သူပျော်တဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်လှုပ်ရှားပြီးအောင်မြင်တဲ့ပညာရှင် တစ်ယောက်ဖြစ်အောင် ကြိုးစားပါလို့ ပြောလိုက်ပါ။ နောက်တစ်နှစ်မှာ ဆရာ့ကို စာချုပ်နဲ့  ဆက်ငှားထားတာကို လက်မခံဘဲ  အခြား တစ်ယောက်ကို အစားထိုး လွှတ်ဖို့ စီစဉ်လိုက်ပါ့မယ်။ မင်း သူ့ကို ဂရုစိုက်လိုက်ပါနော်။”

    “စိတ်ချပါ ဆရာ”

     “မင်းတို့ နှစ်ယောက်လုံးကို တစ်ခါတည်း နှုတ်ဆက်လိုက်ပါရစေ La corn”

     ပြောပြီးတာနှင့် လုံးဝ လှည့်မကြည့်ဘဲ သူထွက်လာခဲ့သည်။ ကားပေါ်အတက် သူမနှင့်မျက်ဝန်းချင်းအဆုံမှာ အရာရာကို နားလည်ပေးရင်းနှင့် ရင်နာစွာနှင့်ပင် “La corn” ဟုထပ်ပြီး နှုတ်ဆက်ခဲ့ပါသည်။ ဒီလောက်ဆို သူမလည်း သူ့ ဆုံးဖြတ် ချက်ကို သိလောက်ပြီပေါ့။ တကယ်တော့ သူလည်း သူ့နိုင်ငံကို ချစ်တာပါပဲလေ။ ဘယ်လောက်ပဲ မြန်မာမလေး တစ်ယောက်ကို ချစ်ချစ် မြန်မာပြည်မှာ တစ်သက်လုံးမှ နေမသွားနိုင်တာ။ သူမမှာလည်း သူ့လိုပင် နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသော၊ ကိုယ့်ရေမြေကို မစွန့်ခွာချင်သော အတွေးတို့ ရှိပါလိမ့်မည်။ မဖြစ်နိုင်သောဇာတ်လမ်းကို သူမက ရှေ့ဆက်ခွင့်မရအောင် ဖြတ်တောက်ခဲ့လေပြီ။ သူ့ လက်ထဲမှာတော့ သူမပေးလိုက်သည့် အနီရောင်နှင်းဆီတစ်ပွင့်။

      ထိုနှင်းဆီပွင့်ထဲတွင် ထပ်မံ ပြောခွင့်မရလိုက်သော သူ၏ချစ်စကားများနှင့် ပြန်မဖြေဖြစ်လိုက်သော သူမ၏ချစ်ခြင်းတို့ ပါဝင် ပေါင်းစည်းနေလိမ့်မည်ဟု သူယုံကြည်ပါသည်။ သူမလည်း သူ့ကို ချစ်နေကြောင်း သူ နားလည်နေတာပဲလေ။

     သူ့နိုင်ငံ ပြန်ရောက်တဲ့အခါ သူ နေသားကျအောင် အတော်လေးကို ကြိုးစားရပါဦးမည်။ သူဟာလည်း သူ့ နိုင်ငံကိုချစ်သူ ပီပီ သူ့နိုင်ငံမှာ နေထိုင်ရင်း အချစ်တစ်ခုကို ကြိုးစားမေ့ပျောက်ကာ ဘ၀တစ်ခုကို တည့်မတ်အောင် ထူထောင်ရပေဦးမည်။

     ကျင်လည်နေကျ ပုဇွန်ကန်နှင့် ပတ်သက်သော အလုပ်များကို လုပ်ကိုင်ရင်း ပျော်ရွှင်စရာကောင်းသော မြန်မာပြည်နှင့် ချစ် စရာကောင်းသော မြန်မာမလေးတစ်ယောက်ကို မေ့နိုင်ဖို့ကိုတော့ နှစ်ပေါင်းများစွာ ကြိုးစားရပေဦးမည်။

     အဝေး ကနေပဲ ချစ်သူ၏ အောင်မြင်မှုကို မျှဝေ ခံစား ကျေနပ်နေရင်းနှင့်သာ ………..


မကုန်နိုင်သော ချစ်ခြင်း

မရောင့်ရဲနိုင်သော တမ်းတခြင်းတို့ဖြင့်

တစ်ခါက ချစ်ခဲ့ဖူးသော

မြန်မာမလေး တစ်ယောက်ကို

တစ်သက်လုံး

သူ သတိရနေဦးမှာပါ ………. ။


                                                                                                            မေဇူး

                                                                                       ၂၀၀၂ ခုနှစ်၊ မတ်လ၊ အပျိုစင် မဂ္ဂဇင်း


No comments:

Post a Comment